Ad

Slider

ချေးငှားစိုက်ပျိုးထားသော ဆောင်းသီးနှံများ မအောင်မြင်၍ ပြန်ဆပ်ရန် အခက်တွေ့နေ

ကလေး၊ မတ် ၂

၂၀၁၅ ခုနှစ်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် မိုးသီးနှံများ ပျက်သွားသည့် အတွက် ရေဘေးသင့်ပြည်သူများအား ကူညီပေးနေသည့် ကလေးလွင်ပြင် အဖွဲ့မှ ချေးငှားစိုက်ပျိုးထားသော ဆောင်းသီးနှံများမှာလည်း လယ်ကွင်းများ အတွင်း နုံးတင်မှုကြောင့် မအောင်မြင်သည့်အတွက် ပြန်လည်ပေးဆပ်ရန် အခက်တွေ့နေကြကြောင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ရေလဲ ဦးနှင့် ပေါက်ခုံကျေးရွာ အုပ်စုမှ တောင်သူများက ပြောဆိုလျက်ရှိသည်။
ခူးဆွတ်ချိန်နီးလာသည့်တိုင် မဖြစ်ထွန်းသေးသည့် မြေပဲခင်း။ ဓာတ်ပုံ - သန့်ဇင်ဆွေ (အောက်ချင်း သတင်းအေဂျင်စီ)
တောင်သူများက ဆောင်းသီးနှံဖြစ်သည့် နေကြာ၊ မြေပဲ၊ ပဲနီ၊ မြေထောက်ပဲ စသည့် မျိုးစေ့များအား ကလေးလွင်ပြင်အဖွဲ့ထံမှ သီးနှံပေါ်ချိန်တွင် ပြန်ဆပ် မည်ဟူသည့် ကတိခံဝန်ချက်ဖြင့် ချေးငှား စိုက်ပျိုးထားခြင်း ဖြစ်ပြီး စိုက်ဧကပေါင်း ၅၀၀ ကျော်အတွက် ချေးငှားထားခြင်း ဖြစ်သည်။

“ဒီနှစ်ကတော့ မြေပဲကတော့ လုံးဝမအောင်မြင်ဘူး။ အားဆေးနဲ့ မှိုဆေးဖြန်းပေမယ့်လည်း မရဘူး။ ဆေးကလည်း အရင်နှစ်က တစ်ဧကကို တစ်ဘူးဖြန်းရပေမယ့် ဒီနှစ်က လေးဘူဖြန်းရတယ်ဗျ။ မြေထောက်ဆို အပင်တွေသေနေပြီ။ ပုရွတ်ဆိတ်တွေကလည်း ဖျက်ဆီးတယ်ဗျ။ ဆေးဖြန်း လည်း မရဘူး။ ဒီနှစ် မြေပဲကတော့ သေချာပေါက် ရှုံးပြီဗျ” ဟု ရေလဲဦးကျေးရွာမှ တောင်သူတစ်ဦးဖြစ်သူ ကိုဂျင်မီထွန်း က အောက်ချင်းသတင်းအေဂျင်စီသို့ ပြောသည်။

ဆောင်းသီးနှံ မဖြစ်ထွန်းသည့် မြေများမှာ လယ်မြေများ ဖြစ်ပြီး ကိုင်းမြေပေါ်တွင် စိုက်သည့် စိုက်ခင်းများမှာမူ ပျက်စီးခြင်း မရှိပေ။

