Ad

Slider

သူဋ္ဌေးဖြစ်လိုပါက ၀န်ထမ်း မလုပ်ကြရန် နိုင်ငံတော်အတိုင်ပင်ခံ ပြော

Photo by http://www.statecounsellor.gov.mm
ပူတာအို၊ ဇန်န၀ါရီ ၁၀

အစိုးရ၀န်ထမ်းများမှာ ပြည်သူများက ယုံကြည်မှု ရှိစေရန် လုပ်ဆောင်ရမည်ဖြစ်ပြီး သူဋ္ဌေးဖြစ်လိုပါက ၀န်ထမ်းမလုပ်ကြရန် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

ဇန်န၀ါရီလ ၉ ရက်က ကချင်ပြည်နယ်၊ အထက်နမ့်ထွမ် ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံ ဖွင့်လှစ်ပွဲ တက်ရောက်ပြီး မိန့်ခွန်းပြောကြားရာတွင် ယင်းကဲ့သို့ ထည့်သွင်း ပြောဆိုခြင်း ဖြစ်သည်။

“ဝန်ထမ်းလုပ်တယ်ဆိုတာ သူဋ္ဌေးဖြစ်ဖို့ လုပ်တာမဟုတ်ဘူး။ သူဋ္ဌေးဖြစ်ချင်ရင်တော့ စီးပွားရေးလုပ်ဖို့ပဲ ရှိတယ်။ အဲဒီတော့ ဝန်ထမ်းတွေဟာ သူဋ္ဌေးဖြစ်ချင်လို့ အစိုးရအဖွဲ့ထဲ ဝင်တာ၊ အစိုးရဝန်ထမ်းလုပ်တာ လုံးဝ မသင့်တော်ပါဘူး။ ဒါကို ဘာဖြစ်လို့ ကျွန်မ သတိပေးရတာလဲဆိုတော့ ကျွန်မတို့ရဲ့ နိုင်ငံသူနိုင်ငံသားတွေဟာ ဝန်ထမ်းတွေအပေါ်မှာ အခုထက်ထိ ၁၀ဝ ရာခိုင်နှုန်း ယုံကြည်မှုရှိတယ်လို့ ပြောလို့ မရသေးပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အဆိုပါ ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံဖွင့်ပွဲသို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင်၊ ဒုဝန်ကြီး ဒေါက်တာထွန်းနိုင် အပါအ၀င် ဒေသအခြေပြု လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူများ တက်ရောက်ကြသည်။

“ပြည်သူပြည်သားတွေက နိုင်ငံ့ဝန်ထမ်းတွေအပေါ်မှာ ယုံကြည်မှုရှိနေမှ ကျွန်မတို့ နိုင်ငံဟာ အမှန်တကယ် တိုးတက်တဲ့ နိုင်ငံလို့ ခေါ်နိုင်မှာပါ။ ဖွံ့ဖြိုးတိုးတက်ခြင်းဆိုတာဟာ တချို့တွေကတော့ နိုင်ငံရဲ့ ဘဏ္ဍာ အနေအထား၊ နိုင်ငံရဲ့ တစ်ဦးချင်း ပျမ်းမျှခြင်းတွေကို ကြည့်ပြီးတော့ တွက်ကြပါတယ်။ နိုင်ငံတစ်နိုင်ငံဟာ ချမ်းသာသလား၊ ဆင်းရဲသလား။ ကျွန်မတို့ကတော့ ဒီလိုတွက်လို့ မရဘူးလို့ ထင်ပါတယ်။ နိုင်ငံ တစ်နိုင်ငံ ချမ်းသာသလား၊ ဆင်းရဲသလားဆိုတာ ပထမဦးဆုံးက ဘယ်လောက် ညီညွတ်မှုရှိသလဲဆိုတာ ကြည့်ပြီး တွက်ရမှာ ဖြစ်ပါတယ်” ဟု နိုင်ငံတော်အတိုင်ပင်ခံက ဆိုသည်။

အထက်နမ့်ထွမ် ရေအားလျှပ်စစ်စီမံကိန်းသည် ပူတာအိုမြို့ အနောက်ဘက် ခုနှစ်မိုင်ခန့်အကွာတွင် တည်ရှိကာ စက်တပ်ဆင် အင်အား ၃ ဒသမ ၂ မဂ္ဂါဝပ်ရှိပြီး ပူတာအိုမြို့ပေါ် ရပ်ကွက် (၁၀) ရပ်ကွက်နှင့် မချမ်းဘောမြို့ပေါ်ရပ်ကွက် (၄) ရပ်ကွက် အပါအဝင် ပတ်ဝန်းကျင် ကျေးရွာ( ၂၃ ) ရွာအား ၂၄ နာရီ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက် ရှိသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
0

No comments

Post a Comment

Mega Menu

blogger
© all rights reserved
made with by templateszoo