Ad

Slider

ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် အမည်စာရင်း တင်သွင်း

ရန်ကုန်၊ မတ် ၂၅

နိုင်ငံတော် သမ္မတအဖြစ် ခန့်အပ်ခံထားရသူ ဦးထင်ကျော်က လာမည့် အစိုးရသက်တမ်းတွင် တာဝန်ထမ်းဆောင်ရန်အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌအဖြစ် ဦးလှသိန်းနှင့် အဖွဲ့ဝင်များ စာရင်းကို မတ်လ ၂၅ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တင်သွင်းလိုက်သည်။

ဥက္ကဋ္ဌအပါအ၀င် အဖွဲ့ဝင် ငါးဦးပါရှိသည့် ရွေးကောက်ပွဲ ကော်မရှင်တွင် ဦးလှသိန်း (ဥက္ကဋ္ဌ)နှင့် အဖွဲ့ဝင်များအဖြစ် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်နှင့် ဦးလှတင့်တို့အား အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို အနည်းဆုံး လူငါးဦးဖြင့် ဖွဲ့စည်းနိုင်ပြီး အသက် ၅၀ နှစ် ပြည့်ပြီးသူ၊ အသက်ကန့်သတ်ချက်မှအပ လွှတ်တော်ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသူ၊ တရားရေးဌာနများတွင် တာဝန်ထမ်းဆောင်ဖူးသူ၊ ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသည့် ပုဂ္ဂိုလ်အဖြစ် နိုင်ငံတော်သမ္မတက ယူဆသူ၊ သိက္ခာသမာဓိနှင့် ပြည့်စုံပြီး အတွေ့အကြုံရင့်ကျက်သူ၊ နိုင်ငံရေးပါတီဝင် မဟုတ်သူ၊ လစာ-စရိတ်-ကြေးငွေရသော အခြား မည်သည့်ရာထူးကိုမျှ လက်ခံခြင်းမပြုသူ ဖြစ်ရမည်ဟု အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲများ ကျင်းပခြင်း၊ ကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်အား ဖွဲ့စည်းခြင်းနှင့် ကြီးကြပ်စေခြင်း၊ မဲဆန္ဒနယ်များ သတ်မှတ်ခြင်းနှင့် ပြင်ဆင်ခြင်း၊ မဲစာရင်းများ ပြုစုခြင်းနှင့် ပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်ရမည် ဖြစ်သည်။ ထို့ပြင် သဘာဝဘေးအန္တရာယ်ကြောင့်သော်လည်းကောင်း၊ နယ်မြေလုံခြုံရေးအရ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပနိုင်ခြေမရှိသည့် မဲဆန္ဒနယ်များတွင် ရွေးကောက်ပွဲ များ ရွှေ့ဆိုင်းခြင်း၊ ရွေးကောက်ပွဲနှင့် နိုင်ငံရေးပါတီဆိုင်ရာ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းနှင့် ညွန်ကြားချက်များကို သက်ဆိုင်ရာဥပဒေများနှင့်အညီ ထုတ်ပြန်ခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများကို စစ်ဆေးနိုင်ရန် ခုံရုံးများ ဖွဲ့စည်းခြင်းတို့ကိုလည်း တာဝန်ခံ လုပ်ဆောင်ရမည် ဖြစ်ကြောင်း အခြေခံဥပဒေပုဒ်မ ၃၉၉ တွင် ပြဋ္ဌာန်းထားသည်။
ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနှင့် တိုင်း/ပြည်နယ် အသီးသီးမှ ကော်မရှင်အဖွဲ့ခွဲဝင်များ တွေ့ဆုံနေကြစဉ်။ ဓာတ်ပုံ -  UEC
လက်ရှိ ရွေးကောက်ပွဲကော်မရှင်ကို စစ်ဗိုလ်ချုပ်ဟောင်းနှင့် စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းဖြစ်သည့် ဦးပိုင်လီမိတက် ဥက္ကဋ္ဌဟောင်း ဦးတင်အေးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ အဖွဲ့ဝင်ခုနစ်ဦးဖြင့် ဖွဲ့စည်းထားရာ အဖွဲ့ဝင်သုံးဦးမှာ စစ်ဘက်ဆိုင်ရာ ဥပဒေဌာနများတွင် တာဝန်ထမ်းဆောင်ခဲ့ကြဖူးသူများ ဖြစ်သည်။

ဦးတင်အေး ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ခဲ့သည့် အချိန်အတွင်း အငြင်းပွားဖွယ်ရာကိစ္စများ များစွာ ဖြစ်ပေါ်ခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲအတွက် မဲစာရင်းများ ကြေညာခဲ့ရာတွင် မှားယွင်းမှုကို ပြန်လည်ပြင်ဆင်နေသော် လည်း ၃၀ ရာခိုင်နှုန်းသာ မှန်နိုင်မည်ဟု ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၏ ပြောစကားအား မီဒီယာများက အထူးပြု ဖော်ပြခဲ့ရဖူးသည်။

အမည်စာရင်း တင်သွင်းခံထားရသူ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား အတည်ပြုခြင်း သို့မဟုတ် ဆွေးနွေးခြင်းကိစ္စရပ်များအား မတ်လ ၂၈ ရက်တွင် ဆက်လက်ဆွေးနွေး ဆောင်ရွက်မည် ဖြစ်သည်။

အောက်ချင်း သတင်းအေဂျင်စီ
0

No comments

Post a Comment

Mega Menu

blogger
© all rights reserved
made with by templateszoo