Ad

Slider

မြန်မာအပေါ် ထားရှိသည့် ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားပေးမည်ဟု ကန်သမ္မတ ပြော

Photo : Myanmar State Counsellor Office
ရန်ကုန်၊ စက်တင်ဘာ ၁၅

၁၉၈၈ ခုနှစ် ပြည်သူ့အရေးတော်ပုံ ကာလပြီးနောက်ပိုင်းမှစ၍ မြန်မာနိုင်ငံအပေါ် ထားရှိခဲ့သည့် ပိတ်ဆို့အရေးယူမှုများအား ဖယ်ရှားပေးတော့မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဘားရက်အိုဘားမားက စက်တင်ဘာလ ၁၄ ရက်က ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံ၏ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် သမ္မတနေအိမ်ဖြစ်သည့် အိမ်ဖြူတော် ဘဲဥပုံရုံးခန်းတွင် တွေ့ဆုံစဉ် စစ်ဘက်အုပ်စိုးသည့် အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနိုင်ခဲ့ခြင်းအတွက် ထိုက်တန်စွာ တုံ့ပြန်သည့်အနေဖြင့် ယခုကဲ့သို့ ဖယ်ရှားပေးရန် ပြင်ဆင်ထားခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့နိုင်ငံက မြန်မာနိုင်ငံအပေါ် ထားရှိခဲ့တဲ့ ပိတ်ဆို့အရေးယူမှုတွေကို ဖယ်ရှားပေးဖို့ ပြင်ဆင်ထားပြီး ဖြစ်ပါတယ်" ဟု အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ပြောသည်။

အမေရိကန် ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံအပေါ် ထားရှိသည့် စီးပွားရေး ပိတ်ဆို့အရေးယူမှုများအား ဥပဒေ ငါးခု၊ သမ္မတ အုပ်ချုပ်ရေးအမိန့် ခြောက်ခုတို့ဖြင့် ဆောင်ရွက်ထားခြင်းဖြစ်ပြီး မည်သည့်အချိန်တွင် ပိတ်ဆို့အရေးယူမှုများအား ဖယ်ရှားပေးမည်နည်းဟု သတင်းထောက်များက မေးမြန်းရာတွင်မူ “မကြာခင်ပါပဲ” ဟု ကန်သမ္မတ ဘားရက်အိုဘားမားက ဖြေဆိုခဲ့သည်။

အမေရိကန်အနေဖြင့် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ဦးသိန်းစိန် အစိုးရလက်ထက်မှစကာ ပိတ်ဆို့အရေးယူခြင်းနှင့် ထိတွေ့ဆက်ဆံခြင်းဆိုင်ရာ သံတမန်နည်းလမ်းနှစ်ခုစလုံးအား ကျင့်သုံးခဲ့ခြင်းဖြစ်ပြီး ယင်းအစိုးရလက်ထက်တွင် အချို့သော ပိတ်ဆို့အရေးယူမှုများအား ဖြေလျော့ပေးခဲ့ဖူးသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
0

No comments

Post a Comment

Mega Menu

blogger
© all rights reserved
made with by templateszoo