Ad

Slider

ဟိုတယ်ဆောက်လိုသူ တိုင်းရင်းသားလုပ်ငန်းရှင်များအား ချင်းပြည်နယ်အစိုးရ ဖိတ်ခေါ်

နတ်မတောင်
Photo : bestindochinatour.net
ဟားခါး၊ အောက်တိုဘာ ၂၅

ပြည်နယ်တွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအလို့ငှာ အရေးပါသည့် ဟိုတယ်များ ဆောက်လုပ်နိုင်ရန်အတွက် စိတ်ပါဝင်စားသူ လုပ်ငန်းရှင်များအနေဖြင့် အစိုးရထံ နိုဝင်ဘာလ ၇ ရက် နောက်ဆုံးထား၍ အဆိုပြုလွှာများ လျှောက်ထားနိုင်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့က အောက်တိုဘာလ ၂၅ ရက်တွင် ကြေညာထားသည်။

ချင်းပြည်နယ်၏ မြို့နယ်ခြောက်ခုဖြစ်သော ဟားခါး၊ ဖလမ်း၊ တီးတိန်၊ ပလက်ဝ၊ မတူပီနှင့် ခိုင်ကမ်းမြို့များတွင် ဟိုတယ်ဆောက်လုပ်လိုသော တိုင်းရငးသားလုပ်ငန်းရှင်များကို ဖိတ်ခေါ်ထားခြင်းဖြစ်ပြီး အဆိုပြုလွှာများအား ဟားခါးမြို့ရှိ ချင်းပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးရုံးသို့ လိပ်မူ လျှောက်ထားရမည် ဖြစ်သည်။

ချင်းပြည်နယ်အတွင်း ကန်ပက်လက်မြို့နယ်တစ်ခုတွင်သာ ဟိုတယ်၊ မိုတယ်နှင့် တည်းခိုရိပ်သာစာရင်းဝင် အဆောက်အအုံ ၃ ခုသာ ရှိပြီး ယင်းသုံးခုတွင် အခန်းပေါင်း ၆၇ ခန်းသာ ပါဝင်သည်ဟု ၂၀၁၅ ခုနှစ်က ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။

အဆိုပြုလွှာ ခေါ်ထားသည့် မြို့များတွင် ကန်ပက်လက်နှင့် မင်းတပ်မြို့ မပါဝင်ရခြင်းနှင့် ပတ်သက်၍ “hotel ရှိပြီးဖြစ်ပါတယ်။ လောလောဆယ် လုံလောက်မှုရှိလို့၊ တစ်နှစ်နှစ်နှစ်အတွင်း အသစ် ထပ်မဆောက်သေးဘူးလားလို့ စဉ်းစားလို့ပါ” ဟု ချင်းပြည်နယ်၊ စည်ပင်သာယာရေး၊ ခရီးသွား၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က လူမှုကွန်ရက် Facebook ပေါ်မှတစ်ဆင့် မေးမြန်းထားမှုများအပေါ် ပြန်လည် ဖြေကြားထားသည်။

လာမည့် ငါးနှစ်တာကာလအတွင်း ကဏ္ဍသုံးရပ်အား မဟာဗျူဟာချမှတ်၍ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ၀န်ကြီး ဆလိုင်းအိုက်ဇက်ခင်က မီဒီယာများသို့ ပြောဆိုထားပြီး ယင်းကဏ္ဍသုံးရပ်မှာ ကုန်သွယ်ရေး၊ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းတို့ ဖြစ်သည်။

ယင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် မဟာဗျူဟာလုပ်ငန်းစဉ် ၁၃ ရပ် ချမှတ်ထားပြီးဖြစ်ကာ တစ်နှစ်လျှင် ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း (Community Based Tourism – CBT) အတွက် တစ်နှစ်လျှင် ကျေးရွာသုံးရွာ ဖော်ထုတ်သွားရန်ကိုလည်း မဟာဗျူဟာတစ်ရပ်အနေဖြင့် သတ်မှတ်ထားသည်။

၂၀၁၆ ခုနှစ်အတွက် ရွေးချယ်ထားသည့် CBT ကျေးရွာများမှာ ကန်ပက်လက်မြို့နယ်မှ ဆော်လောင်းကျေးရွာ၊ ဖလမ်းမြို့နယ်မှ တာရွှန်းကျေးရွာနှင့် တီးတိန်မြို့နယ်မှ လိုင်လိုးကျေးရွာတို့ ဖြစ်သည်။

ချင်းပြည်နယ်တွင် Eco Tourism လုပ်ငန်း လုပ်ဆောင်ရန်အတွက် ခေါနုသုန် (ခ) နတ်မတောင် အမျိုးသားဥယျာဉ်ကို ၁၉၉၄ ခုနှစ်က သတ်မှတ်ထားပြီဖြစ်ကာ အဆိုပါ အမျိုးသားဥယျာဉ်မှာ ကန်ပက်လက်၊ မင်းတပ်နှင့် မတူပီ မြို့နယ်သုံးခုစလုံးနှင့် ချိတ်ဆက်နေကာ ဧက ၁၇၆၃၀၀၀ ကျယ်ဝန်းသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
0

No comments

Post a Comment

Mega Menu

blogger
© all rights reserved
made with by templateszoo