Ad

Slider

တပ်သိမ်းမြေများ ပြန်ပေးမှာ မဟုတ်သလို လျော်ကြေးလည်း ပေးမည်မဟုတ်ဟု ကာကွယ်ရေး ဒုဝန် ပြော

ရန်ကုန်၊ ဇွန် ၂၁

ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ တောင်သူပိုင်မြေများကို နယ်မြေခံတပ်ရင်းတပ်ဖွဲ့များက သိမ်းယူထားမှုအပေါ် ပြန်ပေးမည်မဟုတ်ကြောင်းနှင့် လျော်ကြေးငွေများလည်း ပေးသွားမည် မဟုတ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြောဆိုလိုက်သည်။

ဇွန်လ ၂၀ ရက် အမျိုးသားလွှတ်တော် အစည်းအဝေး၌ တပ်မှ သိမ်းဆည်းထားသည့် ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ ဟူးမွန်းကျေးရွာအုပ်စု၊ ခေခမ်းကျေးရွာရှိ ဒေသခံတောင်သူ ၄၆ ဦး၏ ယာမြေနှင့် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်းရှိ တပ်သိမ်းမြေများ ပြန်ပေးရန် ရှိ-မရှိနှင့် လျော်ကြေးပေးရန် ရှိ-မရှိအား ရှမ်းမဲဆန္ဒနယ် (၃) မှ ဦးစိုင်းဝမ်းလှိုင်းခမ်းနှင့် ရခိုင် မဲဆန္ဒနနယ် (၁၁) မှ ဒေါ်ထုမေတို့က မေးမြန်းမှုနှင့် ပတ်သက်၍ ယခုကဲ့သို့ ပြောဆို ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

“ကျန်ရှိသော မြေများတွင် တပ်ရင်းတပ်ဖွဲ့များမှ လူအင်အား၊ ရင်းနှီးမတည်ငွေများ စိုက်ထုတ်၍ ရာဘာစိုက်ပျိုးခြင်း၊ ပုဇွန်မွေးမြူခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး အစိုးရ၏ စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေများကိုသာ လုပ်ပိုင်ခွင့်လျှောက်ထား ရယူခဲ့ခြင်းများဖြစ်သောကြောင့် ပြန်လည်စွန့်လွှတ်ပေးနိုင်ခြင်း မရှိပါကြောင်းနှင့် လျော်ကြေးငွေများ ပေးချေနိုင်ခြင်း မရှိပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်” ဟု ကာကွယ်ရေး ဒုဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြောသည်။

တပ်ဘက်မှ သိမ်းယူထားသော မြေအချို့ကိုမူ ပြန်လည်ပေးအပ်သင့်သူများကို ပေးအပ်ပြီးဖြစ်ကြောင်း ကာကွယ်ရေး ဒုဝန်ကြီးက ထည့်သွင်းရှင်းလင်းသွားခဲ့သေးသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
0

No comments

Post a Comment

Mega Menu

blogger
© all rights reserved
made with by templateszoo