Ad

Slider

ဦးသိန်းစိန်အစိုးရလက်ထက် ခွင့်ပြုခဲ့သည့် Parkway Yangon Hospital တည်ဆောက်ခြင်းစီမံကိန်း ရပ်ဆိုင်းရေးအဆို ပြည်သူ့လွှတ်တော် အတည်ပြု

ရန်ကုန်၊ မေ ၁၂

အစိုးရနှင့် နီးစပ်သော စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်သည့် ဒဂုံဦးဝင်းအောင်နှင့် ဦးအောင်မိုးကျော်တို့ ပိုင်ဆိုင်သည့် ကုမ္ပဏီခွဲများနှင့် စင်ကာပူကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်ရန် ဦးသိန်းစိန်အစိုးရလက်ထက်က ခွင့်ပြုထားသော ကျန်းမာရေးဝန်ကြီးဌာနပိုင် ဗိုလ်ချုပ်လမ်းနှင့် ပြည်လမ်းထောင့်ရှိ မြေနေရာတွင် ပုဂ္ဂလိက Parkway Yangon Hospital စီမံကိန်းအား ရပ်ဆိုင်းရန်အတွက် မေလ ၁၂ ရက်တွင် ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပြီ ဖြစ်သည်။

အဆိုပါ အဆိုအား ရေကြည်မဲဆန္ဒနယ် ကိုယ်စားလှယ် ဒေါက်တာစံရွှေဝင်းက “ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ ဗိုလ်ချုပ်လမ်းနှင့် ပြည်လမ်းထောင့်ရှိ ကျန်းမာရေးဝန်ကြီး ဌာနပိုင်မြေကို ပွင့်လင်းမြင်သာမှုမရှိဘဲ အများပြည်သူတို့၏ အကျိုးစီးပွား ကို ဖော်ဆောင်ခြင်းမရှိသော ပုဂ္ဂလိကဆေးရုံ တည်ဆောက်ရန် ငှားရမ်းပေးခြင်းအား ရပ်ဆိုင်းပေး ပါရန်” အဆိုတင်သွင်းခဲ့ခြင်းဖြစ်ကာ လွှတ်တော်တွင်း ဆွေးနွေးပြီးနောက် အတည်ပြုလိုက်ခြင်း ဖြစ်သည်။

ဒေါက်တာစံရွှေဝင်း တင်သွင်းသည့် အဆိုနှင့် ပတ်သက်၍ တပ်မတော်သား အပါအ၀င် ကိုယ်စားလှယ် ၇ ဦးက ပါဝင်ဆွေးနွေးခဲ့ကြပြီး အဆိုနှင့် ဆက်စပ်ကာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ကိုယ်တိုင်က အများပြည်သူ ကျန်းမာရေးအတွက် အထောက်အကူမပြုသဖြင့် ရပ်ဆိုင်းသင့်ကြောင့် ရှင်းလင်းဖြေကြားခဲ့ပြီးနောက် ယင်းအဆိုအား ပြည်သူ့လွှတ်တော်မှ ကန့်ကွက်သူမရှိ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

အဆိုနှင့် ပတ်သက်၍ ၀န်ကြီး ဒေါက်တာမြင့်ထွေးက စီမံကိန်းခွင့်ပြုခဲ့ခြင်းဆိုင်ရာ အချက်အလက်များနှင့် ဆွေးနွေးခဲ့သူများ၏ အဆိုအပေါ် သုံးသပ်ချက်ဟူ၍ နှစ်ပိုင်းခွဲခြား ရှင်းလင်းခဲ့ကာ ကျိုးကြောင်းသင့်လျော်မှု၊ ပညာရှင် ရှုထောင့်များအရ ယင်းအဆိုအား ထောက်ခံကြောင်း ပြောကြားခဲ့သည်။

အာရှဒေသအတွင် အင်အားကြီး ကျန်းမာရေးဝန်ဆောင်လုပ်ငန်းတစ်ခုဖြစ်သော IHH Healthcare ၏ မြန်မာနိုင်ငံ ဈေးကွက်ချဲ့ထွင်မှုဖြစ်သည့် အဆိုပါ Parkway Yangon Hospital (ကုတင် ၂၅၀ ဆံ့) ပုဂ္ဂလိဆေးရုံ တည်ဆောက်ရန် စီစဉ်ထားမှုအား ဦးသိန်းစိန် အစိုးရလက်ထက်က ခွင့်ပြုထားခြင်းဖြစ်ကာ အဆိုပါ မြေနေရာမှာ မူလက အများပြည်သူကျန်းမာရေးအတွက် မြန်မာ-ဂျပန် ဆေးရုံတည်ဆောက်ရန် လျာထားသည့် မြေနေရာလည်း ဖြစ်သည်။

မြေအကျယ် ၄.၄ ဧကရှိသည့် အဆိုပါမြေနေရာအား တစ်ဧကလျှင် အမေရိကန်ဒေါ်လာ နှစ်သိန်းနှုန်းဖြင့် နှစ် ၅၀ ငှားရမ်းထားခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ထုတ်ဖော်ပြောဆိုထားပြီး ယင်းနေရာမှာလည်း ကျန်းမာရေးဝန်ကြီးဌာနပိုင် မဟုတ်ဘဲ ပြည်ထဲရေးဝန်ကြီးဌာနပိုင်မြေ ဖြစ်ကြောင်းလည်း မြန်မာ့အလင်း သတင်းစာ တွေ့ဆုံမေးမြန်းခန်းတွင် ၎င်းက ဖြေကြားထားသည်။

အဆိုပါ ပုဂ္ဂလိကဆေးရုံအား နိုင်ငံခြားသား ၆၇ ဒသမ ၅ ရာခိုင်နှုန်းနှင့် မြန်မာနိုင်ငံသားများဘက်မှ ၃၂ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ဖက်စပ်လုပ်ကိုင်ခြင်းဖြစ်ကာ အဆိုပါစီမံကိန်း ရပ်ဆိုင်းပေးရန်အတွက် ကျန်းမာရေးဝန်ထမ်းများက ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်တွင် လွှတ်တော် ကိုယ်စားလှယ်များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD သို့ ပေးစာပို့ အကူအညီ တောင်းခံခဲ့ဖူးသည်။

ဦးသိန်းစိန် လက်ထက် ခွင့်ပြုပေးခဲ့သည့် အဆိုပါ စီမံကိန်း တည်ဆောက်ရေးအတွက် နှစ်ဘက်သဘောတူ စာချုပ်အား ၂၀၁၅ ခုနှစ်တွင် လက်ရှိ ဒုသမ္မတ ဦးမြင့်ဆွေ (ယခင် ရန်ကုန်တိုင်းဝန်ကြီးချုပ်) ကိုယ်တိုင် ပါဝင်လက်မှတ်ရေးထိုးထားခြင်း ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
0

No comments

Post a Comment

Mega Menu

blogger
© all rights reserved
made with by templateszoo