Ad

Slider

တိုက်ပွဲပြန် စစ်သားများအား ဖိအားပေး ကြိုဆိုခိုင်းမှုအပေါ် ဖလမ်းလူငယ်အဖွဲ့ ရှုတ်ချကန့်ကွက်

ကလေး၊ နိုဝင်ဘာ ၁

တိုက်ပွဲပြန် တပ်မတော်သားများအား ကြိုဆိုရန်အတွက် ချင်းပြည်နယ်၊ ဟားခါး ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးမှ ကျောင်းသားကျောင်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်/ကျေးတာဝန်ရှိသူများအား ဖိအားပေး လုပ်ဆောင်ခိုင်းမှုအပေါ် ရှုတ်ချကြောင်း ဖလမ်းလူငယ်အဖွဲ့က ကြေညာချက် ထုတ်ပြန်လိုက်သည်။

ဖလမ်းမြို့တွင် တပ်စွဲထားသည့် ခလရ (၂၆၈) မှ ရှေ့တန်းပြည် တပ်မတော်သားများအား အောက်တိုဘာလ ၂၉ ရက်မှ ၃၁ ရက်အထိ သုံးရက်တိုင်တိုင် ကြိုဆိုရန်အတွက် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ခိုင်းစေခဲ့ခြင်းဖြစ်ကြောင်း ယင်းကြေညာချက်တွင် ပါရှိပြီး ယင်းမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တရုတ်ပြည်ခရီးစဉ်နှင့် တိုက်ဆိုက်စေရန် အကွက်ကျကျ စီမံဆောင်ရွက်ခဲ့ခြင်းမျှသာ ဖြစ်သည်ဟုလည်း ဖလမ်းလူငယ်အဖွဲ့က သုံးသပ်ထားသည်။

ခမရ ၂၆၈ မှာ ရှေ့တန်းတစ်နေရာသို့ လအတန်ကြာ ထွက်ခွာနေရာမှ မိခင်တပ်ရင်း အခြေစိုက်ရာ ဖလမ်းမြို့သို့ ပြန်လာချိန်တွင် ယင်းကဲ့သို့ ကြိုဆိုခိုင်းခဲ့ခြင်းဖြစ်ကာ ယင်းသို့သော နိုင်ငံရေးလှည့်ကွက်ကို အသုံးချ၍ တပ်မတော်နှင့် ပြည်သူများအကြား အမုန်းပွားစေပြီး တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပြိုကွဲစေမည့် ဒို့တာဝန်အရေးသုံးပါးကို ထိပါးစေသောလုပ်ရပ်ကို ကျူးလွန်သည့် တာဝန်ရှိသူများအား အပြင်းအထန် ကန့်ကွက်ကြောင်းလည်း ဖလမ်းလူငယ်အဖွဲ့၏ သဘောထားထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းများကလည်း ချင်းပြည်နယ်ရှိ မြို့အချို့တွင် ကချင်ပြည်နယ်၌ ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်စဲရေးအတွက် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ပြီးနောက်တွင် ယင်းကဲ့သို့ ရှေ့တန်းပြန် တပ်မတော်သားများအား ကြိုဆိုခိုင်းခဲ့ခြင်းမှာလည်း တိုက်ဆိုင်လျက် ရှိသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
0

No comments

Post a Comment

Mega Menu

blogger
© all rights reserved
made with by templateszoo