Ad

Slider

မီးပြတ်တာ ပြဿနာ မဟုတ်၊ ပျက်စီးမှုအစုစုကို တာဝန်ယူစေချင်တာပါ…

Photo by newsandlibrary.blogspot.com
နိုင်ငံတစ်ဝန်း မကြာခဏဆိုသလို လျှပ်စစ်မီး ပြတ်တာကြောင့် ပြည်သူ့အသံတွေ ညံလာပါပြီ။ NLD အစိုးရဖြစ်လို့ အရင်အစိုးရလက်ထက်လောက် မပြောကြ၊ မဆိုကြ၊ မဝေဖန်ကြပေမယ့် မကျေနပ်သံက ညံလာပါပြီ။ ရာသီက ပူ၊ မီးက ပြတ်ဆိုတော့ မကျေနပ်သံ ညံလာတာလည်း အပြစ်မပြောလို။

မီးပြတ်ခြင်း နောက်ဆက်တွဲကလည်း ရှိနေပါသေးတယ်။ အဲဒါက မီးပြတ်လို့ လာပြန်တော့လည်း မီးအားက ပြည့်တဲ့အချိန် ပြည့်သင့်တာထက် လွန်၊ မပြည့်တဲ့အချိန်ကျပြန်တော့လည်း ဘာမှကို ဖွင့်မရအောင် မီးအားကျဆိုတော့ လျှပ်စစ်နဲ့ ဆက်စပ်တဲ့ပစ္စည်းတွေ ပျက်စီးရခြင်းပါ။ မီးပြတ်တာကို သည်းခံနိုင်ပေမယ့် မိမိရဲ့ အလုပ်အတွက် အသုံးပြုနေရတဲ့ လျှပ်စစ်ပစ္စည်းတွေ ပျက်စီးရတာကို တော့ ပြည်သူတွေ မခံမရပ်နိုင်ဖြစ်ပြီး အသံထွက်လာတာ အပြစ်မဟုတ်။ ခက်တာက အစိုးရက ဘာကြောင့် မီးပြတ်တယ်၊ လျှပ်စစ်ဓာတ်အားတွေ မတည်မငြိမ် ဖြစ်တယ်ဆိုတာကို တိတိပပ မထုတ်ပြန်သေးတာပါ။

ထူးထူးခြားခြားဆိုလို့ ရန်ကုန်က ထရန်စဖော်မာ အလုံး ၁၅၀ ကို လဲလှယ်ပေးမယ်ဆိုတဲ့ သတင်း လေးတစ်ခုကိုပဲ ပုဂ္ဂလိကပိုင် မီဒီယာတွေက ဖော်ပြလို့သာ သိရတယ်။ အစိုးရသတင်းစာတွေမှာ တစ်လုံးတစ်ပါဒမှ မပါ။ အစိုးရ သတင်းစာက ဘာမှ မထုတ်ပြန်ပေမယ့် ထူးထူးခြားခြား ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း YESC ကတော့ မီးပြတ်ပြီဆိုတာနဲ့ System Breakdown ဖြစ်တယ်ဆိုပြီး အချိန်နဲ့တစ်ပြေးညီ သတင်းထုတ်ပြန်ပေးတာပါ။ ခက်တာက မီးပြတ်တာနဲ့ System Breakdown လို့ဆိုတာချည်းပဲဆိုတော့ ပြည်သူတွေအတွက် ဟာသတစ်ခုလို ဖြစ်လာပါတယ်။
လျှပ်စစ်မီးပြတ်မယ်ဆိုရင် စီးပွားရေးလုပ်ငန်းတွေ အပါအ၀င် ပြည်သူတွေ မထိခိုက် မနစ်နာစေဖို့အတွက် ကြိုတင်သတိပေးတာ ရှိသလို ကြိုတင် သတိမပေးဘဲ မီးပြတ်တယ် ဆိုရင် နစ်နာတဲ့ လုပ်ငန်းတွေ၊ ပြည်သူတွေက အစိုးရကို လျော်ကြေးတောင်းပိုင်ခွင့် ရှိ...
မီးပြတ်လို့ ထိခိုက်မှုတွေ ရှိလာချိန်မှာ ပြန်ကြားရေးရဲ့ အစိုးရအာဘော် သတင်းစာက “မီးပြတ်တာ ကွက်မပြတ်တော့ဘူး၊ အကုန်လုံး ပြတ်တာ ချစ်စရာ” ဆိုပြီး ကာတွန်းဆွဲဖော်ပြတော့ တော်တော့်ကို လွဲချော်တဲ့ အတွေးအခေါ်လို့ပဲ ပြောရမယ်။

