Ad

Slider

အမျိုးသမီးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ခေါင်းစဉ်ဖြင့် ကလေးတွင် ဆွေးနွေးပွဲ ပြုလုပ်


ကလေး၊ သြဂုတ် ၁၁

မြန်မာပြည်ရှိ အမျိုးသမီးငယ်များအတွက် အလုပ်အကိုင်ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ “အမျိုးသမီးများနှင့် အလုပ်အကိုင် အခွင့်အလမ်းများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတစ်ရပ်ကို သြဂုတ်လ ၁၁ ရက်က စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ပင်လုံရပ်ကွက်ရှိ ဧရိပ်မွန် အမျိုးသမီး တိုးတက်ရေးဂေဟာတွင် ပြုလုပ်ခဲ့သည်။

ယင်းဆွေးနွေးပွဲကို Dawn Action on Women’s Network က ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းအဖွဲ့ကို ၂၀၁၄ ကတည်းက အမျိုးသမီးများအရေးအတွက် တည်ထောင်ထားခြင်း ဖြစ်သည်။

“ပြောရမယ်ဆိုရင် မိသားစုတစ်ခုမှာဆိုရင် ၀င်ငွေရတဲ့ အလုပ်ကို စွဲစွဲမြဲမြဲ လုပ်လေ နာမည်ကြီးလေ၊ အောင်မြင်လေလေပါပဲ။ အဓိကတော့ အလုပ်လုပ်ဖို့ပါပဲ။ သူများက ဆရာဝန်ဆို ဆရာဝန်၊ သူများက ဘွဲ့ရဆိုရင်၊ လိုင်းလွဲပြီး လုပ်နေစရာ မလိုပါဘူး။ ကလေးတွေ သူတို့လေးတွေရဲ့ ၀ါသနာပါတဲ့အလုပ်ကို လုပ်ကိုင်ဖို့ပါပဲ။ မိဘတွေအနေနဲ့ ဖြစ်နိုင်မလား၊ အဖွဲ့အစည်းအနေနဲ့ လုပ်နိုင်မလား စသဖြင့် လေ့လာသုံးသပ်နိုင်ရပါမယ်။ ဒါမှ အလုပ်အကိုင် အခွင့်အလမ်းပဲ ဖြစ်ပါတယ်။ ဘယ်သူတွေက ဒီကိစ္စကို ခေါင်းထဲ ထည့်ထားရမလဲဆိုရင်ဖြင့် ကျွန်မတို့လို ၄၀ ကျော် အဒေါ်တွေ၊ ဘကြီးတွေ၊ ကြီးကြီးတွေက ကိုယ့်ရဲ့ ဒုတိယမျိုးဆက်တွေကို မပြတ်တမ်း စောင့်ကြည့်နေရမှာ ဖြစ်ပါတယ်။ သူတို့လေးတွေ ဘယ်အလုပ်နဲ့ သင့်တော်မယ်၊ မသင့်တော်ဘူးလားဆိုတာ ဆုံးဖြတ်နိုင်ဖို့ လိုတယ်။ ကလေးတွေဟာ ဆိုရင်ဖြင့် ၁၀ တန်းအောင်သည်ဖြစ်စေ၊ မအောင်သည်ဖြစ်စေ ခွဲခြားတာတို့၊ နှိမ့်ချပြောဆိုတာ၊ ဆက်ဆံတာ မလုပ်သင့်ပါဘူး။ မြေတောင်မြှောက်ပေးရမှာပါ။ အခွင့်အလမ်းဆိုတာ မိမိအနားမှာ အမြဲရှိနေပါတယ်။ လုပ်ဖို့သာ လိုပါတယ်။ လူတွေက ဒီလိုအခွင့်အလမ်းလို့ပြောရင် ငါ့ကို နိုင်ငံခြားကို ပို့ပေးမှာလား၊ ဒါမှမဟုတ် ရာထူးတိုးပေးမှာလား၊ ဒါတွေဟာ မဟုတ်ပါဘူး။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရမှာပါ။ ကျွန်မတို့အနေနဲ့ တူသားနောင်မယ်တွေအပေါ် ရွေးချယ်မှု မှန်မယ်ဆိုရင် အာရှမှာ ကျားတစ်ကောင် ဖြစ်လာမှာပါ” မှာ အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ ဒေါ်ချစ်ချစ်က ပြောသည်။


အဆိုပါ ဟောပြောပွဲသို့ ကလေးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၊ အမျိုးသမီးရေးရာအဖွဲ့၊ အမျိုးသမီးရေးရာ အခွင့်အရေးများအဖွဲ့၊ စမ်းမြို့ရပ်ကွက် နားမကြားကျောင်း၊ ချမ်းမြေ့လူငယ်၊ မေတ္တာမွန်၊ ကရုဏ၊ NPG၊ NLD ချစ်သူများအဖွဲ့နှင့် အလုပ်သမား ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ထို့ပြင် ဧရိပ်မွန်အမျိုးသမီး တိုးတက်ရေးဂေဟာမှ ကျောင်းဆရာမကြီး ဒေါ်မေရီမြင့်ကလည်း အမျိုးသမီးများနှင့် အလုပ်အကိုင်အခွင့်လမ်းများ ဆိုသည့် ခေါင်းစဉ်အောက်တွင် ယင်းနှင့်ပတ်သက်သည့် အခြားသောကဏ္ဍများကိုလည်း ပါဝင်ဆွေးနွေးခဲ့သေးသည်။

လတ်တလောတွင် Dawn Action on Women’s Network အနေဖြင့် အမျိုးသမီးများနှင့် ဆက်စပ်သော အကြမ်းဖက်မှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ သင်တန်းများလည်း ပြုလုပ်လျက်ရှိရာ ၂၀၁၅ ခုနှစ်အတွင် သင်တန်းသား ၅၀ ကျော် မွေးထုတ်ပြီး ဖြစ်သည်။ အဆိုပါ သင်တန်းသားများမှတစ်ဆင့် ၎င်းတို့၏ ဒေသများတွင် ဆင့်ပွားသင်တန်းများ ပေးသွားနိုင်ရန်အတွက် စီမံကိန်းချမှတ်ထားသေးသည်။

သန့်ဇင်ဆွေ (အောက်ချင်းသစ္စာ သတင်းအေဂျင်စီ)
0

No comments

Post a Comment

Mega Menu

blogger
© all rights reserved
made with by templateszoo