Ad

Slider

ပြည်မြို့ပေါ်ရပ်ကွက်အချို့ ရေနစ်မြုပ်၍ အိမ်ထောင်စု ၂၅၀ ခန့် ရွှေ့ပြောင်းခဲ့ရ

ပြည်၊ သြဂုတ် ၁

ဧရာဝတီမြစ်ရေတက်မှု နောက်ဆက်တွဲအဖြစ် ပဲခူးတိုင်းအနောက်ခြမ်း ပြည်မြို့ရှိ န၀င်းနယ်မြေအတွင်းရှိ ရပ်ကွက်အချို့၌ ရေ၀င်ရောက်ခဲ့ရာ ဒေသခံပြည်သူ ၁၀၀၀ နီးပါး (အိမ်ထောင်စု ၂၅၀ ခန့်) ရေလွတ်ရာနေရာများသို့ ပြောင်းရွှေ့နေထိုင်ရလျက် ရှိသည်။



ရေ၀င်ရောက်ခဲ့သည့် ရပ်ကွက်များမှာ ဖိုးခေါင်း၊ ချောင်းနားတန်းနှင့် မာလကာကုန်းရပ်ကွက်တို့ ဖြစ်ပြီး ရပ်ကွက်နေ ပြည်သူအချို့မှာ ဇူလိုင်လ ၃၀ ရက်ကတည်းက ရေလွတ်ရာဖြစ်သည့် န၀င်းဝါဆို ဘုန်းတော်ကြီးကျောင်း၊ ရွှေပုလ္လင်မှော် ဓမ္မာရုံနှင့် ၀ါရုံရပ်ကွက်ရှိ တာရိုးများပေါ်သို့ ပြောင်းရွှေ့နေထိုင်နေကြခြင်း ဖြစ်သည်။

"လောလောဆယ် ဒီမှာပြောင်းနေရတာ ၃ ရက်ရှိပြီ။ ရေက တဖြည်းဖြည်း တက်လာလို့ မိသားစုလိုက် ပြောင်းလာတာ။ ရေထဲမှာ မြွေပွေးတွေလည်း ပါလာတယ်။ ညရေးညတာဆို စိတ်မချရဘူး။ ကျွန်တော်တို့ရပ်ကွက်က ဝမ်းရောဂါလည်း ဖြစ်ထားလို့ မနေရဲတော့ဘူး" ဟု နဝင်းရပ်ကွက် ရွှေပုလ္လင်မှော် ဓမ္မာရုံသို့ ပြောင်းရွှေ့လာသူ ကိုစိုးဝင်းက အောက်ချင်းသစ္စာ သတင်းအေဂျင်စီသို့ ပြောသည်။

ဝါရုံရပ်ကွက် တာရိုးပေါ်သို့ ပြောင်းရွှေ့နေထိုင်ကြရသူများမှာ ယင်းတာရိုးပေါ်၌ တဲအိပ်ငယ်များ ယာယီဆောက်လုပ်ကာ နေထိုင်နေရခြင်း ဖြစ်သည်။

သြဂုတ်လ ၁ ရက် နံနက်ပိုင်းတွင်လည်း ယာယီရေဘေးရှောင်စခန်းအဖြစ် ပြုလုပ်ထားသည့် န၀င်း အ.မ.က ကျောင်းနှင့် ဖိုးခေါင်း အ.မ.က ကျောင်းများသို့လည်း ပြောင်းရွှေ့နေထိုင်သူများ ရှိလာကြောင်း ဒေသ အာဏာပိုင်များထံမှ သိရသည်။

“ဒီမနက် နဝင်း အ.မ.က ကျောင်းကို အိမ်ထောင်စု ၅၀ လူဦးရေ ၂၂၁ ထပ်တိုးရောက်ရှိလာတယ်။ ဖိုးခေါင်း အ.မ.က ကျောင်းမှာလည်း ဒီမနက် ထပ်ရောက်လာတာတွေရှိတယ်၊ စာရင်းကတော့ မသိရသေးဘူး။ လောလောဆယ် သူတို့တွေအတွက် သောက်သုံးရေ လိုအပ်နေတယ်” ဟု န၀င်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးစာရေး ဦးမျိုးဇော်ဝင်းက ဆိုသည်။


မိုးလေ၀သနှင့် ဇလဗေဒရုံး၏ သြဂုတ်လ ၁ ရက် နေ့လယ်ပိုင်း တိုင်းထွာချက်များအရ ဧရာဝတီမြစ်ရေမှာ မြစ်၏ စိုးရိမ်ရေမှတ် ၂၉၀၀ သို့ ရောက်ရှိရန် ၁၆ စင်တီမီတာသာ လိုတော့ကြောင်းနှင့် ညနေပိုင်းတွင်မူ စိုးရိမ်ရေမှတ်ထက် ကျော်လွန်လာနိုင်ကြောင်း ခန့်မှန်းထားသည်။

ခိုင်သစ်
0

No comments

Post a Comment

Mega Menu

blogger
© all rights reserved
made with by templateszoo