Ad

Slider

၂၁ ပင်လုံညီလာခံ ထောက်ခံပွဲ ကလေးတွင် ပြုလုပ်


ကလေး၊ သြဂုတ် ၁၃

တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရရှိရန် ရည်ရွယ်ပြီး မကြာခင် ပြုလုပ်တော့မည့် ၂၁ ပင်လုံညီလာခံအား ထောက်ခံသည့် လူထုဆန္ဒဖော်ထုတ်ပွဲကို သြဂုတ်လ ၁၃ ရက်က စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ပြုလုပ်ခဲ့ရာ လူထုအင်အား ၃၀၀ ကျော် ပါဝင်ခဲ့သည်။

ယင်း လူထုထောက်ခံပွဲအတွက် လူအင်အား ၅၀၀ ဖြင့် ပြုလုပ်မည်ဟု ခွင့်ပြုမိန့်တင်ထားသော်လည်း လူအင်အား ၃၀၀ ကျော်သာ ပါဝင်ခဲ့ပြီး ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး - တို့အရေး၊ လက်နက်ကိုင် တော်လှန်ရေး - အလိုမရှိ၊ ၂၁ ပင်လုံညီလာခံ - အောင်ရမည်၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး - တို့အရေး စသည့် ဗီနိုင်းများ ကိုင်ဆောင်ကာ နံနက် ၇ နာရီမှစ၍ ကလေးမြို့တွင်းရှိ နတ်ချောင်းလမ်း၊ ဗိုလ်ချုပ်လမ်း၊ ဆိပ်ကမ်းသာလမ်း၊ ပင်လုံလမ်း၊ ကလေးဝလမ်းများအတိုင်း လှည့်လည်ခဲ့ကြသည်။

“NLD အဖွဲ့က ဦးစီးပြီး လုပ်တာတော့ မဟုတ်ပါဘူး။ ပြည်သူပြည်သားတစ်ယောက်အနေနဲ့ ဒီ မြန်မာနိုင်ငံ ငြိမ်းချမ်းဖို့ကို ရည်ရွယ်ပြီး လုပ်တာပါရှင့်။ တိုင်းရင်းသား စည်းလုံးညီညွတ်ဖို့၊ ဖက်ဒရယ် ပြည်ထောင်စု အကောင်အထည်ဖော်နိုင်ဖို့ ပြည်သူတစ်ယောက်အနေနဲ့၊ ပြည်သူတစ်ယောက်ရဲ့ စိတ်ဆန္ဒနဲ့ ပြုလုပ်တာပါရှင့်။ အထက်က ချမှတ်တာတို့၊ NLD ပါတီက မူချမှတ်ထားတာတို့ မရှိပါဘူး” ဟု ယင်းထောက်ခံပွဲတွင် ပါဝင်သူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဝင်၊ အထက်တန်းရှေ့နေ တစ်ဦးဖြစ်သူ ဒေါ်အိဖြူဝင်းက အောက်ချင်းသစ္စာ သတင်းအေဂျင်စီသို့ ပြောသည်။

၂၁ ပင်လုံညီလာခံ လူထုထောက်ခံပွဲတွင် ကလေးမြို့ တောင်ဖီလာ ဘုန်းတော်ကြီးကျောင်းနှင့် ရွှေရတနာဥယျာဉ်စာသင်တိုက်မှ သံဃာတော်များ၊ NLD အဖွဲ့ဝင်များ၊ ကလေးမြို့ ၈၈ ငြိမ်း/ပွင့်မှ အဖွဲ့ဝင်များ၊ NLD ချစ်သူများအဖွဲ့နှင့် အခြားသော ပရဟိတအဖွဲ့များ အဖွဲ့ဝင်များ ပါဝင်ခဲ့ကြခြင်းလည်း ဖြစ်သည်။


“တိုင်းရင်းသားတွေအားလုံး စုစည်းချင်တယ်။ ပြန်လည်ရင်ကြားစေ့ရေး လုပ်ပြီးမှ ဖက်ဒရယ်လို့ ခေါ်တဲ့ ပြည်ထောင်စုစစ်စစ်ကြီး ရမှာ ဖြစ်တယ်။ ဖယ်ဒရယ်ဆိုတာကတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ခံစားခွင့်၊ တန်းတူညီမျှခွင့်၊ အဲဒါတွေ အကုန်ပါတယ်။ အဲဒါကို ပြန်လည်ထူထောင်ချင်တာ ဖြစ်တယ်။ ပထမအဆင့်က အမျိုးသားတွေ ပြန်လည်ရင်ကြားစေ့မယ်၊ တိုင်းရင်းသားတွေ စည်းလုံးရမယ်၊ ခံစားခွင့်တွေ ပြည်နယ် ကြီးကြီးသေးသေး တန်းတူခံစားခွင့်ရှိရေးအတွက် ၂၁ ပင်လုံညီလာခံကို ထောက်ခံကြိုဆိုရခြင်း ဖြစ်ပါတယ်” ဟု ထောက်ခံပွဲတွင် ပါဝင်သူ ကလေးမြို့ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးပါကြူးက ဆိုသည်။

သန့်ဇင်ဆွေ (အောက်ချင်းသစ္စာ သတင်းအေဂျင်စီ)
0

No comments

Post a Comment

Mega Menu

blogger
© all rights reserved
made with by templateszoo