Ad

Slider

သင်္ကြန်တွင် ကျပ်သိန်း ၅၀ ပေးသည့် မီဒီယာကုမ္ပဏီကြီးအား သမ္မတရုံးဝန်ကြီး သတိပေးစာ ပို့

ရန်ကုန်၊ ဧပြီ ၂၀

အဂတိလိုက်စားမှု အလေ့အထ လုံးဝပပျောက်စေရန်အတွက် လမ်းညွှန်ချက်များ ချမှတ်ထားသော်လည်း လိုက်နာခြင်းမရှိဘဲ နေပြည်တော်သင်္ကြန်မဏ္ဍပ်၌ နှစ်သစ်ကူးလက်ဆောင်ပေးရာတွင် ကျပ်သိန်း ၅၀ ပါ အထုပ်အား ပေးခဲ့သည့် မီဒီယာကုမ္ပဏီကြီးတစ်ခုအား သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားချက်ဖြင့် ဧပြီလ ၂၀ ရက်က ပညာပေး အသိပေး အကြောင်းကြားစာ ပေးပို့ထားကြောင်း သမ္မတရုံးက ထုတ်ပြန်ထားသည်။

ယင်းထုတ်ပြန်ချက်တွင် “နေပြည်တော်တွင် မဟာသင်္ကြန်ကို သိုက်သိုက်မြိုက်မြိုက် ကျင်းပရာတွင် မီဒီယာကုမ္ပဏီကြီး အနေဖြင့်လည်း မဏ္ဍပ်တည်ဆောက်ကာ ပါဝင်ဆင်နွှဲခဲ့ပါသည်။ ထိုသို့ ပါဝင်ဆင်နွှဲရာတွင် အစိုးရအဖွဲ့ ၀န်ကြီးဌာနများမှ ပုဂ္ဂိုလ်တို့ကိုလည်း ဖိတ်ကြားကာ ဧည့်ခံမှုများ ပြုလုပ်ခဲ့ပါသည်။ ထိုသို့ ဖိတ်ကြားဧည့်ခံသူများအနက် အရေးကြီးပုဂ္ဂိုလ်၏ ကိုယ်ရေးအရာရှိလည်း ပါဝင်ပါသည်။ ထိုသို့ လာရောက်သူများကို နှစ်သစ်ကူး လက်ဆောင်ပေးရာ၌ ကိုယ်ရေးအရာရှိအား ငွေသား ကျပ်သိန်း (၅၀) ပါ အထုပ်ကို ပေးအပ်ရာတွင် သက်ဆိုင်ရာအရာရှိမှ ငွေသားဟု မသိသဖြင့် ယူဆောင်ခဲ့ပြီး စစ်ဆေးကြည့်ရာတွင် ငွေများ ဖြစ်နေသဖြင့် လမ်းညွှန်ချက်တွင် ပါရှိသည့်အတိုင်း အထက်အကြီးအကဲထံ တင်ပြခဲ့ပါသည်။ အဂတိလိုက်စားမှုသည် ကနဦးအဆင့်တွင် လက်ဆောင်ပစ္စည်းပေးရာမှ စတင်နိုင်သဖြင့် နိုင်ငံတော် သမ္မတရုံးအနေဖြင့် လက်ဆောင်ပစ္စည်း လက်ခံခြင်းနှင့် ပတ်သက်သည့် လမ်းညွှန်ချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါသည်” ဟု ပါရှိသည်။

ထို့ပြင် “မီဒီယာကုမ္ပဏီကြီးအနေဖြင့် ပေးအပ်သည့် ငွေကြေးသည် စေတနာဖြင့် ပေးအပ်သည့်တိုင် ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်ထက် များစွာ ကျော်လွန်ပါသည်။ ဤကိစ္စသည် ယခုအစိုးရလက်ထက်တွင် ပထမအကြိမ် ပေါ်ပေါက်သည့်ကိစ္စဖြစ်သဖြင့် ပညာပေးကာလဟု သတ်မှတ်ပြီး ယခုကိစ္စကို ဆက်လက် အရေးယူဆောင်ရွက်ခြင်း ပြုမည် မဟုတ်ပါ” ဟုလည်း ထုတ်ပြန်ချက်တွင် ကြေညာထားသည်။

သမ္မတရုံးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လက်မှတ်ရေးထိုးထားသော “လက်ဆောင်ပစ္စည်း လက်ခံခြင်းနှင့် ပတ်သက်သည့် လမ်းညွှန်ချက်” ကို ဧပြီလ (၁) ရက် နေ့စွဲဖြင့် အစိုးရရုံးများသို့ ပေးပို့ ဖြန့်ဝေခဲ့ရာတွင် တစ်ကြိမ်လျှင် ကျပ် ၂၅၀၀၀ ကျပ်နှင့် တစ်နှစ်လျှင် ကျပ်တစ်သိန်းထက်ပိုသော လက်ဆောင်များ ယူပိုင်ခွင့်မရှိကြောင်း ပါရှိသည်။ ယခုကဲ့သို့ ကျပ်သိန်း ၅၀ ပါ အထုပ်အား ပေးခဲ့သည့် မီဒီယာကုမ္ပကြီးအား နောင်နောက်တွင် လမ်းညွှန်ချက်ဘောင်ထက် ကျော်လွန်ဆောင်ရွက်ခြင်း မပြုလုပ်ရန်အတွက် အကြောင်းကြားထားကြောင်းနှင့် လက်ဆောင်အဖြစ်ပေးထားသော ကျပ်သိန်း ၅၀ ကိုလည်း နွေရာသီကာလ ရေရှားပါးသည့်အတွက် သောက်သုံးရေရရှိရေး ဆောင်ရွက်သည့် လုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ အလှူငွေအဖြစ် ပေးလှူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အောက်ချင်း သတင်းအေဂျင်စီ
0

No comments

Post a Comment

Mega Menu

blogger
© all rights reserved
made with by templateszoo