Ad

Slider

ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်းသန်း ဖြေကြားပေးစေလိုသည်...

(မည်သည့်အခွင့်အာဏာ၊ ဥပဒေပြဋ္ဌာန်းချက်ဖြင့် သမ္မတဦးသိန်းစိန်၏ ပိုင်ဆိုင်မှုချိတ်ပိတ်စာအိတ်အား ပြန်ပေးပါသလော)

မတ်လ ၂၅ ရက် သောကြာနေ့ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ်သတင်းဂျာနယ် မျက်နှာဖုံးမှာ သတင်းတစ်ပုဒ် ပါလာပါတယ်။ “ဆင်းရတော့မည့် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ၄င်းပိုင်ဆိုင်မှု ချိတ်ပိတ်စာအိတ်ကို လွှတ်တော်မှ ပြန်တောင်းယူသွား” ဆိုတဲ့ သတင်းပါ။
ပြည်ထောင်စုလွှတ်တော နာယက မန်းဝင်းခိုင်သန်း။ ဓာတ်ပုံ - AP
အဲဒီသတင်းရဲ့ ကောက်စာအဖြစ် “ပြန်တောင်းနေကြောင်း နာယက မန်းဝင်းခိုင်သန်း သိရှိပြီး စာဖြင့်တောင်းယူရန် ညွှန်ကြားမှ စာဖြင် တောင်း…၊ ရာထူးမှ ဆင်းသွားသည့်အခါ ပိုင်ဆိုင်နေသည့်စာရင်းကို ကြည့်၍ အဂတိနှင့် လာဘ်ပေးလာဘ်ယူ၊ ကိုယ်ကျိုးရှာမှု ကင်းရှင်း မရှင်း သိနိုင်မည်” လို့လည်း ဂျာနယ်မျက်နှာဖုံးမှာ ဖော်ပြထားပါတယ်။

မြန်မာသံတော်ဆင့်တွင် ဖော်ပြထားတဲ့ အတွင်းသတင်းမှာ “သမ္မတရုံးနှင့် ပြည်ထောင်စု လွှတ်တော် နာယကအကြား ဗျာများနေရရှာသည့် လွှတ်တော်ဝန်ထမ်းအကြီးအကဲ၏ တင်ပြချက်အရ သမ္မတဦးသိန်းစိန် ပိုင်ဆိုင်မှု ချိတ်ပိတ်စာအိတ်ကို ပြန်တောင်းနေကြောင်း နာယက မန်းဝင်းခိုင်သန်း သိရှိပြီး စာဖြင့် တောင်းယူရန် ညွှန်ကြားမှ သမ္မတဦးသိန်းစိန်သည် ၄င်း၏ ပိုင်ဆိုင်မှုစာအိတ်ကို စာဖြင့်တောင်းယူကြောင်း၊ လွှတ်တော်နာယကကြီး မန်းဝင်းခိုင်သန်းကလည်း ဦးသိန်းစိန် ပိုင်ဆိုင်မှုချိတ်ပိတ်စာအိတ်ကို ပြန်ပေးလိုက်ကြောင်း လွှတ်တော်ရုံးထံမှ သတင်းရရှိသည်” လို့ ဖော်ပြထားပါတယ်။

သတင်းပါ ဖော်ပြချက်အရ ကြည့်မယ်ဆိုရင် သမ္မတဦးသိန်းစိန် တောင်းဆိုချက်ကို လွှတ်တော် နာယက မန်းဝင်းခိုင်သန်းကိုယ်တိုင် ခွင့်ပြုလိုက်တာကို တွေ့ရမှာပါ။ တကယ်တော့ သမ္မတတစ်ဦးရဲ့ ပိုင်ဆိုင်မှုဆိုတာ အခြေခံဥပဒေအရ ထိပ်တန်းလျှို့ဝှက်ချက် တစ်ခုဖြစ်ပြီး နိုင်ငံ့အကျိုးအလို့ငှာ ထိန်းသိမ်းထားရမယ့် မှတ်တမ်းပါ။
ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်တဲ့အတွက် အခြေခံဥပဒေ ပုဒ်မ ၆၈ မှာတောင် “နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် မိမိတို့ဦးစီးသည့် တစ်စီးပွားတည်း ဖြစ်သော မိသားစုပိုင် မြေ၊ အိမ်၊ အဆောက်အအုံ၊ စီးပွားရေးလုပ်ငန်း၊ စုငွေနှင့် အခြားအဖိုးတန်ပစ္စည်းများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး ပြည်ထောင်စုလွှတ်တော် အကြီးအမှူးထံ ပေးပို့ရမည်” လို့ ထည့်သွင်း ပြဋ္ဌာန်းထားတာပါ။ ဒါပေမဲ့လည်း တောင်းရင် ပြန်ပေးရမယ်ဆိုတဲ့ အချက်တော့ မပါပါဘူး။

နောက်ပြီး မကြာခင် အဏာစွန့်ရမယ့် သမ္မတတစ်ဦးရဲ့ ပိုင်ဆိုင်မှုမှတ်တမ်းကို ပြန်ပေးခွင့်ရှိတယ်လို့လည်း လွှတ်တော်နာယကရဲ့ တာဝန်ထဲမှာ ထည့်သွင်းထားခြင်း မရှိပါဘူး။

