Ad

Slider

လေးလောင်းပြိုင်လူသတ်မှုမှာ မူးယစ်ဆေးဝါးမှုနှင့် မဆက်စပ်ကြောင်း နိုင်ငံပိုင်သတင်းစာ ဖော်ပြ

ရန်ကုန်၊ သြဂုတ် ၂၄

ကလေးငယ်နှစ်ဦးအပါအ၀င် မိသားစုလေးဦးစလုံး အသက်ခံခဲ့ရသည့် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာအုပ်စု၊ ပတ္တမြားမြို့သစ်ရပ်ကွက်တွင် ဖြစ်ပွားခဲ့သည့် လေးလောင်းပြိုင်လူသတ်မှုမှာ လူမှုကွန်ရက် ဖေ့ဘုတ်ပေါ်တွင် ပျံ့နှံ့လျက်ရှိသော မူးယစ်ဆေးဝါး စိတ်ကြွဆေးပြား ခြောက်သန်းပါရှိသည့်အမှုမှာ အကောင်အထည် ပေါ်မလာဘဲ ပျောက်သွားသည့်ကိစ္စနှင့် ပတ်သက်၍ စိတ်နာပြီး ရဲတပ်ဖွဲ့မှ နုတ်ထွက်သွားခြင်းမှာ မဟုတ်မှန်ကြောင်း သြဂုတ်လ ၂၄ ရက်ထုတ် အစိုးရအာဘော် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

“မင်္ဂလာဒုံ လေးလောင်းပြိုင်လူသတ်မှုနှင့် စပ်လျဉ်း၍ သတင်းမှားများ ထွက်ပေါ်နေပြီး အမှုမှန်ပေါ်ပေါက်ရေး ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့နှင့် မှုခင်းရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်” အမည်ဖြင့် ကြေးမုံသတင်းစာ စာမျက်နှာ ၁၁ တွင် အဆိုပါ လူသတ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ဖော်ပြထားခြင်း ဖြစ်သည်။

အဆိုပါ သတင်းတွင် “လူမှုကွန်ရက်စာမျက်နှာများတွင် သေဆုံးသူ ကိုစိုးနောင်နှင့် ပတ်သက်ပြီး ၎င်းတာဝန်ထမ်းဆောင်စဉ်က ရန်ကုန် ထောက်ကြန့်အ၀င်လမ်းတွင် အလုံပိတ်ကားတစ်စီး တားဆီးရာမှ ရပ်တန့်ပေးခြင်းမရှိသဖြင့် ၎င်းနှင့်အတူ တပ်ဖွဲ့ဝင်သုံးဦးတို့က တွဲခိုလိုက်ပါသွားခဲ့ရာ သမိုင်းလမ်းဆုံ မုဒိတာအိမ်ရာအနီးတွင် ကားရပ်တန့်သွားကြောင်း၊ ၎င်းကားပေါ်တွင် မူးယစ်ဆေးဝါး စိတ်ကြွဆေးပြား (၆) သန်းပါရှိသည့်အမှုမှာ အကောင်အထည် ပေါ်မလာဘဲ ပျောက်သွားသည့်ကိစ္စနှင့် ပတ်သက်၍ စိတ်နာပြီး ရဲတပ်ဖွဲ့မှ နုတ်ထွက်သွားကြောင်း ဖော်ပြထားသည့် သတင်းမှာ သတင်းမှားများသာ ဖြစ်ကြောင်း” ဟူ၍ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အား ကိုးကား၍ ဖော်ပြထားသည်။

အဆိုပါ လူသတ်မှုမှာ သြဂုတ်လ ၂၀ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက်ခံခဲ့ရသူများမှာ ရဲအရာရှိဟောင်းဖြစ်သူ ကိုစိုးနောင်၊ ဇနီးဖြစ်သူ မချယ်ရီပွင့်၊ သားနှစ်ဦးဖြစ်သူ မောင်ဟန်သူရနှင့် မောင်စွမ်းမြတ်ထက်တို့ ဖြစ်သည်။

ကိုစိုးနောင် သတ်ဖြတ်ခံရမှုနှင့် ဆက်စပ်သည်ဟူ၍ ထွက်ပေါ်လာသည့် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုမှာ “၂၀၁၆ ခုနှစ် မတ် ၃ ရက်က မူးယစ်တပ်ဖွဲ့စု (၄၂) နှင့် မရမ်းကုန်းမြို့နယ်ရဲတပ်ဖွဲ့ဝင်တို့ ပူးပေါင်း၍ မရမ်းကုန်းမြို့နယ် အမှတ်(၂)ရပ်ကွက် မုဒိတာအိမ်ရာ တွင် စောဘာလာစောပါ ခြောက်ဦးတို့အား စိတ်ကြွ ရူးသွပ်ဆေးပြား ၆ ဒသမ ၄ သိန်း၊ အိုက်စ် ၄၄ ဂရမ်၊ ဘိန်းမည်း ၅၄ ဂရမ်၊ ငွေကျပ်ကျပ် သိန်း ၁၀၀ နှင့် မော်တော်ယာဉ် နှစ်စီးတို့ သိမ်းဆည်းရမိခဲ့သဖြင့် ဘုရင့်နောင်နယ်မြေ ရဲစခန်း (ပ)၂/၂၀၁၆၊ မူးစိတ်ပုဒ်မ ၁၅/၁၉(က)/၂၀ (က)/၂၁ ဖြင့် အမှုဖွင့်ထားသော အမှုတစ်မှုဖြစ်ပြီး အဆိုပါ အမှုသည် ဒုရဲအုပ်စိုးနောင် ရဲတပ်ဖွဲ့မှ နုတ်ထွက်သွားပြီးနောက်ပိုင်း ဖြစ်ပွားသော အမှုသာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်”ဟူ၍ အစိုးရပိုင် သတင်းစာတွင် ဖော်ပြထားသည်။

ယင်း လေးလောင်းပြိုင်လူသတ်မှုနှင့် ပတ်သက်၍ လတ်တလောတွင် ထောက်ကြန့်နယ်မြေရဲစခန်းက (ပ) ၅၀၃/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ (လူသတ်မှု) ဖြင့် အမှုဖွင့်ထားကာ လူသတ်မှုနှင့် ဆက်စပ်၍ မသင်္ကာဖွယ်ရာ လူသုံးဦး၏ ဓာတ်ပုံကိုလည်း ထုတ်ပြန်ထားကာ ယင်းလူသုံးဦးနှင့် ပတ်သက်သည့်အချက်အလက်များအား သိရှိသူများ၊ ၎င်းတို့နှင့် ဆက်စပ်ပတ်သက်သူများအနေဖြင့် သက်ဆိုင်ရာရဲစခန်းသို့ လာရောက်ကူညီ အသိပေး အကြောင်းကြားပေးရန်အတွက် နှိုးဆော်ထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
0

No comments

Post a Comment

Mega Menu

blogger
© all rights reserved
made with by templateszoo