Ad

Slider

မြန်မာ-အိန္ဒိယကြား နယ်စပ်ဈေးများမှ ကုန်သွယ်မှုစတင်နိုင်ရေး နှစ်နိုင်ငံအစိုးရကြား မျှော်လင့်ထား

နယ်စပ် သောင်းကျန်းသူများအား နေရာမပေးရေး ဆွေးနွေးခဲ့

Photo by Myanmar President Office
ရန်ကုန်၊ သြဂုတ် ၂၀

မြန်မာနိုင်ငံနှင့် အိန္ဒိယ ထိစပ်နေသည့် ဒေသများမှ နယ်စပ်ဈေးများမှတစ်ဆင့် ကုန်သွယ်မှု စတင်နိုင်ရေးအတွက် နယ်စပ်ဈေးများ ဖွင့်လှစ်လည်ပတ်နိုင်ရေးမည့် နည်းလမ်းများကို မကြာမီ သဘောတူညီမှုရရှိနိုင်ရေးအတွက် နှစ်နိုင်ငံလုံးမှ မျှော်လင့်နေကြောင်း သြဂုတ်လ ၂၉ ရက် နေ့စွဲဖြင့် ထုတ်ပြန်သည့် သမ္မတ ဦးထင်ကျော်၏ အိန္ဒိယခရီးစဉ်အတွင်း ထုတ်ပြန်ခဲ့သည့် ပူးတွဲကြေညာချက်တွင် ပါရှိသည်။

သြဂုတ်လ ၂၇ ရက်မှ ၃၀ ရက်နေ့အထိ လေးရက်ကြာမြင့်သည့် သမ္မတဦးထင်ကျော်၏ အိန္ဒိယခရီးစဉ်အတွင်း ကဏ္ဍပေါင်းစုံနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာတွင် “နယ်စပ်ဈေးများမှတစ်ဆင့် ကုန်သွယ်မှု စတင်နိုင်ရေးအတွက် နယ်စပ်ဈေးများ ဖွင့်လှစ်လည်ပတ်နိုင်မည့် နည်းလမ်းများကို မကြာမီ သဘောတူညီမှုရရှိနိုင်ရေးအတွက် နှစ်ဖက်လုံးက မျှော်လင့်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်” ဟု ယင်းပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

လတ်တလောတွင် မြန်မာ-အိန္ဒိယကြား နယ်စပ်ဈေးအဖြစ် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်နှင့် အိန္ဒိယနိုင်ငံ မိုရေးမြို့အကြားတွင်သာ ရှိနေသေးပြီး ကျန်သည့် နယ်နိမိတ် ထိစပ်နေသော ဒေသများတွင်မူ နယ်စပ်ဈေးဟူ၍ ကြီးကြီးမားမား မရှိသေးပေ။

မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံသို့ အဓိကအနေဖြင့် ပဲမျိုးစုံ တင်ပို့လျက်ရှိရာ မြန်မာပဲစိုက်တောင်သူများအား အရည်အချင်း ကောင်းမွန်သော ပဲမျိုးမျာား စိုက်ပျိးထုတ်လုပ်နိုင်မှု တိုးမြှင့်ရန်နှင့် အိန္ဒိယဈေးကွက်သို့ ပိုမိုထိုးဖောက် ၀င်ရောက်နိုင်စွမ်းရှိရေးအတွက် အိန္ဒိယကုမဏီများနှင့် ပူးပေါင်းဆောင်ရွက်မှု ပြုကြရန် နှစ်နိုင်ငံအစိုးရအနေဖြင့် အားပေးထောက်ခံလျက် ရှိကြောင်းလည်း ယင်းကြေညာချက်တွင် ပါရှိသည်။

ထို့ပြင် နှစ်နိုင်ငံ ကုန်းလမ်းနယ်စပ်အား ဖြတ်သန်း၍ နှစ်နိုင်ငံ ပြည်သူများ သွားလာရေးလွယ်ကူစေရန်နှင့် ပြည်သူအချင်းချင်း ဆက်သွယ်မှု တိုးမြှင့်ရေးအတွက် အားပေးကူညီကြရန်အတွက် အစိုးရနှစ်ဖက်ကြား သဘောတူညီခဲ့သည့်အပြင် တမူး-မိုရေးနှင့် ရိ-ဇိုခေါဒါ နယ်စပ်ဂိတ်များ၌ လူဝင်မှုကြီးကြပ်ရေးရုံးများ ဆောလျင်စွာ ဖွင့်လှစ်ရေးကိစ္စကိုလည်း သမ္မတ ဦးထင်ကျော်၏ အိန္ဒိယခရီးစဉ်အတွင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသေးသည်။

အိန္ဒိယနိုင်ငံ သမ္မတ၏ ဖိတ်ကြားချက်အရ သွားရောက်ခဲ့သည့် မြန်မာနိုင်ငံ သမ္မတ ဦးထင်ကျော်၏ အိန္ဒိယခရီးစဉ်အတွင်း ကုန်သွယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ အထူးသဖြင့် စိုက်ပျိုးရေး၊ ဘဏ်လုပ်ငန်း၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် နှစ်ဖက်သဘောတူညီခဲ့ကြသည့်အပြင် နှစ်နိုင်ငံ ကုန်သွယ်ရေးအတွက် ကြန့်ကြာမှု အဟန့်အတားအမျိုးမျိုးကို ဖော်ထုတ်ဖယ်ရှားသွားကြရန်အတွက်လည်း သဘောတူညီခဲ့ကြသေးသည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်းရှိ ကျန်းမာရေးကဏ္ဍနှင့် ဆက်စပ်သည့် ဆေးရုံများ၊ ဆက်သွယ်ရေးနှင့် ဆက်စပ်သည့် မော်တော်ယာဉ်ဆိုင်ရာ ကဏ္ဍများတွင် အိန္ဒိယကုမဏီများအနေဖြင့် ရင်းနှီးမြှုပ်နှံကြရန် ပြင်ဆင်နေကြောင်းနှင့် လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် မြန်မာအစိုးရဘက်မှ ကူညီပေးစေလိုကြောင်းလည်း အိန္ဒိယနိုင်ငံ တာဝန်ရှိသူများက ယင်းခရီးစဉ်အတွင်း တောင်းဆိုခဲ့ကြသည်။

ယင်းခရီးစဉ်အတွင်း နှစ်နိုင်ငံ နယ်စပ်တစ်လျှောက် အဓိကကျသည့် ဒေသ တည်ငြိမ်အေးချမ်းမှုရှိရေးအတွက် နှစ်နိုင်ငံ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် အကြမ်းဖက်ဝါဒ၏ အန္တရာယ်နှင့် နည်းလမ်းအမျိုးမျိုးဖြင့် လှုပ်ရှားလျက်ရှိသည့် သောင်းကျန်းမှုလုပ်ရပ်အားလုံးတို့ကို တိုက်ဖျက်ရန်အတွက် ကတိက၀တ် ပြုခဲ့ကြသည်။ ထို့ပြင် တစ်နိုင်ငံကို ရန်လိုတိုက်ခိုက်ရန် အခြားတစ်နိုင်ငံ၏ နယ်မြေကို အသုံးပြုခွင့်အား မည်သည့် သောင်းကျန်းသူအုပ်စုကိုမျှ ခွင့်မပြုရေးမူကို ဆက်လက်ကျင့်သုံးရန်အတွက်လည်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသေးသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
0

No comments

Post a Comment

Mega Menu

blogger
© all rights reserved
made with by templateszoo