လွှတ်တော်နာယကရဲ့ တာဝန်အဖြစ် “(က) ပြည်ထောင်စုလွှတ်တော် အစည်းအဝေးများကို ကြီးကြပ်ကွပ်ကဲရမည် (ခ) ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ တက်ရောက်၍ မိန့်ခွန်းပြောကြား လိုကြောင်း နိုင်ငံတော်သမ္မတက အကြောင်းကြားလျှင် နိုင်ငံတော်သမ္မတအား ဖိတ်ကြားရမည်၊ (ဂ) ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ ဆွေးနွေးဆောင်ရွက်ဆဲ အကြောင်းအရာ တစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ လိုအပ်လျှင် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတစ်ရပ်ရပ်ကို ကိုယ်စားပြုသော အဖွဲ့အစည်းများ သို့မဟုတ် ပုဂိ္ဂုလ်များကို ပြည်ထောင်စု လွှတ်တော်သို့ တက်ရောက်ရှင်းလင်း တင်ပြစေရန် ဖိတ်ကြားခွင့်ရှိသည်၊ (ဃ) ဖွဲ့စည်းပုံအခြေခံဥပဒေအရသော် လည်းကောင်း၊ ဥပဒေတစ်ရပ်ရပ်အရသော် လည်းကောင်း သတ်မှတ်ထားသည့် အခြားတာဝန်နှင့် လုပ်ပိုင်ခွင့်များကို ဆောင်ရွက်ရမည်” ဟု အခြေခံဥပဒေ ပုဒ်မ ၇၇ မှာ ပါရှိပြီးသားပါ။
ဘာကြောင့် သမ္မတရဲ့ ပိုင်ဆိုင်မှု လျှို့ဝှက်စာအိတ်ဟာ အရေးကြီးကြောင်းကို “သမ္မတတစ်ဦး၏ တရားဝင်ပိုင်ဆိုင်မှု ချိတ်ပိတ်စာအိတ်အရ ရာထူးမှ ဆင်းသွားသည့်အခါ ပိုင်ဆိုင်နေသည့်စာရင်းနှင့် တိုက်ဆိုင်ကြည့်လျှင် ၄င်းအနေဖြင့် အဂတိနှင့် လာဘ်ပေးလာဘ်ယူ၊ ကိုယ်ကျိုးရှာမှု ကင်းရှင်း မရှင်း သိနိုင်မည်ဖြစ်ပြီး ဥပဒေအရလည်း အရေးယူ ဆောင်ရွက်ခံရမှု ရှိနိုင်ကြောင်း နိုင်ငံရေးစိတ်ဝင်စားသူ မည်သူမဆို သိရှိကြပေသည်” လို့ မြန်မာသံတော်ဆင့်က သုံးသပ်ဖော်ပြထားပါတယ်။ မှန်ပါတယ်။

တကယ်တော့ သမ္မတတစ်ဦးရဲ့ ပိုင်ဆိုင်မှုတွေကို တက်လာတဲ့အခါ ပြ၊ ပြန်ဆင်းတဲ့အခါ ပြန်ယူလိုကြောင်း စာလေးတင်ပြီး ပြန်တောင်းတာကို လွှတ်တော်နာယက က ခွင့်ပြုလို့ရပါသလား။ လက်သိပ်ထိုး သက်သေဖျောက်ဖျက်လိုသူများက သူတို့အကျိုးစီးပွားအတွက် လုပ်ဆောင်တာ မှန်ပေမယ့်လည်း ပြည်သူ့အကျိုးအတွက် လုပ်ဆောင်ရမည့် လွှတ်တော်တွင် ယင်းကို ကာကွယ်ပေးရမည် မဟုတ်ပါလော။ ရခဲ့တယ်ဆိုရင် ဘယ်ဥပဒေ၊ နည်းဥပဒေနဲ့အညီ လုပ်ဆောင်လို့ရတယ်ဆိုတာ ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်း ကိုယ်တိုင် ဖြေပေးစေချင်ပါတယ်။

သို့တည်းမဟုတ် အခြားသော ကိစ္စရပ်များကြောင့် ဖြစ်တယ်ဆိုရင်လည်း ပြည်သူတွေ သိအောင် ချပြစေလိုပါတယ်။

ထိုသို့ မဟုတ်ပါက မန်းဝင်းခိုင်သန်း အကြီးအမှူးဖြစ်သည့် လွှတ်တော်နှင့် အာဏာစွန့်ရတော့မည့် သမ္မတ ဦးသိန်းစိန်တို့အကြား လျှို့ဝှက်ဆက်ဆံရေးကို ပြည်သူတို့ သံသယများလာမှာဖြစ်ပြီး ရေရှည်တွင် လွှတ်တော်၏ ပုံရိပ် ထိခိုက်မည်ကို စိုးရိမ်မိသည့်အတွက် ကြိုတင်မေးခွန်းထုတ် ရေးသားလိုက်ပါသည်။

အောင်ထွန်းလင်း (အောက်ချင်း သတင်းအေဂျင်စီ)
0

No comments

Post a Comment

Mega Menu

blogger
© all rights reserved
made with by templateszoo