Ad

Slider

ပြည်ခရိုင်အတွင်းရှိ ရေဘေးသင့်ပြည်သူများကို ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ လာရောက်တွေ့ဆုံ


ပြည်၊ သြဂုတ် ၁၀

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်ခရိုင်အတွင်းရှိ ပြည်မြို့နယ်၊ ပန်းတောင်းမြို့နယ်နှင့် ရွှေတောင်မြို့နယ်များရှိ ရေဘေးသင့် ပြည်သူများထံ သြဂုတ်လ ၁၀ ရက်နေ့က နိုင်ငံတော် ဒုတိယ သမ္မတဦးဟင်နရီဗန်ထီးယူ လာရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူသည် ပြည်မြို့ နဝင်းနယ်မြေ ရွှေပုလ္လင်မှော် ဓမ္မာရုံတွင် ယာယီပြောင်းရွှေ့ နေထိုင်နေသည့် ရေဘေးသင့် ပြည်သူများအား သြဂုတ် ၁၀ရက် မွန်းလွဲ နှစ်နာရီခန့်က သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားခဲ့ပြီး အထောက်အပံ့ ငွေများနှင့် စားသောက်ကုန်များပေးအပ်ခဲ့သည်။

"̏စိတ်ဓါတ်မကျပါနဲ့၊ နိုင်ငံတော်အစိုးရရှိပါတယ်။ အစိုးရအနေနဲ့ အကောင်းဆုံး ဆောင်ရွက်ပေးသွားမှာပါ။ အခုလို ရေကြီးရေလျှံတဲ့ သဘာဝဘေး အန္တရာယ်တွေကို ကြိုတင်ကာကွယ်နိုင်ဖို့ ရေတို ရေရှည် အစီအစဉ်တွေဆွဲပြီး လုပ်ဆောင်သွားဖို့ရှိတယ်" ဟု ဒုသမ္မတ ဦးဟင်နရီ ဗန်ထီးယူက ရေဘေးသင့် ပြည်သူများကို အားပေးစကား ပြောကြားခဲ့သည်။

ပြည်မြို့နယ်အတွင်းရှိ ရေဘေးသင့် ပြည်သူများအား ပြည်ထောင်စု အစိုးရမှ ဆန်အိတ်တစ်ရာ၊ ပဲခူးတိုင်းဒေသကြီးအစိုးရမှ ငွေကျပ် ၁၈၆ သိန်းနှင့် ဧရာဝတီဖောင်ဒေးရှင်းမှ ဆန်အိတ် ၁၄၀ နှင့် ဆီ ပိဿာ၂၈၀အား ၎င်းတို့ကိုယ်စား ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူမှ ပြည်မြို့နယ်အတွင်းရှိ ရေဘေးရှောင်စခန်း ၁၁ ခု၊ ရေဘေးရှောင် ကျေးရွာခုနှစ်ရွာအတွက် ထောက်ပံ့ပေးအပ် ခဲ့ကြောင်းသိရသည်။

ဒေးဗစ် (အောက်ချင်းသစ္စာ သတင်းအေဂျင်စီ)
0

No comments

Post a Comment

Mega Menu

blogger
© all rights reserved
made with by templateszoo