Ad

Slider

အချုပ်အခြာအာဏာပိုင် အစစ်မှာ ပြည်သူသာဖြစ်ကြောင်း သမဂ္ဂအတွင်းရေးမှူးဟောင်း ပြော

ရန်ကုန်၊ မတ် ၅

အမျိုးသားပညာရေး သပိတ်စစ်ကြောင်းအား အကြမ်းမဖက်ရန် ဆန္ဒဖော်ထုတ်စဉ် လက်ပတ်နီ အကြမ်းဖက်သမားများက ဆန္ဒဖော်ထုတ်သူ ကျောင်းသားနှင့် ပြည်သူများအား ရိုက်နှက်ဖြိုခွင်းခဲ့သည့် တစ်နှစ်ပြည့်အဖြစ် “လက်ပက်နီ အကြမ်းဖက်မှုနှင့် နိုင်/ကျဉ်းလွတ်မြောက်ရေး ဆုတောင်းပွဲ” အား မတ်လ ၅ ရက်တွင် ကျောင်းသားနှင့် ၀န်းရံပြည်သူများက မြို့တော်ခန်းမရှေ့၌ ပြုလုပ်ခဲ့သည်။
ဓာတ်ပုံ - နေမင်းသူ (အောက်ချင်း သတင်းအေဂျင်စီ)
အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေးအတွက် ရန်ကုန်သို့ ချီတက်လမ်းလျှောက်လာသည့် သပိတ်စစ်ကြောင်းအား အကြမ်းမဖက်ရန် ၂၀၁၅ ခုနှစ် မတ်လ ၅ ရက်က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် တကသကျောင်းသားများနှင့် ၀န်းရံပြည်သူများက ဆန္ဒဖော်ထုတ်ခဲ့ရာ လက်ပက်နီဝတ် အကြမ်းဖက်သမားများက ဖြိုခွင်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တစ်နှစ်ပြည့် အခမ်းအနားအား တကသ ကျောင်းသားများ၊ ၀န်းရံပြည်သူ စုစုပေါင်း လူဦးရေ ၅၀ ခန့်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကဗျာရွတ်ဆိုခြင်း၊ အကြမ်းဖက်ခံရစဉ်က ဖြစ်ပျက်ခဲ့သည့် ဖြစ်ရပ် များအား ပြန်လည်သရုပ်ဖော်ခြင်းတို့ ပြုလုပ်ခဲ့သည်။

ယင်းအခမ်းအနားတွင် လက်ပက်နီ အကြမ်းဖက်ဖြိုခွဲခံရမှု၊ တရားဥပဒေ စိုးမိုးရေးကိစ္စများကို ထည့်သွင်း ပြောဆိုခဲ့သည့်အပြင် တပ်မတော်နှင့် ပတ်သက်သည့် ကိစ္စရပ်များကိုလည်း ယခုကဲ့သို့ ပြောကြားခဲ့ကြသည်။
ဓာတ်ပုံ - နေမင်းသူ (အောက်ချင်း သတင်းအေဂျင်စီ)
“အဓိကအရေးကြီးဆုံးပြောချင်တာကတော့ တပ်မတော်အနေနဲ့ ကိုယ့်ရဲ့ နေရာမှန်ဖြစ်တဲ့ နေရမှာသာ ဂုဏ်သိက္ခာရှိရှိ အဆင့်တန်းရှိရှိ နေသင့်ပြီးတော့ ဒူးနေရာဒူး တော်နေရာတော် သလို နေရပါမယ်။ အချုပ်အခြာ အာဏာပိုင် အစစ်တွေဟာ ပြည်သူတွေ ဖြစ် ပါတယ်။ အဲ့ဒါကိုလည်း ရွေးကောက်ပွဲမှာ ပြသခဲ့ပြီး ဖြစ်ပါတယ်” ဟု အဆိုပါ အကြမ်းဖက်ဖြိုခွဲမှု ဖြစ်စဉ်တွင် ဖမ်းဆီးခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသူ ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ အတွင်းရေးမှူးဟောင်း ကိုဇင်မင်းဖြိုးက ပြောသည်။

မတ်လ ၅ ရက် လက်ပက်နီ အကြမ်းဖက်ဖြိုခွဲမှု ဖြစ်စဉ်မှာ အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေးနှင့် ဆက်စပ်သည့် အကြမ်းဖက်ဖြိုခွဲခံရမှုများတွင် ပထမဦးဆုံး အကြိမ်ဖြစ်ပြီး ယင်းဖြိုခွဲမှုကို ကော်မရှင်ဖွဲ့ စစ်ဆေးခဲ့သော်လည်း ယနေ့တိုင် ထူးခြားမှု တစ်စုံတစ်ရာ မရှိသေးပေ။
ဓာတ်ပုံ - နေမင်းသူ (အောက်ချင်း သတင်းအေဂျင်စီ)
ယင်းအကြမ်းဖက်ဖြိုခွဲမှု နောက်တွင် လက်ပံတန်း၌ ပိတ်ဆို့ခံထားရသည့် ပင်မသပိတ်စစ်ကြောင်း အား ပြည်ထဲရေးလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက မတ်လ ၁၀ ရက်တွင် အကြမ်းဖက်ဖြိုခွဲကာ ကျောင်းသားခေါင်းဆောင်များအား သာယာဝတီထောင်၌ ဖမ်းဆီးထိန်းသိမ်းကာ ပုဒ်မမျိုးစုံတပ် တရားစွဲဆိုထားသည်။

နေမင်းသူ (အောက်ချင်း သတင်းအေဂျင်စီ)
0

No comments

Post a Comment

Mega Menu

blogger
© all rights reserved
made with by templateszoo