သမ္မတ ဦးထင်ကျော် သက်တမ်းတစ်ခုအတွက်သာ ရည်ရွယ်ရွေးဆွဲထားခြင်း ဖြစ်
ရန်ကုန်၊ မတ် ၃၁တိုင်းပြည် အခြေအနေနှင့် သက်ဆိုင်သည့် ရည်ရွယ်ချက်လေးရပ်အား အကောင်အထည်ဖော်လုပ်ကိုင်ရန်အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းကို မတ်လ ၃၁ ရက်က အမျိုးသားလွှတ်တော်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က တင်သွင်းလိုက်သည်။
အဆိုပါ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ အမည်ရ ဥပဒေကြမ်းတွင် ဒေါ်အောင်ဆန်းစုကြည်အား တာဝန်ပေးအပ်မည်ဖြစ်ကြောင်း ဖော်ပြထားကာ ရည်ရွယ်ချက်လေးရပ်အဖြစ် ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေး၊ ဈေးကွက်စီးပွားရေးစနစ် ပီပြင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်ရေးနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ ဖြစ်သည်။
ဥပဒေကြမ်းပါ တာဝန်နှင့် လုပ်ပိုင်ခွင့်များတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်သည် (က) ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်ဘဲ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားအတွက် အကြံပြုချက်များ ပေးရမည် (ခ) အကြံပြုချက်များ၊ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်သို့ တာဝန်ခံရမည် (ဂ) အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဤဥပဒေပါ ရည်ရွယ်ချက်များအား အောင်မြင်စေရန်အတွက် အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ၊ လူပုဂ္ဂိုလ်များနှင့် ဆက်သွယ်ဆောင်ရွက်နိုင်သည်ဟု ပါရှိသည်။
အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရာထူးသက်တမ်းမှာ နိုင်ငံတော်သမ္မတ၏ ရာထူးသက်တမ်းအတိုင်း ငါးနှစ် ဖြစ်ပြီး ထူးခြားချက်အနေဖြင့် “ဤဥပဒေသည် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သက်တမ်းကာလတွင် တာဝန်ထမ်းဆောင်သည့် နိုင်ငံတော်သမ္မတ၏ သက်တမ်းကာလအတွက်သာ ဖြစ်စေရမည်” ဟု ဥပဒေကြမ်းတွင် ပါရှိခြင်း ဖြစ်သည်။
အဆိုပါ ဥပဒောကြမ်း အတည်ဖြစ်မည်ဆိုပါက ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဗဟိုအစိုးရအဖွဲ့ ၀န်ကြီးလေးနေရာ၊ လွှတ်တော် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ဥက္ကဋ္ဌအပြင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ပူးတွဲတာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။
အောက်ချင်း သတင်းအေဂျင်စီ
No comments
Post a Comment