“ကိုင်းမြေမှာ စိုက်တဲ့အခင်းတွေကပဲ ကောင်းတယ်ဗျ။ လယ်ကွင်းဘက်မှာ က နွံတွေက များစွာတင်တယ်ဗျ။ လယ်ကတော့ လုံးဝမစိုက်နိုင်တော့ဘူးဗျ။ ရွာက လူကြီးတွေကတော့ ဆည်၊ ချောင်းမြောင်းတွေတူးဖော်ဖို့ စာတွေတင်ထားပါတယ်။ စိုက်ပျိုးထားတဲ့ ဆောင်းသီးနှံ မအောင်မြင် တာကြောင့် ကလေးလွင်ပြင်က ထုတ်ချေးထားတဲ့ မျိုးတွေ ပြန်ဆပ်ဖို့ စိုးရိမ်ပူပန်မှု တစ်ခု ဖြစ်နေတယ်။ ကလေးလွင်ပြင်က အဖွဲ့ဝင်တစ်ယောက် ကတော့ ရွာရန်ပုံငွေအဖြစ် မျိုးပြန်ပေးဆပ်ဖို့ တောင်းခံနေတယ်။ ကျွန်တော်တို့ရွာတွေအတွက် မျိုးပြန်ဆပ်ဖို့ သုံးနှစ်စီမံကိန်းရှိ တယ်လို့ ပြောတယ်ဗျ။ ဒါပေမဲ့ နေကြာတစ်မျိုးထဲ အားရတဲ့အတွက် မျိုးပြန်ဆပ်ဖို့ ကျွန်တော်တို့အတွက် အခက်ရှိနေတယ်ဗျ” ဟု ကိုဂျင်မီထွန်းကပင် ဆိုသည်။

ယခင်က မြေပဲတစ်ခင်းလျှင် စိုက်ပျိုးစအချိန်မှ သုံးလခွဲခန့် ကြာမြင့်ပါက ခူးဆွတ်နိုင်ပြီးဖြစ်သော်လည်း ယခုအခါ နှစ်လခွဲကျော် ကြာသည်အထိ ပျိုးပင် ရှင်သန်ရေးအတွက် ဓာတ်မြေသြဇာအကူဖြင့် လုပ်ဆောင်နေရဆဲ ဖြစ်ပြီး ငါးလခန့်ခွဲအချိန်ကျမှသာလျှင် ခူးဆွတ်နိုင်မည်ဟု တောင်သူများက ခန့်မှန်းထားကြသည်။
မဖြစ်ထွန်းသည့် ဆောင်းသီးနှံခင်း။ ဓာတ်ပုံ - သန့်ဇင်ဆွေ (အောက်ချင်း သတင်းအေဂျင်စီ)
“မြေပဲကတော့ဗျာ အရင်နှစ်ကဆို နှစ်လသားဆို ပေါင်းဆွယ်ပွင့်တွေဆင်းပြီ။ အခုက နှစ်လခွဲနေပြီ၊ အခုမှ ကြောင်းတန်တယ်။ အစကဆို အပင်တွေဝါနေလို့ ဆေးတွေကူနေရတယ်ဗျ။ မြေထောက် က ဆေးဖြန်းလည်း မရတော့ဘူးဗျို့။ မြေပဲကတော့ အပင်သန်ဖို့ ဆေးဖြန်တာ ဆေးဖိုး ကလည်း၂၇၅၀၀ ကျပ်ကြတယ်ဗျ။ တစ်ဧကအတွက် ဖြန်း တာနော်။ မြေပဲမျိုးကတော့ တစ်ဧကကို သုံးတင်းကုန်တယ်။ ထွန်ယက်ချိန် ကဆိုလည်း အတော်ဒုက္ခရောက်တယ်ဗျ။ အစိုးရက စက်တွေက ထွန်တော့ပေးတယ်။ ဒါပေမဲ့ မညီညာတွေ၊ မညှိပေးဘူး။ ဒါကြောင့် ကျုပ်အခင်းကတော့မခိုင်းလိုက်ဘူး။ ဦးသာအေး (စစ်ကိုင်းတိုင်း ၀န်ကြီးချုပ်) လာမှ အဆင်ပြေအောင် စက်မောင်းသူတွေက လုပ်ပေးတာ။ ကျုပ်ကတော့ ငှားရတာ။ ကျွန်တော်က သုံးဧကကျော်တယ်စိုက်ထားတာ။ အခုဆို တစ်ဧကကုန်ကျစရိတ် လေးသိန်းကျော် ကုန်တယ်ဗျ။ ပြန်ဖော်ချိန် အရင်နှစ်ကလို တင်း ၁၅၀ လောက်ရရင်တော့ အရင်းတော့ ပြန်ရမှာပါ။ ဒီနှစ်ကတော့ အရင်းရရင် အမြတ်ပဲ။ အပင်တွေကတော့ မရပါဘူ။ အပင်အရဆိုရင်တော့ အရှုံးပြနေပါပြီ” ဟု ပေါက်ခုံကျေးရွာ မှ တောင်သူတစ်ဦးဖြစ်သူ ဦးအောင်ကြည်က အောက်ချင်းသတင်းအေဂျင်စီ သို့ ပြောသည်။

