Ad

Slider

“မယ်ပိုင်စီးသလို ဖြစ်နေပြီ” ဟု ကလေး မဘသပွဲတွင် ဦးဝီရသူ မိန့်

ကလေး၊ စက်တင်ဘာ ၂၂

ကြားဖြတ်ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ ပြင်ဆင်နေကြချိန်တွင် မည်သည့်ပါတီအတွက်မှ မဲဆွယ်စည်းရုံးပေးခြင်း ပြုလုပ်မည်မဟုတ်ကြောင်း ကလေးမြို့တွင် စက်တင်ဘာလ ၂၂ ရက်က ပြုလုပ်သည့် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ - မဘသ လေးနှစ်ပြည့် အခမ်းအနားတွင် မဘသ ဦးဆောင်ဆရာတော် ဦးဝီရသူက မိန့်ကြားလိုက်သည်။

စက်တင်ဘာလ ၂၂ ရက် နေ့လယ်ပိုင်းက ကလေးမြို့၊ မြို့တော်ခန်းမတွင် ပြုလုပ်သည့် မဘသ လေးနှစ်ပြည့် အခမ်းအနားတွင် တက်ရောက်လာသူများထဲမှ ရွေးကောက်ပွဲနှင့် ပတ်သက်၍ မဘသ၏ မူဝါဒ မည်သို့ ရှိသည်ဟူသည့် မေးခွန်းနှင့် ဆက်စပ်၍ ယခုကဲ့သို့ မိန့်ကြားခဲ့ခြင်း ဖြစ်သည်။

“မဘသ ဆရာတော်တွေက ဘယ်ပါတီအတွက်မှ စည်းရုံးမပေးဘူး။ မဲဆွယ် မပေးဘူး” ဟု မဘသ ဦးဆောင်သံဃာတော် ဦးဝီရိသူက မိန့်သည်။

အဆိုပါ အခမ်းအနားသို့ သံဃာတော် ၁၅၇ ပါး၊ သီလရှင် ၁၅ ပါးခန့်နှင့် လူပုဂ္ဂိုလ် ၉၈၇ ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူ လူပုဂ္ဂိုလ်များထဲမှ မဘသနှင့် ပတ်သက်သည့် လုပ်ဆောင်မှုများ၊ မူဝါဒများကို မေးမြန်း လျှောက်ထားခဲ့ကြသည်။

ရွေးကောက်ပွဲများအပေါ် ထားရှိသည့် မဘသ၏ မူဝါဒနှင့် ပတ်သက်၍ အမျိုးသမီးငယ်တစ်ဦးက မေးမြန်းခဲ့ရာ “ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ မဘသက မူဝါဒ ရှိပါတယ်။ အဲဒီ မူဝါဒကတော့ ပါတီမစွဲရဘူး၊ ပုဂ္ဂိုလ် မစွဲရဘူး၊ ဘာသာ မစွဲရဘူး၊ ဒေသမစွဲရဘူး၊ ဂိုဏ်းစွဲမရှိရဘူး။ အရည်အချင်းရှိရင်၊ အရည်အချင်းရှိတဲ့သူဆိုရင် ဘယ်ပါတီကပဲ ဖြစ်ဖြစ်၊ ဘယ်အဖွဲ့အစည်းက ဖြစ်ဖြစ်၊ ဘယ်ပုဂ္ဂိုလ်ပဲ ဖြစ်ဖြစ်၊ ပါတီကြီးကြီး သေးသေး။ နောက်ဆုံး ပါတီက မဟုတ်ဘဲနဲ့ တစ်သီးပုဂ္ဂလ ဖြစ်ရင်တောင်မှ ရွေးချယ်သင့်တယ်။ အဲဒီလို လက်ရုံးရည်၊ နှလုံးရည်နဲ့ ပြည့်စုံတဲ့သူတွေ လွှတ်တော်ထဲရောက်မှ ဒီလွှတ်တော်ကြီးက အစိုးရကောင်းတစ်ရပ်ကို ဖွဲ့စည်းနိုင်မှာ။ အစိုးရကောင်းတစ်ရပ် ဖွဲ့စည်းပြီးရင်လည်း ဒီလွှတ်တော်က အစိုးရကို ကောင်းကောင်းကြီး မောင်းနှင်နိုင်မှာ။ အဲဒါကြောင့် အရည်အချင်းက ပဓာန၊ ပါတီတွေ မူဝါဒတွေမှာက ပဓာန မဟုတ်ဘူး။ အဲဒါက မဘသရဲ့ မူဝါဒပါ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးက ကိုယ့်မြို့ရွာအတွက် အကျိုးရှိမယ်ဆိုရင် ကြံ့ခိုင်ဖွံ့ဖြိုးရေးအမတ်ကို ရွေးချယ်။ NLD က ကိုယ့်မြို့ရွာအတွက် အကျိုးရှိမယ်ဆိုရင် NLD အမတ်ကို ရွေးချယ်။ မဘသက ကြိုက်တယ်။ တစ်ခါတစ်လေ ကိုယ်စားလှယ်က အရည်အချင်း မရှိဘူး၊ ဒါပေမဲ့ ပါတီသေးသေးလေးက အရည်အချင်းရှိတယ်ဆိုရင် အဲဒီ ပါတီသေးသေးလေးက ကိုယ်စားလှယ်ကို ရွေးချယ်။ ဘယ်ပါတီကမှ ကိုယ်စားလှယ်တွေက အရည်အချင်း မပြည့်မှီဘူး၊ တသီးပုဂ္ဂလကနေပြီးတော့ အရည်အချင်း စံမှီနေတယ်ဆိုရင် တစ်သီးပုဂ္ဂလက ကိုယ်စားလှယ်ကို ရွေးချယ်။ မဘသက လက်ခံတယ်။ အဲဒါက မဘသရဲ့ မူဝါဒပါ။ ဒါပေမဲ့လို့ သူတို့တွေက လောဘတအားကြီးပြီးတော့ အကုန်လုံး သိမ်းကြုံးပြီးတော့ အပိုင်စီး၊ မောင်ပိုင်စီးသလိုပေါ့ဗျာ။ ဒီခေတ်ဒီအခါကတော့ မယ်ပိုင်စီးသလိုပေါ့” ဟုလည်း မိန့်ကြားခဲ့သည်။

