Ad

Slider

ရခိုင်အရေး အဓိကထား၍ သမ္မတ၊ ကာချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အထူးအစည်းအဝေးပွဲ လုပ်

Photo : Myanmar President Office
ရန်ကုန်၊ အောက်တိုဘာ ၁၄

ရခိုင်ပြည်နယ် မောင်တောတွင် ဖြစ်ပွားနေသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့စခနန်းများအား အကြမ်းဖက်ခံရမှု အခြေအနေအပြင် နိုင်ငံတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက်၍ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် အထူးအစည်းအဝေးတစ်ရပ်အား နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ စုပေါင်း၍ အောက်တိုဘာလ ၁၄ ရက် နေ့လယ်ပိုင်းတွင် သမ္မတအိမ်တော်၌ ပြုလုပ်ခဲ့သည်။

နှစ်နာရီခွဲကျော် ကြာမြင့်သည့် ယင်း အထူးအစည်းအဝေးတွင် ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းများ အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရသည့် အခြေအနေ၊ အကြမ်းဖက်သမားများ၏ ဆောင်ရွက်ချက်နှင့် နောက်ခံ အကြောင်းအရာများ၊ လက်ရှိဆောင်ရွက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် ကိစ္စများအား ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကာချုပ်တို့အပြင် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေတို့ တက်ရောက်ကြသည်။

ယင်း အထူးအစည်းအဝေးတွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအခြေအနေ၊ NCA လက်မှတ် ရေးထိုးထားသည့် SSA အဖွဲ့၏ ဆောင်ရွက်ချက်များ၊ ‘၀’ အထူးဒေသ (၁) နှင့် အထူးဒေသ (၄) မိုင်းလားတွင် ဖြစ်ပေါ်ခဲ့သည့် အခြေအနေများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား တိုက်ပွဲဝင်အသင့် စွမ်းရည်မြှင့်တင်ရေးအတွက် ဆောင်ရွက်မည့် အစီအမံများကို ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံတော်သမ္မတရုံး၏ လူမှုကွန်ရက် ဖေ့ဘုတ်စာမျက်နှာ၌ ဖော်ပြထားသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းများ တိုက်ခိုက်ခံရမှု ဖြစ်စဉ်တွင် အကြမ်းဖက်တိုက်ခိုက်မှုများအား ပြည်ပမှ ငွေကြေးထောက်ပံ့မှုနှင့် ပြည်ပ အကြမ်းဖက်အဖွဲ့အစည်းဝင်များ၏ ပံ့ပိုးကူညီမှုတို့ဖြင့် အချိန်ယူကာ စနစ်တကျ ကြိုတင်ဆောင်ရွက်ခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ကြောင်းကိုလည်း ဖမ်းဆီးရမိသည့် အကြမ်းဖက်သမားနှစ်ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည့် အကြမ်းဖက်သမားနှစ်ဦးတို့အား စစ်ဆေးချက်များအရ သိရကြောင်း နိုင်ငံတော်သမ္မတရုံးက အောက်တိုဘာလ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
0

No comments

Post a Comment

Mega Menu

blogger
© all rights reserved
made with by templateszoo