ယခင်နှစ်က ပဲတစ်တင်းလျှင် ငွေကျပ် ၉၀၀၀ ကျပ် ဈေးပေါက်ခဲ့ကာ အထွက်နှုန်း ကောင်းခဲ့သော်လည်း ယခုနှစ်တွင်မူ စိုက်ပျိုးချိန် ကြာမြင့်ခြင်း၊ ကုန်ကျစရိတ် များပြားခြင်းများက တောင်သူတို့အတွက် အခက်တွေ့စေလျက် ရှိသည်။
မဖြစ်ထွန်းသေးသည့် ဆောင်းသီးနှံခင်း။ ဓာတ်ပုံ - သန့်ဇင်ဆွေ (အောက်ချင်း သတင်းအေဂျင်စီ)
ကလေးလွင်ပြင်မှ ချေးယူထားသည့် ဆောင်းသီးနှံမျိုးများကို ပြန်ဆပ်မည်ဆိုပါက မြေပဲ တစ်တင်းခွဲအိတ် ယူထားပါက ၈၀၀၀၀ ကျပ်၊ နေကြာတစ်အိတ် ယူထားပါ ၁၃၀၀၀ ကျပ်နှင့် ပဲနီတစ်တင်းယူထားလျှင် မျိုး တစ်တင်း ပြန်လည် ပေးဆပ်ရမည် ဖြစ်သည်။
ကလေးလွင်ပြင်အဖွဲ့၏ ရေဘေးဒဏ်ခံဒေသများ ပြန်လည်ထူထောင်ရေးအစီအစဉ် ဆိုင်းဘုတ်။ ဓာတ်ပုံ - သန့်ဇင်ဆွေ (အောက်ချင်း သတင်းအေဂျင်စီ)
သို့သော် တောင်သူများအား ချေးငှားထားသည့် မျိုးစေ့အတွက် ပြန်လည်ပေး ဆပ်ရမည့် ငွေများကို ကလေးလွင်ပြင်သို့ ပေးဆပ်ရမည် မဟုတ်ကြောင်း၊ ယင်းငွေကြေးများဖြင့် ရွာဆေးပေးခန်းနှင့် အခြားသော ဒေသအကျိုးပြု အဆောက်အဦများ ဆောက်လုပ်ရန်အတွက် ရန်ပုံငွေအဖြစ် ထားရှိရန် ရည်ရွယ်ထားပြီး ဖြစ်ကြောင်းနှင့် ပြန်လည်ပေးဆပ်ရန် စိတ်ပူနေ သည့် တောင်သူများအား စိတ်မပူပန်စေလိုကြောင်း ကလေးလွင်ပြင်အဖွဲ့မှ တာဝန်ရှိသူ ဦးဌေးအောင်က အောက်ချင်းသတင်းအေဂျင်စီသို့ ပြောသည်။

သန့်စင်ဆွေ (အောက်ချင်း သတင်းအေဂျင်စီ)

(မှတ်ချက် - ကလေးလွင်ပြင်မှ တာဝန်ရှိသူ ဦးဌေးအောင်အား ၄င်းကွယ်လွန်ခဲ့သော ဖေဖော်ဝါရီလ ၂၉ ရက် မတိုင်မီက တွေ့ဆုံမေးမြန်းထားခြင်း ဖြစ်ပါသည်။ ဦးဌေးအောင် ကွယ်လွန်သွားခြင်းအတွက် ကျန်ရစ်သူမိသားစုများ၊ ကလေးလွင်ပြင် အဖွဲ့သားများနှင့် ထပ်တူထပ်မျှ ၀မ်းနည်းရပါကြောင်း ယခုသတင်းနှင့်အတူ မှတ်တမ်းတင်အပ်ပါသည်။)
0

No comments

Post a Comment

Mega Menu

blogger
© all rights reserved
made with by templateszoo