Ad

Slider

လိပ်ကျွန်း လူသတ်မှု အမှုမှန်ပေါ်ပေါက်ရေးအတွက် ကူညီရန် ဗြိတိန်ဝန်ကြီးချုပ်ထံ စာပို့

ရန်ကုန်၊ မတ် ၈

ထိုင်းနိုင်ငံ၊ လိပ်ကျွန်း၌ အသတ်ခံရသည့် ဗြိတိန်နိုင်ငံသား နှစ်ဦးနှင့် ပတ်သက်၍ မြန်မာနိုင်ငံသား နှစ်ဦး သေဒဏ်ပေးခံရမှုအား အယူခံဝင်ရန် ပြင်ဆင်နေချိန်တွင် ယင်းအမှုအား အမှန်တရားနှင့် တရားမျှတမှုတို့ ပေါ်ပေါက်လာစေရန် ထိုင်းနိုင်ငံ၏ တရားစီရင်မှုအား ပြန်လည်သုံးသပ်စေရေး ၀ိုင်းဝန်လုပ်ဆောင်ပေးရန် ပြည်တွင်းပြည်ပရှိ ရခိုင်တိုင်းရင်းသား အဖွဲ့အစည်း ခြောက်ခုက မတ်လ ၇ ရက်တွင် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းထံ အသနားခံစာ ပေးပို့ထားသည်။

အမှုဖြစ်စဉ်တွင် ပါဝင်နေသည့် အသက် ၂၂ နှစ်အရွယ် မြန်မာနိုင်ငံသား မောင်ဝင်းဇော်ထွန်းနှင့် မောင်ဇော်လင်းတို့အား ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်တွင် အမှု (၇) ခုဖြင့် စွဲချက်တင်၍ သေဒဏ်ပေးခဲ့ခြင်းဖြစ်ရာ အယူခံဝင်ခွင့် ပြုထားချိန်တွင် ၄င်းတို့ လွတ်မြောက်ရေးအတွက် ဆန္ဒပြုလက်မှတ်ပေါင်း ၉၇၀၃၇ ဖြင့် ပူးတွဲ ပေးပို့ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပေးပို့စာတွင် စွဲချက်တင်ခံရသည့် မြန်မာနိုင်ငံသား နှစ်ဦးမှာ အတင်းအဓမ္မ ညှင်းပန်းနှိပ်စက် ၀န်ခံခိုင်းခံရကြောင်း ကာယကံရှင်များက ထွက်ဆိုနေခြင်း၊ မျိုးရိုးဗီဇ DNA စစ်ဆေးတွေ့ရှိချက်များမှာ တူညီမှုမရှိကြောင်း ကျွမ်းကျင်သူများမှ ထောက်ပြနေခြင်း၊ မျက်မြင်သက်သေ အထောက်အထားများ အခိုင်အလုံ မဖော်ပြနိုင်ခြင်း၊ ထိုင်းလူ့အခွင့်အရေး နှင့် ရှေ့နေများကောင်စီတို့ကလည်း ထိုင်းရဲ အာဏာပိုင်များ၏စစ်ဆေးချက်နှင့် ကိုင်တွယ်ချက်များအပေါ် ယုံကြည်မှု မရှိခြင်းတို့ကြောင့် အမှုသွားအမှုလာ အနေအထားမှာ သံယပွားဖွယ်ပင် ဖြစ်ပါသည်ဟု ဖော်ပြထားသည်။

ယင်းပေးပို့စာတွင် ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး - AASYC၊ ရခိုင်အမျိုးသမီးသမဂ္ဂ - RWU၊ ရခိုင်အမျိုးသမီးများကွန်ယက် - RWN၊ ရခိုင်မျိုးဆက်သစ်အဖွဲ့ Arakan Renaissance Generation – ARG၊ တက္ကသိုလ်ရခိုင်လူငယ်များအသင်း - AYAOU နှင့် ရခိုင်ကျောင်းသား သမဂ္ဂ (ဒဂုံတက္ကသိုလ်-ရန်ကုန်) တို့က ပါဝင်ပြီး လူသားတို့၏ ရရှိခံစားထိုက်သော လွတ်ငြိမ်းချမ်းသာခွင့်တို့ ရရှိစေရေးတို့အတွက် ၀န်ကြီးချုပ်အနေဖြင့် ၀ိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးပါရန် လေးနက်စွာဖြင့် အသနားခံ တင်ပြအပ်ပါသည်ဟု ဖော်ပြထားသည်။

ယင်းလိပ်ကျွန်းမှုနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ၏ တရားစီရင်ရေးစနစ်အပေါ် မြန်မာနိုင်ငံ အပါအ၀င် ထိုင်းနိုင်ငံသားများကပင်လျှင် မေးခွန်းထုတ်လျက်ရှိသော်လည်း ဗြိတိန်နိုင်ငံသားနှစ်ဦးအပေါ် ကြောက်ခမန်းလိလိ မုဒိန်းလူသတ်ရာဇ၀တ်မှုကြီးကို ကျူးလွန်ခဲ့သည်ဆိုခြင်းမှာ မိမိတို့မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့် ယုံကြည်လက်ခံနိုင်ရန် အလွန်ခက်ခဲသည့် အနေအထားပင် ဖြစ်ပါသည်ဟုလည်း အဆိုပါ ပေးပို့စာမှတစ်ဆင့် ပြောကြားထားသည်။

အောက်ချင်း သတင်းအေဂျင်စီ
0

No comments

Post a Comment

Mega Menu

blogger
© all rights reserved
made with by templateszoo