Ad

Slider

ဧရာတိုင်းဝန်ကြီးချုပ်နှင့် ၀န်ကြီး နုတ်ထွက်

ဧရာဝတီတိုင်း ၀န်ကြီးချုပ် (ဦး)မန်းဂျော်နီ
ရန်ကုန်၊ ဇန်န၀ါရီ ၁၀

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်အတွင်း ဧရာဝတီတိုင်း ၀န်ကြီးချုပ် (ဦး)မန်းဂျော်နီနှင့် ဧရာဝတီတိုင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ၀န်ကြီး ဦးဘဟိန်းတို့ကို ၎င်းတို့၏ သဘာဆန္ဒအလျောက် နုတ်ထွက်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ဇန်န၀ါရီလ ၉ ရက် နေ့စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

သမ္မတဦးထင်ကျော် လက်မှတ်ဖြင့် ထုတ်ပြန်လိုက်သည့် ယင်းသတင်းထုတ်ပြန်ချက်တွင် ဧရာတိုင်းဝန်ကြီးချုပ်နှင့် ၀န်ကြီးတို့ ရာထူးမှ နုတ်ထွက်ခြင်းမှာ အခြေခံဥပဒေပုဒ်မ ၂၆၄ (က) ပါ ပြဋ္ဌာန်းချက်အရ ဖြစ်ပြီး ယင်းပြဋ္ဌာန်းချက်တွင် “တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ၀န်ကြီးတစ်ဦးဦးသည် ရာထူးသက်တမ်း မကုန်ဆုံးမီ အကြောင်းတစ်ခုခုကြောင့် မိမိသဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်လိုလျှင် ထိုသို့ နုတ်ထွက်လိုကြောင်း နိုင်ငံတော်သမ္မတထံ စာဖြင့် တင်ပြပြီး ရာထူးမှ နုတ်ထွက်နိုင်သည်” ဟု ဖော်ပြထားသည်။

(ဦး) မန်းဂျော်နီကို ၁၉၄၂ ခုနှစ် ဇန်န၀ါရီလ ၃၀ ရက်နေ့က မွေးဖွားခဲ့ခြင်းဖြစ်ပြီး ပညာရေးဝန်ထမ်းအဖြစ် လက်ထောက်မြို့နယ် ပညာရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီသို့ ၀င်ရောက်ခဲ့ပြီး ပါတီမှ နုတ်ထွက်ရန် စစ်အစိုးရက ဖိအားပေးမှုကို ငြင်းဆန်ခဲ့သည့်အတွက် အကြိမ်ကြိမ် ဖမ်းဆီးထောင်ချခြင်း ခံခဲ့ရဖူးသည်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်၊ အမှတ် (၁) မဲဆန္ဒနယ်မြေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခြင်း ခံခဲ့ရဖူးသည်။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် မြောင်းမြ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ၂၀၁၅ တွင် ကျုံပျော်၊ တိုင်းဒေသကြီး အမှတ် (၂) ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရကာ တိုင်းဝန်ကြီးချုပ် ဖြစ်လာသူ ဖြစ်သည်။

စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ၀န်ကြီး ဦးဘဟိန်းမှာ ဇန်န၀ါရီလ ၂ ရက်နေ့ကတည်းက နုတ်ထွက်စာတင်ခဲ့ခြင်းဖြစ်ပြီး ယင်းသို့ နုတ်ထွက်စာရန်တင်ရန် ပါတီမှ ညွှန်ကြားထားခြင်းဖြစ်ကြောင်း ဇန်န၀ါရီလ ၈ ရက်ထုတ် သံတော်ဆင့် နေ့စဉ်သတင်းစာတွင် ပါတီတာဝန်ရှိသူတစ်ဦးအား ကိုးကား၍ ဖော်ပြထားသည်။

လစ်လပ်သွားသည့် ၀န်ကြီးချုပ်နှင့် ၀န်ကြီးနေရာအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ ဖြည့်စွက်ခန့်ထားရမည်ဖြစ်ကာ ခန့်အပ်ခြင်းခံရသူ၏ ရာထူးသက်တမ်းသည် နိုင်ငံတော်သမ္မတ၏ ကျန်ရှိသည့် ရာထူးသက်တမ်းအတိုင်းသာ ဖြစ်ရမည် ဖြစ်သည်။

လတ်တလောတွင် လစ်လပ်နေသည့် ဧရာတိုင်း ၀န်ကြီးချုပ်ရာထူးအတွက် အစားထိုးခန့်အပ်ဖွယ်ရှိသူဟု တစ်ပြေးနေသူမှာ ဧရာတိုင်း လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးဖြစ်ကာ သူမဟာ တိုင်းအစိုးရအဖွဲ့အတွင်း တစ်ဦးတည်းသော အမျိုးသမီးဝန်ကြီးဖြစ်သည်။

လတ်တလောတွင် ၀န်ကြီအဖြစ်မှ နုတ်ထွက်ရန်အတွက် စာတင်ထားသူများလည်း ရှိကာ မကွေးတိုင်းဒေသကြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီး ဦးနေမျိုးကျော်လည်း ၀န်ကြီးရာထူးမှသာမက လွှတ်တော်ကိုယ်စားလှယ်နှင့် ပါတီဝင်အဖြစ်မှပါ နုတ်ထွက်ခွင့်ပြုရန်အတွက် ဇန်န၀ါရီလ ၅ ရက်နေ့က စာတင်ထားသည်။ ထို့ပြင် ပဲခူးတိုင်းမှ အစိုးရအဖွဲ့ဝင် ၀န်ကြီးနှစ်ဦးကိုလည်း နုတ်ထွက်စာတင်ရန်အတွက် ပါတီက ညွှန်ကြာထားသေးသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
0

No comments

Post a Comment

Mega Menu

blogger
© all rights reserved
made with by templateszoo