Ad

Slider

အိမ်အကူလုပ်သားများအတွက် ဥပဒေရေးဆွဲရန် မရှိဟု ဌာနဆိုင်ရာ တာဝန်ရှိသူ ပြော

ရန်ကုန်၊ စက်တင်ဘာ ၂၃

မြန်မာနိုင်ငံရှိ အိမ်အကူ အလုပ်သမားများနှင့်ပတ်သက်၍ အကာအကွယ် တစုံတရာ ပေးနိုင်ရန်အတွက် ဥပဒေ ရေးဆွဲရန်မရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွေဦးက ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပေါ်နေသည့် အိမ်အကူများ၏ အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများအတွက် အကာအကွယ်ပေးမည့် ဥပဒေ ရေးဆွဲရန် ရှိ၊ မရှိ နှင့် ပတ်သက်၍ မီဒီယာများက မေးမြန်းခဲ့မှုနှင့် ပတ်သက်၍ ၎င်းက ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

“အိမ်အကူ လုပ်ငန်းမှာ မီးဖိုချောင်ဝန်ထမ်း၊ သန့်ရှင်းရေး၊ ခြံစောင့်၊ ဒရိုင်ဘာတို့အပြင် အလုပ်ရှင်ရဲ့ အိမ်မှာ ကူညီလုပ်ကိုင်ပေးရတဲ့ အလုပ်သမားတွေလည်း ပါဝင်ပါတယ်။ ကျွန်မပြောချင်တာက ကျွန်မတို့ Domestic Worker နဲ့ပတ်သက်ပြီး ဥပဒေရေးဆွဲဖို့မရှိပါဘူး'' ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်နွေဦးက ပြောသည်။

ဒေါ်ခင်ဆွေဦးအား ကမ္ဘာ့အလုပ်သမားအဖွဲ့ ILO က ဦးစီး၍ ရန်ကုန်မြို့၊ စိမ်းလန်းစိုပြေတွင် စက်တင်ဘာလ ၂၂ ရက်နေ့က ပြုလုပ်သည့် အိမ်အကူလုပ်ငန်းအား တန်ဖိုးထားခြင်း ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် ဆွေးနွေးပွဲတွင် မီဒီယာများက မေးမြန်းခဲ့ခြင်းလည်း ဖြစ်သည်။

“Domestic Worker တွေရဲ့ အခွင့်အရေးတွေကို ကာကွယ်နိုင်အောင် ဥပဒေအရ ဘာတွေ ပြဌာန်းဖို့လိုမလဲ။ အစိုးရက တစ်ခုခုလုပ်မယ်ဆိုတာနဲ့ ဘာကူရမလဲ ကျွန်မတို့ ကူဖို့အသင့်ပါပဲ။ ကျွန်မတို့ကိုယ်တိုင်ကျတော့ ပညာပေးလုပ်ငန်းစဉ်ပဲ လုပ်လို့ရမယ်လေ။ သတ်မှတ်ချက်တွေကျတော့ အစိုးရက လုပ်မှရမယ်''ဟု အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ ဒေါ်ခင်လေးက ပြောသည်။

ILO ၏ သတ်မှတ်ချက်အရ အိမ်အကူလုပ်သားသည် အနည်းဆုံး တစ်ပတ်လျှင် တစ်ရက် နားခွင့်ရှိရမည်ဖြစ်ပြီး နိုင်ငံအလိုက် သတ်မှတ်ထားသည့် အခြေခံလစာကို ရရှိရမည် ဖြစ်သည်။ ထို့ပြင် လူ့အခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေးများကို ရရှိရမည်ဟု သတ်မှတ်ထားသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ အိမ်အကူလုပ်သားစေခိုင်းမှုများတွင် ဥပဒေချိုးဖောက်ခံရမူများရှိနေပြီး မကြာခင်အချိန်ကပင် ရန်ကုန်မြို့၊ အင်းဝအပ်ချုပ်ဆိုင် ပိုင်ရှင်နှင့် မိသားစုများက အလုပ်သမား ၂ ဦးအပေါ် လူ့အသက် သေဆုံးစေနိုင်လောက်သည့် နှိပ်စက်မှုတစ်ရပ် ဖြစ်ပေါ်ခဲ့ရာ အစိုးရကိုယ်တိုင် အာရုံစိုက်လာခဲ့ရသည်။ အဆိုပါ ဖြစ်ရပ်ကို မီဒီယာများက ဦးဆောင်ဖော်ထုတ်ခဲ့ခြင်းဖြစ်ပြီး ယင်းဖြစ်ရပ်ကို ဖော်ထုတ်ခဲ့သူ Myanmar Now သတင်းဌာနမှ သတင်းထောက်ချုပ် ကိုဆွေဝင်း၏ လုပ်ရပ်အပေါ် ဂုဏ်ပြုသည့်အနေဖြင့် နိုင်ငံတော်သမ္မတရုံးက ဂုဏ်ပြုလွှာ ပေးအပ်ခဲ့သည်။

အဆိုပါ ဂုဏ်ပြုလွှာကို သမ္မတရုံး ခေတ္တညွှန်ကြားရေးမှူးချုပ်အား လက်မှတ်ထိုးထားခြင်းဖြစ်ကာ သမ္မတရုံးကိုယ်စား ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ယင်း နှိပ်စက်ခံအိမ်ကူကိစ္စနှင့် ပတ်သက်၍ အမြန်ဆုံး ဖော်ထုတ်ရန်နှင့် အရေးယူရန်အတွက် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ - UNICEF က သတင်းထုတ်ပြန်ထားပြီး ယင်းကလေးငယ်နှစ်ဦးအတွက် စိတ်နှင့် လူမှုဆိုင်ရာ ပံ့ပိုးကူညီမှုများ အလျင်အမြန် ရရှိရေးနှင့် ကလေးငယ်များ၏ ဆန္ဒကို အလေးပေးဆောင်ရွက်သွားရန် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဆက်သွယ်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

နေမင်းသူ
0

No comments

Post a Comment

Mega Menu

blogger
© all rights reserved
made with by templateszoo