ကလေး၊ သြဂုတ် ၃
ရေဘေးအန္တရာယ် ကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ဖောင်းကူးရွာဟောင်းတွင် စက်လှေကြီး နှစ်စင်းနှင့် လှေအသေး ငါးစီးအား အရန်သင့်ထားရှိပြီးဖြစ်ကြောင်း ကလေးခရိုင် စီမံခန့်ခွဲရေးကော်မတီက ထုတ်ပြန်ထားသည်။
သြဂုတ်လ ၂ ရက် တိုင်းထွာချက်များအရ နေရဉ္ဖရာချောင်းနှင့် မြစ်သာမြစ်ရေတို့သည် ယမန်နေ့များထက် တိုးမြှင့်လျက်ရှိရာ နေရဉ္ဖရာချောင်း (ဖောင်ကူး) တွင် ၃ လက်မခန့်သာ ဆက်လက်မြင့်တက်ခဲ့ရာ ချောင်းကမ်းပါးပြည့် ရောက်ရှိရန်အတွက် ၁၅ ပေခန့်သာ လိုတော့သည့်အခြေအနေတွင် ယင်းကဲ့သို့ ထုတ်ပြန်လာခြင်းလည်း ဖြစ်သည်။
မြစ်သာမြစ်ရေမှာ ဇူလိုင်လ ၃၁ ရက်က ၆၅၁ စင်တီမီတာသာ ရှိခဲ့သော်လည်း သြဂုတ် ၁ ရက်တွင် ၇၂၆ စင်တီမီတာနှင့် သြဂုတ်လ ၂ ရက် နံနက် ၆ နာရီအချိန်တွင် ၈၇၆ စင်တီမီတာအထိ မြင့်တက်လာခဲ့ရာ ဒေသခံပြည်သူအကြား စိုးရိမ်မှုများ မြင့်မားခဲ့သည်။
အဆိုပါ မြစ်သာမြစ်ရေ (ပြင်သာကျေးရွာ) တွင် မြင့်တက်လာရခြင်းမှာ ချင်းပြည်နယ် ဟားခါး၊ ဖလမ်းနှင့် တီးတိန်မြို့နယ်နှင့် ကလေးမြို့တွင် ရွာသွန်းခဲ့သော ရေများ မြစ်အတွင်း စီးဝင်ခြင်း၊ ရာဇဂြိုဟ်ဆည်၏ စိုးရိမ်ရေအမှတ် ၆၄၀ ပေထက် ၃ ဒသမ ၂ ပေ ကျော်လွန်နေသောရေများအား ရေပိုလွှဲမှ ထုတ်လွှင့်ခဲ့ခြင်း၊ ဂန့်ဂေါခရိုင် မြစ်သာဆည် စိုးရိမ်ရေအမှတ်ဖြစ်သည့် ပေ ၁၀၁၀ အထက် ၃ ဒသမ ၇ ပေ ကျော်လွန်နေသော ရေများအား ရေပိုလွှဲမှ ထုတ်လွှင့်ခဲခြင်းတို့ကြောင့် ဖြစ်သည်။
မြစ်သာမြစ်ရေအနေဖြင့် ဆက်လက်မြင့်တက်လာပြီး ၉၅၀ စင်တီမီတာအထိ ရောက်ရှိလာပါက သက်ဆိုင်ရာဒေသများအတွင်း သတိပေးချက် ထုတ်ပြန်မည်ဖြစ်ကာ ယင်းသို့ ထုတ်ပြန်ချိန်တွင် လယ်ယာသုံး တိရစ္ဆာန်များ၊ ရေစိုလွယ်ပစ္စည်းများ၊ ထိခိုက်လွယ် အုပ်စုများနှင့် လူများအား သတိပေးချက်အဆင့်အလိုက် ရွှေ့ပြောင်းပေးသွားရန်လည်း စီစဉ်ထားပြီး ဖြစ်သည်။
ရေဘေးကျရောက်ပါက ကူညီဆောင်ရွက်နိုင်ရန်အတွက် ကလေးမြို့၊ ဖောင်းကူးရွာဟောင်းအပြင် တောင်ဦး၊ ပြင်သာ၊ ကံပုလဲကျေးရွာများတွင်လည်း စက်လှေကြီးများ ထုတ်ပေးထားပြီဖြစ်ကာ လက်ရှိ ဖြစ်ပေါ်နေသည့် မြစ်ရေမြင့်တက်မှုအခြေအနေမှန်များကိုသိရှိလိုပါကလည်း ဦးစိုးနိုင် (၀၉၂၅၀၁၃၂၅၅၉) နှင့် ဦးတင်ထွန်းဝင်း (၀၉၂၄၅၀၄၇၅) ဆက်သွယ်စုံစမ်းနိုင်ကြောင်းလည်း ခရိုင်စီမံခန့်ခွဲမှု ကော်မတီ (ကလေး) က ထုတ်ပြန်ထားသည်။
သြဂုတ်လ ၃ ရက် နံနက် ၆ နာရီ တိုင်းတာချက်များအရ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၏ စိုးရိမ်ရေမှတ်အောက် ၇၈၈ စင်တီမီတာ၊ ဟုမ္မလင်းတွင် စိုးရိမ်ရေမှတ်အောက် ၂၈၀၇ စင်တီမီတာ၊ ဖောင်းပြင်မြို့တွင် ၁၃၄၈ စင်တီမီတာ၊ မော်လိုက်တွင် ၁၃၉၈ စင်တီမီတာ၊ ကလေးဝတွင် ၁၇၀၇ စင်တီမီတာနှင့် မင်းကင်းမြို့တွင် ၁၅၁၁ စင်တီမီတာဖြင့် စိုးရိမ်ရေအမှတ်ထက်တွင် ဆက်လက် တည်ရှိလျက် ရှိသည်။
ထို့ပြင် မြစ်သာမြစ်ရေသည် ပြင်သာဆိပ်ကမ်းတွင် ၉၅၆ စင်တီမီတာအထိ ရောက်ရှိနေပြီဖြစ်ကာ ရာဇဂြိုဟ်ဆည်မှာလည်း ၆၄၃ ဒသမ ၂ ပေအမြင့်ထိ မြင့်တက်လျက်ရှိပြီး မြစ်သာရေလှောင်တမံမှာမူ ရေပိုလွှဲမှ ၃ ဒသမ ၁ ပေခန့် ရေကျော်လျက်ရှိကြောင်း ကလေးခရိုင် ပြန်/ဆက်အား ကိုးကား၍ လူမှုကွန်ရက် ဖေ့ဘုတ်စာမျက်နှာတစ်ခုဖြစ်သည့် ကလေးမြို့မီဒီယာက ရေးသားထားသည်။
အောက်ချင်းသစ္စာ သတင်းအေဂျင်စီ

No comments
Post a Comment