မယ်ပိုင်စီးသလို ဟူသည့် စကားရပ်နှင့် ပတ်သက်၍ မည်သူ့အား ရည်ရွယ်ပြောဆိုသည်ကိုမူ ထည့်သွင်းပြောဆိုခဲ့ခြင်း မရှိပေ။ သို့သော် လက်ရှိ အာဏာရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီနှင့် ပတ်သက်၍လည်း ယခုကဲ့သို့ ထည့်သွင်း ပြောဆိုထားသေးသည်။

“ပါတီက ပြောတယ်။ တစ်သီးပုဂ္ဂလက ကိုယ်စားလှယ်ကို ရွေးချယ်ပါဆိုတဲ့ စည်းကမ်းကို သူတို့က လက်မခံတာ။ သူတို့ပါတီကလွဲရင် ဘယ်ပါတီကိုမှ မရွေးချယ်စေချင်တာ။ အဲဒီတော့ မဘသက ဒီမိုကရေစီမဆန်တာလား၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အမျိုးသားရေးမဆန်၊ ဒီမိုကရေစီမဆန်တာလားဆိုတာ ရှင်းနေတာပဲ။ မဘသ မူဝါဒက ဘယ်ပါတီမှ အားမပေးပါဘူး။ အရည်အချင်းရှိတဲ့သူကိုပဲ အားပေးတယ်။ ပါတီကို ရွေးချယ်၊ အရည်အချင်းရှိတဲ့သူကိုလည်း ရွေးချယ်။ နောက် မဘသကို အထင်အမြင် လွဲမှားနေကြတာလည်း ဖြစ်တယ်။ အထင်အမြင် မလွဲမှားဘဲနဲ့ သူတို့ကို အားမပေးဘူးလို့ သူတို့တွေက တစ်ဖက်သက် မကောင်းတာတွေ ဖြစ်ပြီးတော့ မဘသကို အကြည်ညိုပျက်အောင် အင်အားနဲ့ ဖိပြီးတော့ အနိုင်ကျင့်တာပဲ ဖြစ်တယ်” ဟု ဦးဝီရသူက မိန့်သည်။

ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း (NLD ပါတီဝင်) က ဇူလိုင်လဆန်းပိုင်းက စင်ကာပူနိုင်ငံသို့ သွားရောက်စဉ် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံပွဲ၌ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃမဟာနာယကအဖွဲ့ (မဟန) ရှိပြီးဖြစ်သည့်အတွက် မဘသ မရှိသင့်တော့ကြောင်း ပြောကြားခဲ့ရာ ကန့်ကွက်မှုများ ထွက်ပေါ်ခဲ့ပြီး အစိုးရဘက်မှ တောင်းပန်ရမည်ဟု မဘသဘက်မှ တောင်းဆိုခဲ့ဖူးသည်။

