Ad

Slider

ငလျင်ကြောင့် ပုဂံဘုရား ၆၅ ဆူ ပျက်စီးခဲ့ကြောင်း ကနဦး ထုတ်ပြန်

ပခုက္ကူတွင် တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ


ရန်ကုန်၊ သြဂုတ် ၂၄

မြန်မာပြည်တစ်ဝန်းနီးပါး ခံစားခဲ့ရသည့် ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့ရှိ ရှေးဟောင်း ဘုရားစေတီပုထိုးများ ထိခိုက်ပျက်စီးမှု ဖြစ်ပွားခဲ့ရာ ဘုရားပုထိုးပေါင်း ၆၅ ဆူ ထိခိုက်ပျက်စီးခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ၎င်းတို့၏ လူမှုကွန်ရက် ဖေ့ဘုတ်စာမျက်နှာမှတစ်ဆင့် ကနဦး ထိခိုက်မှုစာရင်းအား ထုတ်ပြန်ထားသည်။

ပျက်စီးထိခိုက်ခဲ့သည့် စေတီပုထိုးများမှာ ထီးလိုမင်းလိုစေတီတော် ထီးတော်ပြိုကျခြင်း၊ ဓမ္မရံကြီး ဘုရားမုဒ်ဦး ပြိုကျခြင်း၊ ငါးမျက်နှာဘုရား၊ ဘုရားအမှတ် ၁၆၁၆၊ ခေမိန္ဒများ ပျက်စီးခြင်း၊ မြစေတီ စိန်ဖူးတော်ပြုတ်ကျခြင်း၊ အာနန္ဒာဘုရား အင်္ဂတေများ ကွာကျခြင်း၊ တစ်ဖက်ကျစေတီ ထီးတော်မြေခခြင်းအပါအ၀င် အခြားသော ဘုရားပုထိုး စုစုပေါင်း ၆၅ ဆူ ပျက်စီးထိခိုက်ခဲ့ခြင်း ဖြစ်သည်။ ယင်း ရရှိသည့်စာရင်းမှာ ကနဦးအနေဖြင့် ကောက်ယူထားသည့် စာရင်းသာဖြစ်ပြီး ဆက်လက်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါငလျင်မှာ မြန်မာပြည်အလယ်ပိုင်း ချောက်မြို့၏ အနောက်ဘက် ၁၂ မိုင်ခန့်အကွာအား ဗဟိုပြု၍ သြဂုတ်လ ၂၄ ရက် မြန်မာစံတော်ချိန် ငါးနာရီကျော်ခန့်တနွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပြင်းအား ၆.၈ ရစ်(ခ်)တာ စကေးရှိကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားရေးမှူးဦးစီးဌာနက ကြေညာထားသည်။

ယင်းငလျင် လှုပ်ခတ်မှုဒဏ်ကို ပုဂံ ညောာင်ဦးအပြင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပြည်၊ ပခုက္ကူ၊ မကွေးခရိုင် မင်းလှမြို့၊ ချောင်းဦး၊ ကျောက်ပန်းတောင်း၊ ဆင်ပေါင်ဝဲ၊ ရေနံချောင်း၊ ဧရာဝတီတိုင်း ရေကြည် စသည့် မြို့များတွင်လည်း ခံစားခဲ့ရပြီး ပခုက္ကူမြို့ ကွမ်းရွာရှိ ပုဂ္ဂလိကပိုင် ဆေးပေါင်းရုံ အဆောက်အဦ ပြိုကျခဲ့မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက် ဖေ့ဘုတ်စာမျက်နှာ ဖြစ်သည့် MOI Webportal Myanmar တွင် ဖော်ပြထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
0

No comments

Post a Comment

Mega Menu

blogger
© all rights reserved
made with by templateszoo