Ad

Slider

နောင်ချိုတွင် လေဆင်နှာမောင်းကြောင့် အိမ်ခြေ ၁၉ လုံးပျက်စီးကာ လေးဦးဒဏ်ရာရ

ဓါတ်ပုံ - ကိုရဲစိုးဝင်း (ရေဝင်ရွာ)
ရန်ကုန်၊ သြဂုတ် ၂၀

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင်းရှိ ကုန်းကြီးကျေးရွာအုပ်စု၊ ရေ၀င်နှင့် ပင်စုံကျေးရွာတို့တွင် သြဂုတ်လ ၂၀ ရက် နံနက်အစောပိုင်းက လေဆင်နှာမောင်း တိုက်ခတ်ခဲ့မှုကြောင့် နေအိမ် ၁၉ လုံးပျက်စီးကာ လူလေးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက အောက်ချင်းသစ္စာ သတင်းအေဂျင်စီသို့ ပြောသည်။

လေဆင်နှာမာင်း တိုက်ခတ်မှုကြောင့် ဒဏ်ရာရရှိသူများအနက် ပြင်းထန်ဒဏ်ရာရသူ နှစ်ဦးအား ပြင်ဦးလွင်ဆေးရုံသို့ ပို့ဆောင်ကုသထားရသည်။

“မနက် ၃ နာရီလောက်ဝန်းကျင်က ဖြစ်တာပေါ့။ ဒဏ်ရာရတဲ့သူထဲမှာ ဆေးရုံက နှစ်ယောက် ပို့လိုက်တယ်ဗျ။ ပြင်ဦးလွင်ဆေးရုံကို နှစ်ယောက် ပို့လိုက်တယ်။ အမျိုးသားတွေဗျ။ သူက ခေါင်းမှာ ဒဏ်ရာရတာ နည်းနည်းများသွားတယ်ဗျ။ သိပ်အစိုးရိမ်ရကြီးတော့ မဟုတ်ဘူး။ နည်းနည်းတော့ ပြင်းသွားတာပေါ့။ အိပ်နေတဲ့အချိန်မှာ ဖြစ်တာဗျ” ဟု ရေ၀င်ရွာမှ ဒေသခံ ကိုရဲစိုးဝင်းက အောက်ချင်းသစ္စာ သတင်းအေဂျင်စီသို့ ပြောသည်။

ရေဝင်ကျေးရွာမှာ ပြင်ဦးလွင်မြို့နှင့် နောင်ချိုမြို့ကြား မန္တလေး-လာရှိုးလမ်းမပေါ်တွင်တည်ရှိကာ ပင်စုံကျေးရွာရွာမှာ ရေဝင်ကျေးရွာမှ ကျေးရွာချင်းဆက်သွယ်ထားသည့် လမ်းဖြင့် တစ်မိုင်ခန့်အတွင်းသို့ ဝင်ရသည်။
ဓါတ်ပုံ - ကိုရဲစိုးဝင်း (ရေဝင်ရွာ)
ဓါတ်ပုံ - ကိုရဲစိုးဝင်း (ရေဝင်ရွာ)
အဆိုပါလေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ဒေသခံများ စိုက်ပျိုးထားသည့် ပြောင်းစိုက်ခင်းအချို့လည်း ပျက်စီးခဲ့ရကာ ယခုဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာသို့လည်း အကြောင်းကြားထားပြီး ဖြစ်သည်။

“အခင်းတွေကတော့ ဒီ လေကြောသင့်တဲ့နေရာ အတော်များများ ပျက်စီးတယ်ဗျ။ လောလောဆယ် အာဏာပိုင်တွေကို အကြောင်းကြားထားတုန်းပဲ ရှိသေးတယ်ဗျ။ ကျွန်တော်တို့ မြစိမ်းရောင်တို့ ဘာတို့ကိုလည်း အကြောင်းကြားထားသေးတယ်ဗျ။ ပင်စုံကတော့ လူကတော့ ဒဏ်ရာမရဘူးတဲ့။ ခြောက်အိမ်၊ ခုနစ်အိမ်လောက်တော့ ပျက်စီးသွားတယ်ဗျ” ဟု ကိုရဲစိုးဝင်းက ဆိုသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
0

No comments

Post a Comment

Mega Menu

blogger
© all rights reserved
made with by templateszoo