Ad

Slider

NLD မှ အမည်စာရင်းတင်သွင်းသည့် ကော်မရှင်အဖွဲ့ဝင်နှစ်ဦးကို တပ်ဘက် ကန့်ကွက်မှုအား လွှတ်တော် ပယ်ချ

ရန်ကုန်၊ မတ် ၂၈

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးတွင် တာဝန်ပေးအပ်ရန်အတွက် အမည်စာရင်းတင်သွင်းခံရသော ဒေါ်ခင်ဌေးကြွယ်နှင့် ဦးတွာလ်ကျင်ပေါင်တို့အား ၄င်းတို့၏ ကိုယ်ရေးအချက်အလက်များ ဖြည့်သွင်းထားမှုမှာ မပြည့်စုံသည့်အတွက် ကန့်ကွက်ကြောင်းကိုအဆိုကို တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုဗိုလ်မှူးကြီး ထွန်းလင်းဦးက ကန်ကွက်ကြောင်းအဆိုကို မတ်လ ၂၈ က တင်သွင်းခဲ့ရာ ပြည်ထောင်စုလွှတ်တော်က ပယ်ချလိုက်သည်။

ကော်မရှင်အဖွဲ့ဝင်အဖြစ် ခန့်အပ်ရာတွင် ၂၀၀၈ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ သတ်မှတ်ထားသော အရည်အချင်းရှိသော်လည်း ၄င်းတို့နှစ်ဦး၏ ကိုယ်ရေးအချက်အလက်များမှာ မပြည့်စုံသည့်အတွက် တိုက်ဆိုင်စစ်ဆေးရာတွင် အခက်အခဲရှိခြင်းနှင့် အချိန်နည်းနေခြင်းတို့ကြောင့် ယခုကဲ့သို့ ကန့်ကွက်ရခြင်းဖြစ်ကြောင်း ဒုဗိုလ်မှူးကြီး ထွန်းလင်းဦးက လွှတ်တော်၌ ကန့်ကွက်ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

လုပ်ထုံးလုပ်နည်းများအရ အမည်စာရင်း တင်သွင်းခံထားရသူအား ကန့်ကွက်လိုပါက သက်သေ အထောက်အထား ခိုင်လုံစွာ တင်ပြရန် ပြဋ္ဌာန်းထားသော်လည်း ကန့်ကွက်သူဘက်မှ မတင်ပြနိုင်ခြင်းအပေါ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ၄င်း အမည်စာရင်းတင်သွင်းထားသူ ဒေါ်ခင်ဌေးကြွယ်အတွက်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းတို့က ပြန်လည် ချေပဆွေးနွေးခဲ့သည်။

ယင်းနောက် အဆိုကို ဆက်လက်ဆွေးနွေးရန် သင့်၊ မသင့် မဲခွဲဆုံးဖြတ်ခဲ့ရာ ဒေါ်ခင်ဌေးကြွယ်နှင့် ပတ်သက်၍ မဆွေးနွေးသင့်ကြောင်း ထောက်ခံမဲ ၄၃၅ မဲ၊ ကန့်ကွက်မဲ ၁၉၅ မဲနှင့် ကြားနေမဲ ၄ မဲ၊ ဦးတွာလ်ကျင်ပေါင်နှင့် ပတ်သက်၍ ထောက်ခံမဲ ၄၃၂ မဲ၊ ကန့်ကွက်မဲ ၁၉၆ မဲ နှင့် ကြားနေမဲ ၅ မဲတို့ဖြင့် ဆက်လက် မဆွေးနွေးသင့်ကြောင်း လွှတ်တော်က အတည်ပြုခဲ့ကာ တပ်မတော်သား ကိုယ်စားလှယ်၏ အဆိုအား ပယ်ချခဲ့သည်။

ယင်းနောက် သမ္မတနှင့် လွှတ်တော် ဥက္ကဋ္ဌ နှစ်ရပ်မှ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား အတည်ပြုခဲ့သည်။ အတည်ပြုလိုက်သည့် ခုံရုံးအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ဦးမျိုးညွန့်၊ အဖွဲ့ဝင်များအဖြစ် ဦးညီညီ၊ ဦးမြင့်ဝင်း၊ ဦးမျိုးမြင့်၊ ဦးခင်မောင်ချို၊ ဒေါ်ခင်ဌေးကြွယ်၊ ဦးတွာလ်ကျင်ပေါင်၊ ဒေါ်လှမျိုးနွယ်နှင့် ဦးကျော်ဆန်းတို့ ပါဝင်မည် ဖြစ်သည်။

အောက်ချင်း သတင်းအေဂျင်စီ
0

No comments

Post a Comment

Mega Menu

blogger
© all rights reserved
made with by templateszoo