![]() |
Photo - liveglobal.org |
စည်ပင်သာယာရေးအဖွဲ့ အုပ်ချုပ်မှုအောက်ရှိ အများပိုင်လမ်းနှင့် စင်္ကြံများပေါ်တွင် ဆော့ကစားခြင်း ပြုလုပ်မည်ဆိုပါက ငွေဒဏ်အပြင် ထောင်ဒဏ်များပါ ချမှတ်နိုင်မည့် ပြဋ္ဌာန်းချက်များကို အတည်ပြုရန် ကျန်ရှိနေသေးသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေကြမ်း၌ ထည့်သွင်း ရေးဆွဲထားသည်။
ယင်းစည်ပင်ဥပဒေကြမ်းပါ ပြစ်မှုပြစ်ဒဏ် ပြဋ္ဌန်းချက် ပုဒ်မ ၃၇၉ (ည) တွင် “မြို့တော်နယ်နိမိတ်အတွင်း လမ်းနှင့်စင်္ကြံများပေါ်တွင် အညစ်အကြေးစွန့်ခြင်း၊ ရေချိုးခြင်း၊ အ၀တ်လျှော်ခြင်း၊ အ၀တ်လှန်းခြင်းနှင့် ကစားခြင်းတို့ ပြုလုပ်ပါက ငွေကျပ် ငါးသောင်းမှ တစ်သိန်းအထိ ဖြစ်စေ၊ ထောင်ဒဏ် ခြောက်လဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်အပြစ်ပေးရမည်”ဟု ပြဋ္ဌာန်းထားခြင်း ဖြစ်သည်။
လက်ရှိကျင့်သုံးဆဲဖြစ်ပြီး ၂၀၁၃ ခုနှစ်က ပြဋ္ဌာန်းထားသော ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး ဥပဒေ ပုဒ်မ ၆၇ (က) တွင်လည်း “အများပြည်သူ သွားလာသည့်လမ်းပေါ်တွင် မည်သည့်ကစားနည်းမျိုးမျှ ကစားခြင်း မပြုရ” ဟု ကန့်သတ်ထားပြီး ပြစ်မှုကျူးလွန်ပါက အနည်းဆုံး ငွေကျပ် နှစ်ထောင်မှ အများဆုံး ငွေကျပ် နှစ်သောင်းအထိ ချမှတ်ရမည်ဟု ဖော်ပြထားသည်။
အများပြည်သူပိုင်လမ်းနှင့် စင်္ကြံများပေါ်တွင် ခွင့်ပြုချက်မရှိဘဲ ရောင်းချနေသည့် ဈေးဆိုင်များနှင့် ပတ်သက်၍လည်း ယခု စည်ပင်ဥပဒေကြမ်း ပုဒ်မ ၃၇၉ (စ) တွင် “ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ အများပြည်သူဆိုင်ရာလမ်း၊ စင်္ကြံအပေါ်တွင် ကုန်ပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်း၊ အိမ်ထောင်ပရိဘောဂ၊ ပစ္စည်းများ စုပုံခြင်း၊ ရောင်းချခြင်း၊ ခင်းကျင်းခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ နေလှန်းခြင်း” တို့ ပြုလုပ်ပါက ပထမအကြိမ် ကျူးလွန်ခြင်းလျှင် ငွေကျပ် တစ်သိန်းမှ ငါးသိန်းအထိ ဖြစ်စေ၊ ထောင်ဒဏ် ခြောက်လအထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြထားသည်။ ထို့ပြင် ယင်းပြစ်မှုအား ဆက်လက်ကျူးလွန်ပါက ထောင်ဒဏ် တစ်နှစ်အထိ ချမှတ်ရမည်ဟု ထပ်ဆင့် ပြဋ္ဌာန်းထားသည်။
အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
No comments
Post a Comment