Ad

Slider

ရှစ်ရက်အတွင်း ငလျင် ရှစ်ကြိမ်လှုပ်ခဲ့

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်မှ ၉ ရက်အထိ ရှစ်ရက်တာ ကာလအတွင်း မြန်မာနိုင်ငံအတွင်း ငလျင် ရှစ်ကြိမ် လှုပ်ခဲ့ကြောင်း နေပြည်တော် မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သော ကိန်းဂဏန်းများအရ သိရသည်။

ဖေဖော်ဝါရီလ ၂ ရက် နံနက် ၇ နာရီ ၁၉ မိနစ်ခန့်တွင် ဗန်းမော်မြို့ အရှေ့တောင်ဘက် ၂၄ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်ခ်တာစကေး ၄.၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်။

ဖေဖော်ဝါရီလ ၃ ရက်ညပိုင်း ၁၀ နာရီခန့်တွင် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၏ အနောက်မြောက်ဘက် ၂၈ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်ခ်တာစကေး ၅.၁ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မိုး/ဇလ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။

ဖေဖော်ဝါရီလ ၄ ရက် နေ့လယ် ၃ နာရီ ၁၅ မိနစ်ခန့်တွင် ဧရာဝတီတိုင်း ဒေးဒရဲမြို့ အရှေ့ဘက် ၁၂ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်ခ်တာစကေး ၄.၀ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခု လှုပ်ခဲ့သည်။

ဖေဖော်ဝါရီလ ၅ ရက် ညပိုင်း ၁၁ နာရီခွဲခန့်တွင် ပဲခူးတိုင်း၊ ဖြူးမြို့၏ အနောက်တောင်ဘက် မိုင် ၂၀ ခန့်အကွာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော မြေငလျင်မှာ အင်အား ၅.၂ အဆင့်ရှိပြီး အင်အားအသင့်အတင့်ရှိသော မြေငလျင်ဟု မိုး/ဇလက ထုတ်ပြန်ခဲ့သည်။

ဖေဖော်ဝါရီလ ၇ ရက်တွင်မူ မြေငလျင်သုံးခုလှုပ်ခတ်ခဲ့သည်။ ယင်းနေ့ နံနက် ၂ နာရီခွဲခန့်က စစ်ကိုင်းတိုင်း၊ ကလေးမြို့ တောင်နှင့် အနောက်တောင်ဘက် ၂၀ မိုင်ခန့်အကွာကို ဗဟိုပြု၍ ပြင်းအား  ၃.၈ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်။ ယင်းနေ့ ညပိုင်း ၁၀ နာရီ ၄၈ မိနစ်ခန့်တွင် ဖြူးမြို့ အနောက်တောင်ဘက် ၁၅ မိုင်ခန့်အကွာတွင် ပြင်းအား ရစ်ခ်တာစကေး ၄.၄ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကာ ၁၁ နာရီ ရှစ်မိနစ်တွင်မူ ယင်းမြို့ အနောက်တောင်ဘက် ၁၆ မိုင်ခန့်အကွာတွင် အင်အား ၄.၅ အဆင့်ရှိ မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့သည်။

ပဲခူးတိုင်း ဖြူးမြို့နယ်အနီးပတ်ဝန်းကျင်တွင် သုံးရက်တာကာလအတွင်း သုံးကြိမ်အထိ ငလျင် လှုပ်ခဲ့ခြင်းလည်း ဖြစ်သည်။

ရှစ်ရက်တာအတွင်း နောက်ဆုံး လှုပ်ခတ်ခဲ့သည့် မြေငလျင်မှာ ရခိုင်ပြည်နယ်၊ သံတွဲမြို့ တောင်နှင့် အနောက်တောင်ဘက် ၁၇ မိုင်ခန့်အကွာတွင် လှုပ်ခတ်ခဲ့သော ငလျင်ဖြစ်ပြီး ရစ်ခ်တာစကေး ၄.၆ အဆင့်ရှိကြောင်း မိုး/ဇလ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

မြန်မာပြည်တွင်း မဟုတ်သော်လည်း ယင်းရှစ်ရက်တာကာလအတွင်းဖြစ်သည့် ဖေဖော်ဝါရီလ ၆ ရက်တွင် ထိုင်ဝမ်၌ အင်အား ရစ်ခ်တာစကေး ၆.၂ အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့သေးပြီး နိုင်ငံတကာသတင်းဌာနများတွင်မူ အင်အား ၆.၄ အဆင့်ရှိသည်ဟု ဖော်ပြထားသည်။

ယင်းငလျင်ကြောင့် လူ ၁၈ ဦးအထိ သေဆုံးမှုရှိခဲ့ပြီး လူပေါင်း ၁၀၀ ကျော်ခန့်မှာလည်း အပျက်အစီးများ ပိတ်မိလျက်ရှိကြောင်း နိုင်ငံတကာသတင်းများတွင် ရေးသားထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
0

No comments

Post a Comment

Mega Menu

blogger
© all rights reserved
made with by templateszoo