Ad

Slider

နယ်မြေလုံခြုံရေးအတွက် ဗျောက်အိုးမဖောက်ရန် ပုဒ်မ ၁၈၈ အရ တားမြစ်မိန့်ထုတ်

ကလေး၊ စက်တင်ဘာ ၃၀

ပြည်သူလူထု အန္တရာယ်ဖြစ်စေနိုင်ခြင်းနှင့် နယ်မြေလုံခြုံရေးအလို့ငှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တွင် စည်းကမ်းမဲ့ ဗျောက်အိုး ရောင်းဝယ်ခြင်းနှင့် ပစ်ဖောက်ခြင်းတို့အား လုံးဝ မပြုလုပ်ကြရန်အတွက် ပုဒ်မ ၁၈၈ အရ ကလေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တားမြစ်မိန့် ထုတ်ပြန်ထားသည်။

ပုဒ်မ ၁၈၈ မှာ အများပြည်သူနှငင့် သက်ဆိုင်သည့် နေရာများတွင် အရေးပေါ်အခြေအနေများ မဖြစ်ပေးရေန် ကြိုတင်တားဆီးသည့်အနေဖြင့် ထုတ်ပြန်လေ့ရှိသည့် ပုဒ်မတစ်ခုဖြစ်ပြီး ပြည်သူ့ဝန်ထမ်း၏ အမိန့်ကို မနာခံမှုအပေး အရေးယူယ ဆောင်ရွက်နိုင်သည့် ပုဒ်မလည်း ဖြစ်သည်။

ကလေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝေလွင်ဖြိုး လက်မှတ်ထိုးကာ ထုတ်ပြန်လိုက်သည့် ယင်းတားမြစ်ချက်တွင် “ကလေးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် စည်းကမ်းမဲ့ ဗျောက်အိုးများ ရောင်းဝယ် ပစ်ဖောက်ခြင်းကြောင့် ပြည်သူများ အထိတ်တလန့်ဖြစ်စေသည့်အပြင် ပြည်သူလူထု အန္တရာယ် ဖြစ်စေနိုင်ခြင်း၊ ဗျောက်အိုးဖောက်သံနှင့်အတူ မသမာသူများမှ အခွင့်ကောင်းယူကာ ၀င်ရောက်နှောင့်ယှက်မှုများလည်း ဖြစ်စေနိုင်ပါသဖြင့် နယ်မြေလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ရှေ့ရှုလျက် ကလေးမြို့နယ်အတွင်း ဗျောက်အိုးများ ရောင်းချခြင်း၊ ဗျောက်အိုးများ ပစ်ဖောက်ခြင်းများ လုံးဝ (လုံးဝ) မပြုလုပ်ရန် ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၈၈ အရ ဤတားမြစ်အမိန့်ကို ထုတ်ပြန်လိုက်သည်။ ဤအမိန့်ကို လိုက်နာမှုမရှိပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ကြေညာလိုက်သည်” ဟု ဖော်ပြထားသည်။

စက်တင်ဘာလ ၂၆ ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ယင်းတားမြစ်ချက်အရ ပြည်သူ့ဝန်ထမ်းက ဥပဒေနှင့်အညီ ထုတ်ပြန်ကြေညာသည့် အမိန့်အား ဖီဆန်ကျူးလွန်ရာ၌ ထိုသို့ ဖီဆန်ခြင်းဖြင့် ဥပဒေနှင့်အညီ ခိုင်းစေခြင်းခံရသော သူများကို ဟန့်တားခြင်း၊ စိတ်ငြိုငြင်စေခြင်း သို့မဟုတ် နစ်နာစေခြင်းဖြစ်စေ ပြစ်မှုထင်ရှားသူကို အလုပ်မဲ့ ထောင်ဒဏ် (၁) လ သို့မဟုတ် ငွေဒဏ် ၂၀၀ ကျပ် ချမှတ်နိုင်ပြီး ဒဏ်နှစ်ရပ်စလုံးကို ချမှတ်ခံရနိုင်သည်။

ထို့ပြင် အဆိုပါ ဖီဆန်ခြင်းသည် လူ့အသက်၊ ကျန်းမာရေး (သို့မဟုတ်) လုံခြုံရေး စသည်တို့ကို ဘေးဖြစ်စေလျှင် ပြစ်မှုထင်ရှားသူကို ခြောက်လအထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ကျပ် ၁၀၀၀ အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ခံရနိုင်သည်။

ကလေးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ကလေးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအား ယင်းတားမြစ်အမိန့်အား အများပြည်သူ သိရှိလိုက်နာရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် အသိပေးနှိုးဆော်ကြေညာသွားရန်နှင့် မြို့နယ်စည်ပင်သာယာရေး ဥက္ကဋ္ဌအနေဖြင့် ဗျောက်အိုးရောင်းချမှုများအား တားမြစ်ဆောင်ရွက်ရန်လည်း လမ်းညွှန်ထားသေးသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
0

No comments

Post a Comment

Mega Menu

blogger
© all rights reserved
made with by templateszoo