Ad

Slider

မကွေးတိုင်းဝန်ကြီးနှစ်ဦး နုတ်ထွက်

မကွေးတိုင်းဒေသကြီးလွှတ်တော်တွင် မေးခွန်းများ ဖြေကြားပေးနေသည့် ၀န်ကြီး ဦးနေမျိုးကျော် (၀ဲဘက်) အား ဇန်န၀ါရီလ ၈ ရက်က တွေ့ရစဉ်
Photo : မကွေးတိုင်းဒေသကြီးလွှတ်တော်
ရန်ကုန်၊ ဇန်န၀ါရီ ၁၁

မကွေးတိုင်းဒေသကြီး ၀န်ကြီးများဖြစ်ကြသည့် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၀န်ကြီး ဦးစိုးမြင့်နှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီး ဦးနေမျိုးကျော်တို့ကို ၎င်းတို့၏ သဘာဆန္ဒအလျောက် နုတ်ထွက်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ဇန်န၀ါရီလ ၁၀ ရက် နေ့စွဲဖြင့် သတင်းထုတ်ပြန်လိုက်သည်။

သမ္မတဦးထင်ကျော် လက်မှတ်ဖြင့် ထုတ်ပြန်လိုက်သည့် ယင်းသတင်းထုတ်ပြန်ချက်တွင် မကွေးတိုင်းဝန်ကြီး နှစ်ဦး ရာထူးမှ နုတ်ထွက်ခြင်းမှာ အခြေခံဥပဒေပုဒ်မ ၂၆၄ (က) ပါ ပြဋ္ဌာန်းချက်အရ ဖြစ်ပြီး ယင်းပြဋ္ဌာန်းချက်တွင် “တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ၀န်ကြီးတစ်ဦးဦးသည် ရာထူးသက်တမ်း မကုန်ဆုံးမီ အကြောင်းတစ်ခုခုကြောင့် မိမိသဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်လိုလျှင် ထိုသို့ နုတ်ထွက်လိုကြောင်း နိုင်ငံတော်သမ္မတထံ စာဖြင့် တင်ပြပြီး ရာထူးမှ နုတ်ထွက်နိုင်သည်” ဟု ဖော်ပြထားသည်။

နုတ်ထွက်သွားပြီဖြစ်သည့် မကွေးတိုင်းဝန်ကြီး ဦးနေမျိုးကျော်သည် ယခင်က မကွေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ အတွင်းရေးမှူးဖြစ်ကာ ၂၀၁၈ ခုနှစ် ဇန်န၀ါရီလ ၈ ရက် ပြုလုပ်သည့် မကွေးတိုင်းဒေသကြီးလွှတ်တော်တွင် ၎င်းဝန်ကြီးဌာနနှင့် ဆက်စပ်ည့် ဖြေကြားရမည့် မေးခွန်းများကို တက်ရောက်ဖြေကြားနေဆဲ ဖြစ်သည်။

ဦးနေမျိုးကျော်သည် ဘဏ်ဝန်ထမ်း အမျိုးသမီးတစ်ဦးနှင့် လူမှုရေးဖောက်ပြန်မှုများ ရှိခဲ့တယ်ဆိုကာ ယင်းအမျိုးသမီး၏ ခင်ပွန်းဖြစ်သူက စွပ်စွဲမှုများ ထွက်ပေါ်ခဲ့သေးသည်။ ယင်းစွပ်စွဲချက်မှာ မှန်ကန်မှုမရှိကြောင်းကိုလည်း ၀န်ကြီးနှင့် ဇနီးဖြစ်သူက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ တုံပြန်ခဲ့သည်။

၂၀၁၈ ခုနှစ် ဇန်န၀ါရီလအတွင်း ယခုကဲ့သို့ တိုင်းဒေသကြီးအဆင့် ၀န်ကြီးများ နုတ်ထွက်မှုမှာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပထမအကြိမ်အဖြစ် ဧရာဝတီတိုင်းဝန်ကြီးချုပ် (ဦး) မန်းဂျော်နီနှင့် ဧရာဝတီတိုင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ၀န်ကြီး ဦးဘဟိန်းတို့မှာလည်း ဇန်န၀ါရီလ ၉ ရက်က နုတ်ထွက်သွားကြပြီ ဖြစ်သည်။

လစ်လပ်သွားသည့် ၀န်ကြီးနေရာအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ ဖြည့်စွက်ခန့်ထားရမည်ဖြစ်ကာ ခန့်အပ်ခြင်းခံရသူ၏ ရာထူးသက်တမ်းသည် နိုင်ငံတော်သမ္မတ၏ ကျန်ရှိသည့် ရာထူးသက်တမ်းအတိုင်းသာ ဖြစ်ရမည် ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
0

No comments

Post a Comment

Mega Menu

blogger
© all rights reserved
made with by templateszoo