Ad

Slider

စည်ပင်ပိုင် ပလက်ဝဈေးသစ် ဆိုင်ခန်းများ ရောင်းချမည်

ချင်းပြည်နယ်၊ ပလက်ဝမြို့
Photo : indychins.org
ရန်ကုန်၊ ဇန်န၀ါရီ ၁၃

ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် တည်ဆောက်မည့် စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးသစ်ဆိုင်ခန်းများကို မြေညီထပ် တစ်ခန်းလျှင် ကျပ်သိန်း ၄၀ နှင့် ပထမထပ်ဆိုင်ခန်းများကို ကျပ်သိန်း ၃၀ ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ပလတ်ဝမြို့ ဈေးသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီက ကြေညာထားသည်။

ဇန်န၀ါရီလ ၁၃ ရက်နေ့စွဲဖြင့် ကော်မတီအတွင်းရေးမှူး ဦးထွန်းလင်း လက်မှတ်ရေးထိုးထားသော ယင်းဆိုင်ခန်းသစ် ရောင်းချရန် အမိန့်ကြေညာချက်တွင် မြေညီတွင် ဆိုင်ခန်း ၁၀ ခန်းနှင့် ပထမထပ်တွင် ဆိုင်ခန်း ၄၆ ခန်း ရောင်းချပေးမည်ဖြစ်ကာ ဆိုင်ခန်းများတွင် အရက်သေစာ၊ ယမကာနှင့် မူးယစ်စေတတ်သော ကုန်ပစ္စည်းများ သိုလှောင်ရောင်းချခွင့်ပြုမည် မဟုတ်ပေ။

ရောင်းချပေးမည့် ဆိုင်ခန်းသစ်များကို အရစ်ကျ (၂) ရစ် ပေးသွင်းရမည်ဖြစ်ကာ ပထမအရအဖြစ် ဇန်န၀ါရီလကုန်တွင် ၅၀ ရာခိုင်နှုန်းနှင့် ဒုတိယအရစ်အဖြစ် ကျန် ၅၀ ရာခိုင်နှုန်းကို ဖေဖော်ဝါရီလကုန်တွင် ပေးသွင်းရမည် ဖြစ်သည်။

ပလက်ဝမြို့ မြို့မရပ်ကွက်တွင် တည်ဆောက်လျက်ရှိ စည်ပင်သာယာရေးပိုင် ဈေးသစ်ဆိုင်ခန်းဝယ်ယူထားသူများအနေဖြင့် ပထမအရစ် ပေးသွင်းပြီး ဒုတိယအရစ် ပေးသွင်းချိန်တွင် နောက်ကျခြင်း၊ ငြင်းဆန်ခြင်း၊ ပျက်ကွက်ခြင်းတို့ ဖြစ်ပါက ဆိုင်ခန်းချထားမှုအား သဘောမတူဟု သတ်မှတ်ကာ ပထမပေးသွင်း၏ ၁၀ ရာခိုင်နှုန်းကို အဖွဲ့ပိုင်အဖြစ် သိမ်းယူကာ ကျန်ငွေ ၄၀ ရာခိုင်နှုန်းကိုသာ ပြန်လည် ပေးအပ်သွားမည် ဖြစ်သည်။

ပလက်ဝဈေးသစ်တွင် ဆိုင်ခန်း ၀ယ်ယူလိုသူများအနေဖြင့် လျှောက်လွှာတွင် မိမိ အလိုရှိသည့် ဆိုင်ခန်းအထပ်၊ နေရာနှင့် ရောင်းချမည့် ကုန်ပစ္စည်းများကို ဆိုင်ခန်းလျှောက်ထားလွှာတွင် ထည့်သွင်းဖော်ပြပေးရမည် ဖြစ်ကာ လျှောက်လွှာများကို ဇန်န၀ါရီလ ၁၉ ရက်တွင် စတင်ရောင်းချသွားမည် ဖြစ်သည်။ လျှောက်လွှာပိတ်ရက်ကိုမူ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ သတ်မှတ်ထားသည်။

ဆိုင်ခန်းသစ်များအတွက် လျှောက်ထားနိုင်သူများကိုလည်း ကော်မတီက သတ်မှတ်ထားပြီး ယင်းတို့ထဲတွင် ပျံကျဈေးသည်များ (ဈေးပြင်ပတွင် ရောင်းချပြီး ဆိုင်ခန်းမရှိသေးသူများ)၊ ပြန်ကြားရေးပိုင်မြေ ဈေးဆိုင်ခန်းမရှိသေးသည့် ယာယီဈေးသည်များ၊ မူလ ဈေးဆိုင်ခန်း ပိုင်ရှင်များနှင့် ပြင်ပမှ ၀ယ်ယူလိုသူများ ပါဝင်သည်။

ယခုအခါ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အစပ် ပလက်ဝမြို့မှ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အစပ် ဇိုရမ်ပွီး Zorinpui အထိ ၆၈ မိုင် ရှည်လျားသော နှစ်နိုင်ငံ ကုန်သွယ်ရေးကားလမ်းကို စတင်ဖောက်လုပ်နေပြီဖြစ်ကာ နှစ်နိုင်ငံ ထွက်ကုန်များ ဖလှယ်နိုင်ရန်အတွက် ရည်ရွယ်ဖော်လုပ်နေခြင်း ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
0

No comments

Post a Comment

Mega Menu

blogger
© all rights reserved
made with by templateszoo