သို့သော် မဘသ၏ တောင်းဆိုချက်ကို တုံ့ပြန်မည် မဟုတ်ကြောင်း NLD ဘက်မှ တုံ့ပြန်ခဲ့သည့်အပြင် ယင်းတောင်းဆိုချက်ကို ဖြေရှင်းဖို့ မလိုကြောင်း သာသနာရေးဝန်ကြီး သူရဦးအောင်ကိုက RFA သတင်းဌာနသို့ ပြောဆိုထားသည်။

၂၀၁၆ ဇူလိုင်လအတွင်းကလည်း မဟနအဖွဲ့က မဘနှင့် မသက်ဆိုင်ကြောင်း ကြေညာချက် တစ်ရပ် ထုတ်ပြန်ခဲ့သေးရာ မဘသ ဦးဆောင်ဆရာတော် ဦးဝီရသူက အင်တာနက် Facebook စာမျက်နှာမှ တစ်ဆင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား အာဏာရှင်ဟု စွပ်စွဲရေးသားကာ ကြေညာချက် ထုတ်ပြန်ခဲ့သေးသည်။

ယင်းကြေညာချက်တွင် အာဏာရပါတီနှင့် အစိုးရသစ်မှာ မိမိအား ရန်သူတော် နံပါတ်တစ်အဖြစ် ပစ်မှတ်ထားကာ မဘသတစ်ဖွဲ့လုံးအား ကျူပင်ခုတ် ကျူငုတ်မကျန် ဖြိုခွင်းဖျက်ဆီးရန် ခြေလှမ်းလာကြောင်း၊ ယခင်က မိမိအား ထောင်ချခဲ့သည့် စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးများမှာ မိမိ၏ အမျိုးဖြစ်လို့ ယင်းတို့အပေါ် ယခုအထိ မေတ္တာမပျက်ကြောင်းနှင့် ယခု မိမိအား ထောင်ချမည့် အမျိုးသမီး အာဏာရှင် အစိုးရအဖွဲ့ကိုလည်း မိမိအမျိုး ဖြစ်သည့်အတွက် မေတ္တာပျက်မည် မဟုတ်ကြောင်း ရေးသားထားသည့် RFA သတင်းဌာနတွင် ဖော်ပြထားသည်။

ယင်း မဘသ လေးနှစ်ပြည့်အခမ်းအနားတွင် ရခိုင်ပြည်နယ် အရေးနှင့် ပတ်သက်၍ မကြာသေးခင်က ဖွဲ့စည်းခဲ့သော နိုဘယ်လ်ဆုရှင် ကိုဖီအာနန် ဦးဆောင်မည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍လည်း ““ရိုဟင်ဂျာ မဟုတ်ပါဘူး၊ No ရိုဟင်ဂျာဆိုတဲ့ စကားလုံးလေးကို မပြောနိုင်သေးတာ။ အဲဒီလို မပြောနိုင်ပါဘဲနဲ့၊ ဆုံးဖြတ်ချက်နည်းနည်းလေးမှ မချရပါသေးဘဲနဲ့ နိုင်ငံတကာကို ဖိတ်ခေါ်တယ်ဆိုတာကတော့ ပြည်တွင်းရေးကို ပြည်ပလူတွေနဲ့ ဖြေရှင်းခိုင်းသလို ဖြစ်သွားပါပြီ။ ခပ်ရိုင်းရိုင်း ဥပမာ ပေးရမယ်ဆိုရင်တော့ ကိုယ့်သမီးဖင် အနာပေါက်တာကို တစိမ်း ယောက်ျားလေးကို ဆေးလိမ်းခိုင်းသလို ဖြစ်သွားပါပြီ။ ဒါကတော့ ကိုဖီအာနန်ကို အစိုးရခိုင်းတာဟာ အဆင့်ကျော်နေတယ်ဆိုတဲ့ အကြောင်းကို ပြောတာပါ။ ကိုဖီအာနန်နဲ့ ပတ်သက်လို့ ဘုန်းကြီးတို့ကလည်း နိုင်ငံတကာအနေနဲ့ အဲဒီလို ဖိတ်ခေါ်တာကို မကြိုက်ဘူး” ဟု ဦးဝီရသူက မိန့်ကြားသည်။

သန့်ဇင်ဆွေ (အောက်ချင်းသစ္စာ သတင်းအေဂျင်စီ)
0

No comments

Post a Comment

Mega Menu

blogger
© all rights reserved
made with by templateszoo