![]() |
Photo : President Office |
၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်ကို အောက်တိုဘာလ ၁ ရက်မှ စက်တင်ဘာလ ၃၀ ရက်အထိ ပြောင်းလဲပြင်ဆင် သတ်မှတ်မည်ဖြစ်ရာ ဘဏ္ဍာရေးနှစ် မစတင်မီ အကူးအပြောင်းခြောက်လတာအတွင်း ဘက်ဂျက်လိုငွေ ကျပ် ဘီလျံ ၈၀၀ ကျော် ရှိမည်ဖြစ်ကြောင်း ဘဏ္ဍာရေးကော်မရှင် ဒုဥက္ကဋ္ဌ ဦးဟင်နရီဘန်ထီးယူက ကော်မရှင်သို့ တင်ပြထားသည်။
ဇန်န၀ါရီလ ၉ ရက်က နိုင်ငံတော်သမ္မတအိမ်တော်တွင် ပြုလုပ်သည့် ကော်မရှင်အစည်းအဝေးတွင် တင်ပြခဲ့ခြင်းဖြစ်ကာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကုန်ဆုံးမည့် မတ်လ ၃၁ ရက်နေ့ နောက်ပိုင်း ဧပြီလ ၁ ရက်မှ ပြောင်းလဲပြင်ဆင်သတ်မှတ်သည့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် မရောက်မီ စက်တင်ဘာလ ၃၁ ရက်အထိ ခန့်မှန်းရရှိငွေမှာ ကျပ် ၃၇၆ ဒသမ ၇၄၃ ဘီလီယံရှိပြီး အသုံးစရိတ်မှာ ၁၁၉၅ ဒသမ ၈၂၀ ဘီလီယံဖြစ်သည့်အတွက် ဘက်ဂျက်လိုငွေမှာ ကျပ် ၈၁၉ ဒသမ ၀၇၇ ဘီလီယံ ရှိမည် ဖြစ်သည်။
ယင်းပမာဏမှာ တိုင်းနှင့် ပြည်နယ်များက ဘဏ္ဍရေးနှစ် အကူးအပြောင်း ခြောက်လတာကာလအတွက် တင်ပြလာသည့် ရသုံးမှန်းခြေငွေစာရင်းကို ပြန်လည်စိစစ်ပြီးနောက် ထွက်ပေါ်လာသည့် ငွေပမာဏ ဖြစ်သည်။
စိစစ်ခဲ့သည့် ကဏ္ဍများတွင် ခြောက်လတာအတွင်း အမှန်တကယ် ကုန်ကျနိုင်မည့် လစာနှင့် စရိတ် ချီးမြှင့်ငွေများ၊ ခရီးသွားလာစရိတ်များ၊ စက်သုံးဆီဝယ်ယူမှု၊ ပြင်ဆင်ထိန်းသိမ်းစရိတ် စသည့် သာမန်အသုံးစရိတ်များ ပါဝင်သည်။ ထို့ပြင် ငွေလုံးငွေရင်းစရိတ်ဖြင့် ဆောင်ရွက်ရသော တည်ဆောက်ရေးလုပ်ငန်းသစ်များ၊ ၎င်းနှင့် ဆက်စပ်သည့် ပရိဘောဂ၀ယ်ယူခြင်းနှင့် မော်တော်ယာဉ်အသစ် ၀ယ်ယူခြင်းဆိုင်ရာ လုပ်ငန်းကဏ္ဍများလည်း ပါဝင်သည်။ သို့သော် ငွေလုံးငွေရင်း စရိတ်မှ ပြီးစီးအောင် ဆောက်ရွက်ရမည့် တည်ဆောက်ရေးလုပ်ငန်းများ၊ စက်ပစ္စည်းဝယ်ယူမှုနှင့် အရင်းပေးဆပ်ရန် အချိန်ရောက်ရှိနေသည့် ကြွေးမြီးအသုံးစရိတ်များကိုမူ ခွင့်ပြုထားသည်။
အဆိုပါ ကော်မရှင်အစည်းအဝေးသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်များ တက်ရောက်ခဲ့သည်။
ယင်းလိုငွေပြမှု အခြေအနေနှင့် ပတ်သက်၍ ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က အသုံးစရိတ်များ တောင်းခံရာတွင် ပြည်ထောင်စုတွင် တောင်းခံသည့် အသုံးစရိတ်များနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တောင်းခံသည့် အသုံးစရိတ်များ ထပ်မနေစေရန် ပြည်ထောင်စုအဆင့် ဌာန၊ အဖွဲ့အစည်းများနှင့် တိုင်း/ပြည်နယ်အစိုးရများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန် လမ်းညွှန်ထားသည်။
အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
No comments
Post a Comment