Ad

Slider

စာနယ်ဇင်းကောင်စီ ဒုဥက္ကဋ္ဌအား ပြန်ကြားရေးဒုဝန်ကြီး ခန့်အပ်

ပြန်ကြားရေးဒုဝန်ကြီးအဖြစ် ခန့်အပ်ခံရသည့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ - MPC ဒုဥက္ကဋ္ဌ ဦးအောင်လှထွန်း
Photo : Aung Hla Tun's Facebook
ရန်ကုန်၊ ဇန်န၀ါရီ ၁၆

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ - MPC ဒုဥက္ကဋ္ဌ ဦးအောင်လှထွန်းကို ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးအဖြစ် ခန့်အပ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ဇန်န၀ါရီလ ၁၅ ရက်တွင် ထုတ်ပြန်လိုက်သည်။

MPC ဒုဥက္ကဋ္ဌ (၁) ဦးအောင်လှထွန်းသည် ရိုက်တာသတင်းဌာနတွင် နှစ်ပေါင်း ၂၀ ကျော် လုပ်ကိုင်ခဲ့ဖူးပြီး ယခင်က ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်တွင်လည်း လုပ်ကိုင်ခဲ့ဖူးသူ တစ်ဦး ဖြစ်သည်။ ထို့ပြင် နိုင်ငံခြားသတင်းထောက်များအသင်းတွင်လည်း ဥက္ကဋ္ဌအဖြစ် လုပ်ကိုင်ခဲ့ဖူးသူ ဖြစ်သည်။

အမိန့်အမှတ် ၆/၂၀၁၈ ဖြင့် ထုတ်ပြန်သည့် သမ္မတရုံး ထုတ်ပြန်ချက်တွင် အခြေခံဥပဒေပုဒ်မ ၂၃၄၊ ပုဒ်မခွဲ (က) (ဃ) တို့အရ ခန့်အပ်ခြင်းဖြစ်ပြီး ပုဒ်မခွဲ (က) တွင် ပြည်ထောင်စုဝန်ကြီးအား အထောက်အကူဖြစ်စေရန် လွှတ်တော်ကိုယ်စားလှယ်ထဲမှ ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူမှ ဖြစ်စေ ဒုဝန်ကြီး ခန့်အပ်နိုင်သည်ဟု ဖော်ပြထားသည်။

ပုဒ်မခွဲ (ဃ) တွင် နိုင်ငံတော်သမ္မတသည် ဒုတိယ၀န်ကြီးများအား ခန့်အပ်တာဝန်ပေးရာတွင် တာဝန်ယူရမည့် ၀န်ကြီးဌာနများကို သတ်မှတ်ပေးရမည်ဟု ပြဋ္ဌာန်းထားသည်။

ယခုခန့်ထားမှုမှာ ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့များတွင် ၀န်ကြီးများ နုတ်ထွက်မှုများ ဖြစ်ပေါ်လာပြီးနောက် ပြည်ထောင်စုအဆင့်တွင် ဒုဝန်ကြီးတစ်ဦး ထပ်မံ တိုးမြှင့်ခန့်ထားလိုက်ခြင်း ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
0

No comments

Post a Comment

Mega Menu

blogger
© all rights reserved
made with by templateszoo