Ad

Slider

သြဂုတ်လ ၈ ရက်ကို မြန်မာနိုင်ငံ ဒီမိုကရေစီနေ့အဖြစ် တရားဝင် သတ်မှတ်ပေးရန်လိုကြောင်း ၈၈ မျိုးဆက်တိုက်တွန်း

ရန်ကုန်၊ သြဂုတ် ၈

မြန်မာ့ဒီမိုကရေစီရေးသမိုင်းတွင် အထင်ကရနေ့ရက်ဖြစ်သည့် သြဂုတ်လ ၈ ရက်ကို မြန်မာနိုင်ငံ ဒီမိုကရေစီနေ့အဖြစ် တရားဝင် သတ်မှတ်ပေးရန်လိုကြောင်း ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)က ယနေ့ ပြုလုပ်သော ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံ ၂၈ နှစ်အခမ်းအနားတွင် ထုတ်ပြန်ချက်ထုတ်၍ တိုက်တွန်းပြောကြားလိုက်သည်။

“ရှစ်လေးလုံးမှာ ပေးဆပ်စွန့်လွှတ်ခဲ့တဲ့ ရဟန်းရှင်လူ ပြည်သူပြည်သားများစွာရဲ့ ပေးဆပ်စွန့်လွတ်မှုကြောင့် ကျွန်တော်တို့ ဒီနေ့ခေတ် ဒီအခြေအနေကို ရောက်တာ။ ဒီဟာက မြန်မာနိုင်ငံရေး သမိုင်းရဲ့ ကြီးမားတဲ့အလှည့်အပြောင်းကြီးဖြစ်တယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့က တစ်ပြည်လုံးနဲ့ သက်ဆိုင်တဲ့ ဒီနေ့ကို အထွတ်အမြတ်ထားလို့ တိုက်တွန်းတာဖြစ်ပါတယ်။ သို့သော် ဆောင်ရွက်သည်ဖြစ်စေ မဆောင်ရွက်သည်ဖြစ်စေ ကျွန်တော်တို့ရင်ထဲကတော့ ဒီနေ့ကို မြန်မာနိုင်ငံဒီမိုကရေစီနေ့အဖြစ် သတ်မှတ်ပြီးဖြစ်တယ်” ဟု ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း) မှ ကိုမြအေးက ပြောသည်။

၈၈ မျိုးဆက်အနေဖြင့် ၎င်းတို့၏ ရှစ်လေးလုံး ငွေရတုဆုံးဖြတ်ချက် ၃ ရပ်ဖြစ်သော ကိုယ့်ကြမ္မာကိုယ်ပြဌာန်းပိုင်ခွင့်ရှိ၍ တန်းတူညီမျှသော ဒီမိုကရစ်တစ် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ်ကို ထူထောင်ရန်၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရန်(သို့) ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ပြန်လည်ရေးဆွဲရန်နှင့် ထိုသို့ဖော်ဆောင်နိုင်ရေးအတွက် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်သော အမျိုးသားအင်အားစု အားလုံးပါဝင်သည့် ညီလာခံတစ်ရပ်ကျင်းပရန်တို့သည် မြန်မာ့နိုင်ငံရေးလမ်းညွှန်ဖြစ်ပြီး နိုင်ငံတော်အစိုးရက ဖော်ဆောင်ရမည့် ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်နှင့် ဆက်စပ်နေသည်ဟု မြင်မိကြောင်း ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

ရှစ်လေးလုံး ငွေရတုဆုံးဖြတ်ချက်နှင့်အညီ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် တူညီသော ရည်ရွယ်ချက်များပေါ်တွင် နိုင်ငံတော်အစိုးရ၊ တိုင်းရင်းသား ပြည်သူများတစ်ရပ်လုံးနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၈၈ မျိုးဆက်က ထပ်မံ ပြောဆိုထားသည်။

ယနေ့ပြုလုပ်သော ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံ ၂၈ နှစ်အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဦးခွန်ထွန်းဦး၊ ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ခေါင်းဆောင်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် နိုင်ငံလောကသားများက တက်ရောက်ခဲ့ကြသည်။

နေမင်းသူ (အောက်ချင်းသစ္စာ သတင်းအေဂျင်စီ)
0

No comments

Post a Comment

Mega Menu

blogger
© all rights reserved
made with by templateszoo