Ad

Slider

ဝန်ကြီးဌာနနှင့် ၀န်ကြီး အရေအတွက်ကိစ္စအား တပ်နှင့် ကြံ့ခိုင်ရေး ကိုယ်စားလှယ်များ ဆွေးနွေးခြင်း မပြု

ရန်ကုန်၊ မတ် ၁၈

လာမည့် အစိုးရသက်တမ်းတွင် ၀န်ကြီးဌာန ၂၁ ခုနှင့် ၀န်ကြီးဦးရေ ၁၈ ဦးတို့ ထားရှိမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်သို့ သမ္မတ ဦးထင်ကျော်က အဆိုပြုထားမှုအား မတ်လ ၁၈ ရက် လွှတ်တော်၌ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ တပ်မတော်ကိုယ်စားလှယ်များနှင့် ကြံ့ခိုင်ရေးပါတီမှ ကိုယ်စားလှယ်တို့ ၀င်ရောက်ဆွေးနွေးမှု မပြုခဲ့ပေ။

ယင်းဝန်ကြီးဌာနနှင့် ၀န်ကြီးဦးရေ သတ်မှတ်လိုမှု မတ်လ ၁၆ ရက်က သမ္မတဦးထင်ကျော်က အဆိုပြုထားခြင်း ဖြစ်ပြီး မတ်လ ၁၈ ရက်တွင် စတင်ဆွေးနွေးခြင်းဖြစ်ပြီး ဆွေးနွေးသူ ငါးဦးသာ ရှိခဲ့သည်။

ဆွေးနွေးခဲ့သူများမှာ ဦးနိုင်ထူးအောင် (NLD)၊ ဦးဂျေယောဝူ (တစည)၊ ဦးသန့်ဇင်မောင် (NLD)၊ ဦးဘရှိန် (ANP)၊ ဒေါက်တာအောင်သူ (NLD) တို့ဖြစ်ပြီး ၀န်ကြီးဌာနများ လျော့ချလိုက်ခြင်းကြောင့် တိုင်းပြည်ဘဏ္ဍာ အကုန်အကျ နည်းကာ လိုအပ်သည့် နေရာများတွင် ပိုမိုသုံးစွဲနိုင်ခြင်း၊ ၀န်ကြီးဌာနများ ပိုမိုကျစ်လစ်လာပြီး သင့်လျော်အောင် ပေါင်းစပ်ခြင်းဖြစ်သည့် ထောက်ခံကြောင်း ဆွေးနွေးခဲ့ကြသည်။

ဦးသိန်းစိန် အစိုးရလက်ထက်တွင် ၀န်ကြီးဌာနပေါင်း ၃၆ ခုအထိ ရှိပြီး ၀န်ကြီးနှင့် ဒုဝန်ကြီးများ များစွာ ခန့်ထားရခြင်းကြောင့် မဖြစ်သင့်ကြောင်း ဝေဖန်မှုများစွာ ထွက်ပေါ်ခဲ့ဖူးသည်။

ဝန်ကြီးဌာနနှင့် ဦးရေ ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် ဆက်စပ်၍ တိုင်းရင်းသားရေးရာဝန်ကြီးဌာနအား ထပ်တိုးဖွဲ့စည်းခြင်းကို ထောက်ခံကြောင်းနှင့် ယင်းမှာ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည် ဖော်ခြင်းပင် ဖြစ်ကြောင်းလည်း မတ်လ ၁၈ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးသူများက ထည့်သွင်းဆွေးနွေးခဲ့ကြသေးသည်။

ဆွေးနွေးမှုများနှင့် ပတ်သက်၍ လာမည့် တနင်္လာနေ့တွင် ကျင်းပမည့် လွှတ်တော်အစည်း အဝေးတွင် အဆုံးအဖြတ် ရယူကာ အတည်ပြုမည် ဖြစ်သည်။

အောက်ချင်း သတင်းအေဂျင်စီ
0

No comments

Post a Comment

Mega Menu

blogger
© all rights reserved
made with by templateszoo