မီးပြတ်တာက ပြတ်တာ တစ်ပိုင်းဖြစ်ပေမယ့် လာတဲ့အချိန်မှာလည်း မီးအား မပြည့်တာပါ။ မီးက ခဏခဏ ပြတ်တော့ လာတဲ့အချိန် ရေတင်ဖို့ အတွက် ၀ိုင်းဆွဲကြ၊ အဲယားကွန်း ဖွင့်ကြနဲ့ လုပ်ကြ တဲ့အချိန် မီးအား မပြည့်တာပါ။ ပြည့်ချင်တဲ့ အချိန်ကျပြန်တော့လည်း မီးအားက ဗို့အား ၂၀၀ ကျော်ဆိုတော့ လျှပ်စစ်နဲ့ ဆက်စပ်တဲ့ ပစ္စည်းတွေ ပျက်စီးရခြင်းကို ဘယ်သူ တာဝန်ယူပေးမှာလဲ ဆိုတာပါ။

မပျက်စီးချင်ရင် မသုံးနဲ့ပေါ့လို့ အစိုးရဘက်ကကော၊ အစိုးရ ဘာလုပ်လုပ် ကောင်းတယ်လို့ ထောက်ခံသူများကကော ဘုတော တောလို့ ရပါတယ်။ ဒါပေမဲ့ ပြည်သူ့နစ်နာချက်ကတော့ ရှိတယ်လို့ပဲ။

မီးပြတ်တာကြောင့် အသေးစား၊ အလတ်စား လုပ်ငန်းတွေ မလည်ပတ်နိုင်သလို မီးစက်မောင်း လုပ်ရတဲ့အခါမှာ တွက်ချေမကိုက်ဖြစ်တာတွေ၊ မီးမလာတာကြောင့် ရေမတင်နိုင်လို့ အထပ်မြင့် တိုက်ခန်းနေ ပြည်သူတွေ ရေအခက်အခဲ ကြုံရသလို မီးအားမငြိမ်မှု နောက်ဆက်တွဲအနေနဲ့ မီးလောင်မှုအန္တရာယ် လာနေပါပြီ။

လပိုင်းသာ သက်တမ်းရှိသေးတဲ့ NLD အစိုးရအတွက် ဦးဆုံးရင်ဆိုင်ရတဲ့ စိန်ခေါ်မှုက လျှပ်စစ်မီး ပြတ်တောက်ခြင်းပါ။ မီးပြတ်ခြင်း နောက်ဆက်တွဲ ဆိုးကျိုးတွေကို ပြည်သူတွေ ရင်ဆိုင်နေရသလို ပြည်သူတွေရဲ့ စီးပွားရေးလုပ်ငန်းတွေလည်း ထိခိုက်လာကုန်ပါပြီ။ ပျက်စီးမှုတွေအတွက် တာဝန်ခံ ဖြေရှင်းပးမယ့်သူ မရှိသေးပါဘူး။

နိုင်ငံတကာမှာဆိုရင် လျှပ်စစ်မီးပြတ်မယ်ဆိုရင် စီးပွားရေးလုပ်ငန်းတွေ အပါအ၀င် ပြည်သူတွေ မထိခိုက် မနစ်နာစေဖို့အတွက် ကြိုတင်သတိပေးတာ ရှိသလို ကြိုတင် သတိမပေးဘဲ မီးပြတ်တယ် ဆိုရင် နစ်နာတဲ့ လုပ်ငန်းတွေ၊ ပြည်သူတွေက အစိုးရကို လျော်ကြေးတောင်းပိုင်ခွင့် ရှိတဲ့ သာဓကတွေ ရှိပါတယ်။ အခု ပြောချင်တာကတော့ ပြည်သူတွေ၊ လုပ်ငန်းရှင်တွေက အစိုးရကို လျော်ကြေးတောင်းကြဖို့ တိုက်တွန်းချင်တာ မဟုတ်ပါဘူး။ အစိုးရက ဖြစ်ပျက်နေမှုတွေကို တာဝန်ယူပြီး အလျင်အမြန် ဖြေရှင်းပေးဖို့ပါ။

ဒီလိုမှ မဟုတ်ရင်ဖြင့် ပြည်သူတွေရဲ့ မကျေနပ်သံတွေ ညံသထက် ညံလာမှာ ဖြစ်သလို အစိုးရရဲ့ ပုံရိပ်ကိုလည်း ထိခိုက်လာမှာ ဖြစ်ပါကြောင်း တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

အောင်ထွန်းလင်း
0

No comments

Post a Comment

Mega Menu

blogger
© all rights reserved
made with by templateszoo