Ad

Slider

SMEs လုပ်ငန်းများဖွံ့ဖြိုးရေးအတွက် ဖြေလျော့မှုများ လုပ်ပေးရမည်ဟု ချင်းဝန်ကြီး ပြော

ရန်ကုန်၊ ဇွန် ၁၅

ချင်းပြည်နယ်အတွင်း အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း SMEs များအတွက် ပြည်နယ်အစိုးရအနေဖြင့် ဖြေလျော့မှုများစွာ ပြုလုပ်ရမည်ဖြစ်ကာ ယင်း ဖြေလျော့မည့်လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဇွန်လ ၁၅၊ ၁၆ ရက်များတွင် ဆွေးနွေးမှုများ ပြုလုပ် သွားမည်ဖြစ်ကြောင်း စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန ၀န်ကြီး ဆလိုင်းအိုက်ဇက်ခင်က အောက်ချင်းသစ္စာ သတင်းအေဂျင်စီသို့ ပြောသည်။

SMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် SMEs ဆိုသည့် စကားရပ်အဓိပ္ပာယ် အပါအ၀င် ယခင်အစိုးရက ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကိုလည်း ဖြေလျော့ပေးရမည် ဖြစ်သည်ဟု ၀န်ကြီးက သုံးသပ်ထားသည်။

“လွဲနေတဲ့ဟာပေါ့။ တစ်ဖက်ကလည်း ဖြစ်စေချင်တယ်၊ တစ်ဖက်ကလည်း ဖြစ်လို့မရအောင် ပိတ်ဆို့ထားတဲ့ဟာတွေ ရှိတယ်။ ဆိုတော့ ဒီဟာတွေကို ပြန်ဖြေလျော့ဖို့ ဖြစ်တယ်။ ဖြေလျော့ဖို့လည်း လိုတယ်။ အရင်တုန်းကတော့ လုံခြုံရေးအမြင်တို့၊ စစ်ရေးအမြင်တို့နဲ့ အဲဒါတွေနဲ့ကြည့်ပြီးတော့မှ တချို့ကန့်သတ်မှုတွေ အများကြီး လုပ်ထားတယ် ကိုး။ ဒါပေမဲ့ တစ်ဖက်ကလည်း အခုက တကယ့်တကယ် ပြည်နယ်ဖွံ့ဖြိုးအောင်လုပ်မယ်ဆိုရင် တချို့ စည်းမျဉ်းစည်းကမ်းတွေကို ပြန်လည်ဖြေလျော့ရမှာ ဖြစ်တယ်။ ဘယ်လိုဟာတွေ ဖြေလျော့ ရမလဲဆိုတာတွေကို လောလောဆယ် မပြောလိုသေးဘူး။ ဘာလို့ဆိုတော့ အခုလာမယ့် ဇွန်လ ၁၅၊ ၁၆ မှာ အသေးစိတ်ဆွေးနွေးမှာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ တချို့ Regulation တွေကို မဖြေလျော့လို့ မရဘူး။ ဖြေလျော့ပေးရမယ့် ကိစ္စတွေ ရှိတယ်။ ဥပမာအားဖြင့် SMEs လို့ဆိုရင် SMEs ရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်ကိုက အကန့်အသတ် ဖြစ်နေတဲ့ကိစ္စတွေ ရှိတယ်။ SMEs ဆိုတာ ဘာလဲ။ ဘယ်လောက် ပမာဏရှိတဲ့ လုပ်ငန်းတွေလဲဆိုတာကအစ လက်တွေ့ကျကျ ပြန်လည် အဓိပ္ပာယ် ဖွင့်ရမယ့်သဘော ဖြစ်တယ်။ ဆိုတော့ ငွေချေးတဲ့နေရာမှာလည်း SMEs လို့ ပြောရင် လူတစ်ဦးချင်းရဲ့ လုပ်ငန်းတွေပဲ သွားသလား၊ သို့တည်းမဟုတ် ရွာအလိုက် Co-operate သ/မပုံစံမျိုး။ သ/မကို ပြောချင်တာ မဟုတ်ဘူးနော်။ သ/မပုံစံနဲ့ စုဖွဲ့ပြီးတော့ ၀ိုင်းကြီးချုပ် လုပ်တဲ့စနစ် ဖြစ်မလား၊ ဖြစ်နိုင်မလား အစရှိသဖြင့်ပေါ့လေ” ဟု ၀န်ကြီး ဆလိုင်းအိုက်ဇက်ခင်က ပြောသည်။

ချင်းပြည်နယ်သို့ စီးပွားရေးလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံလိုစိတ်ရှိရန်အတွက် စိတ်ဝင်စားမှု ရှိရန်မှာ ပြည်နယ်အစိုးရ၏ ကဏ္ဍဖြစ်ပြီး ယင်းလုပ်ငန်းများ အကောင်အထည်ဖော်နိုင် ရန်အတွက်မူ အချို့သော ကဏ္ဍများတွင် ဖြေလျော့မှုများစွာ ပြုလုပ်ရမည် ဖြစ်သည်။

“ဥပမာအားဖြင့် Tourism Sector မှာ ချင်းပြည်နယ်မှာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးဖို့အတွက် လိုအပ်တယ်။ အဲဒီနေရာမှာ ကျွန်တော်တို့ နင်လားငါလား စဉ်းစားရမယ့်ကိစ္စက ပိုက်ဆံလာပြီး ရင်းနှီးမြှုပ်နှံမယ့် လူတွေအတွက် ဘာဆွဲဆောင်မှု ရှိသလဲ။ အဲဒီတော့ ကိုယ်ကတော့ လက်ကြီးပိုက်ပြီးတော့ ငါ့ဘက်က တစ်ပြားတောင် မလျော့ဘူး၊ မင်းတို့ လာလုပ်ကြဆိုတဲ့ပုံစံတော့ မရဘူး။ အဲဒီတော့ စီးပွားရေးသမားတွေက သူ့ပိုက်ဆံနဲ့ သူ၊ သူ့ရွေးချယ်မှုနဲ့ သူ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အစိုးရဖြစ်လို့လည်း အရင်လိုမျိုး လာခဲ့၊ လာလုပ်လို့ ပြောလို့ရတဲ့ဟာမျိုး မဟုတ်ဘူး။ အခုက စီးပွားရေးသမားတွေ လာမယ်၊ လုပ်ငန်းရှင်တွေ လာမယ်၊ ရင်းနှီးမြှုပ်နှံ မယ့်သူတွေ လာမယ်။ သူတို့ကို ဆွဲဆောင်မယ့်ကိစ္စက ဘာလဲ၊ သူတို့ စိတ်ဝင်စားမယ့်ကိစ္စက ဘာလဲ။ ဒါက ပြည်နယ်အစိုးရမှာ စဉ်းစားရမယ့်ကိစ္စ ဖြစ်တယ်” ဟု ၀န်ကြီး အိုက်ဇက်ခင်က ဆိုသည်။

ယခင်က နိုင်ငံခြားသားများအနေဖြင့် ချင်းပြည်နယ်သို့ သွားမည်ဆိုပါက ၂၁ ရက် ကြိုတင် အကြောင်းကြားရပြီး ယခုအခါ ဖြေလျော့မှုတစ်ရပ်အနေဖြင့် ၂၁ ရက်မှ ၁၄ ရက်သို့ ဖြေလျော့ ပြောင်းလဲထားပြီး ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
0

No comments

Post a Comment

Mega Menu

blogger
© all rights reserved
made with by templateszoo