Ad

Slider

ခြေ/ဥ ပြင်ဆင်ရေးကို အဓိက လုပ်ဆောင်မည်ဟု သမ္မတ ဦးဝင်းမြင့် ပြော

ရန်ကုန်၊ မတ် ၃၀

အစိုးရ၏ ဦးစားပေးရည်မှန်းချက်ပန်းတိုင်သုံးရပ်အနက် တစ်ခုဖြစ်သည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သမ္မတ ဦးဝင်းမြင့်က ယနေ့ ပြောဆိုလိုက်သည်။

မတ်လ ၃၀ ရက်က ပြည်ထောင်စုလွှတ်တော်၌ ပြုလုပ်ခဲ့သော သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲအပြီး ပြောဆိုခဲ့သည့် သမ္မတ၏ ပထမဆုံး မိန့်ခွန်းတွင် ယင်းကဲ့သို့ ထည့်သွင်းပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ကျွန်တော့်အနေနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ဦးစားပေးရည်မှန်းချက်ပန်းတိုင်တွေဖြစ်တဲ့ (၁) တရားဥပဒေ စိုးမိုးရေးနဲ့ ပြည်သူများရဲ့ လူမှုစီးပွားဘ၀ တိုးတက်မြင့်မားရေး (၂) အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး (၃) ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတို့ကို ဦးတည်ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု သမ္မတ ဦးဝင်းမြင့်က မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုထားသည်။

အဆိုပါ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ခဲ့ကြပြီး သမ္မတ ဦးဝင်းမြင့်အပြင် ဒုသမ္မတများဖြစ်သည့် ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူတို့လည်း သမ္မတနည်းတူ ပြန်လည်အရွေးချယ်ခံခဲ့သူများဖြစ်သဖြင့် ကျမ်းသစ္စာ ပြန်လည် ကျိန်ဆိုခဲ့ကြသည်။

လက်ရှိ မြန်မာနိုင်ငံမှာ ဆင်းရဲနေသည့်အပြင် နိုင်ငံတကာ ဖိအားများနှင့် ကြုံတွေ့နေရကြောင်းကိုလည်း သမ္မတ ဦးဝင်းမြင့်က “ဒီကနေ့ ကျွန်တော်တို့နိုင်ငံဟာ အဘက်ဘက်မှာ လိုအပ်ချက်တွေ၊ ဆင်းရဲနွမ်းပါးဆဲဖြစ်တာကြောင့် နေရာကဏ္ဍအသီးသီးမှာ အများကြီး ဆက်လက်ရုန်းကန်ကြရဦးမှာ ဖြစ်ပါတယ်။ နိုင်ငံတကာ မျက်နှာစာမှာလည်း ဖိအားပေးမှုတွေ၊ ဝေဖန်မှုတွေနဲ့ အထင်အမြင် လွဲမှားနေတာလည်း ရင်ဆိုင်နေရပါတယ်။ ကျွန်တော်တို့နိုင်ငံနဲ့ ကျွန်တော်တို့ ပြည်သူတွေ ဒီကနေ့ တွေ့ကြုံရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကလည်း မနည်းလှပါဘူး။ အရာရာတိုင်းကို လွယ်လင့်တကူ ဖြေရှင်းနိုင်မှာ မဟုတ်ပေမယ့်လည်း ကျွန်တော့်အနေနဲ့ အစွမ်းကုန် ကြိုးပမ်းအားထုတ်ပြီး ဦးစားပေးကဏ္ဍအလိုက် ဖြေရှင်းဆောင်ရွက်သွားရမှာပဲ ဖြစ်ပါတယ်” ဟု ထည့်သွင်း ပြောဆိုခဲ့သေးသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
0

No comments

Post a Comment

Mega Menu

blogger
© all rights reserved
made with by templateszoo