Wednesday, July 4, 2018

aung7

တပ်မတော်စီးပွားရေးနဲ့ နိုင်ငံရေးချိန်ခွင်လျှာ

မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ တပ်ဟာ အခုအချိန်အထိ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတာဟာ အခြေခံဥပဒေက ပေးထားတဲ့ အာဏာပါဝါကြောင့် သုံးသပ်နေကြပါတယ်။ ဒါဟာလည်း မှားယွင်းတဲ့ သုံးသပ် ချက်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ တပ်ရဲ့ အားကောင်းမောင်းသန်မှုဟာ ခြေ/ဥ တစ်ခုတည်းကြောင့် မဟုတ်ဘူး ဆိုတာကိုလည်း ထည့်စဉ်းစားဖို့ လိုလာပါပြီ။ ဒီလို ထည့်သွင်းစဉ်းစားရမယ့် အချက်ထဲမှာ နှစ်ခုရှိပါတယ်။ ပထမတစ်ခုကတော့ ခိုင်မာတဲ့ အင်စတီကျူးရှင်း ဖြစ်တယ်ဆိုတာပါ။

နှစ်ကာလရှည်ကြာ စနစ်အမျိုးမျိုးကို ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံ၊ ကျစ်လစ်ခိုင်မာတဲ့ ဖွဲ့စည်းမှု၊ တည်ငြိမ်တဲ့ ထက်အောက် ဖွဲ့စည်းမှုစနစ်တွေက တပ်ကို ထောက်ကူထားပါတယ်။ ဒါ့အပြင် အုပ်စုဖွဲ့ ရပ်တည်မှုကလည်း အင်စတီကျူးရှင်းကို ပိုမိုအားကောင်းစေခဲ့သလို သစ္စာခံမှုနယ်ပယ်ကို ပိုပြီး ကြီးစေခဲ့ပါတယ်။
တပ်သည် အစိုးရရဲ့ လက်ဝေခံမဟုတ်ဘဲ မိမိဘာသာ ရပ်တည်နေနိုင်အောင် ဖန်တီးထားတဲ့ အခင်းအကျင်း...
နောက်ထပ် ထည့်သွင်းစဉ်းစားရမယ့်အချက်ကတော့ တပ်သည် အစိုးရရဲ့ လက်ဝေခံမဟုတ်ဘဲ မိမိဘာသာ ရပ်တည်နေနိုင်အောင် ဖန်တီးထားတဲ့ အခင်းအကျင်းပါ။ ဒီမိုကရက်တစ်နိုင်ငံတွေမှာ တပ်ရဲ့ ရပ်တည်ရေးဟာ အစိုးရက ချပေးတဲ့ ဘက်ဂျက်အပေါ်မှာ အဓိက မှီခိုအားထားရပြီး ဒီမိုကရေစီစနစ် ကူးပြောင်းစနိုင်ငံတချို့မှာ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးအပေါ် ဘက်ဂျက်ခွဲဝေမှုက အဓိကထားပါတယ်။ ဒါပေမဲ့ မြန်မာပြည်မှာတော့ ဒီမိုကရေစီရပြီးနိုင်ငံတွေ၊ ဒီမိုကရေစီစနစ် ကူးပြောင်းစနိုင်ငံတွေနဲ့ မတူညီတာ ရှိပါတယ်။ အဲဒါက တပ်သည် အစိုးရက ချပေးတဲ့ ဘက်ဂျက်ကို ရယူနေပေမယ့်လည်း မိမိဘာသာ ရပ်တည်နိုင်အောင်အတွက် ကိုယ်ပိုင် စီးပွားရေးကော်ပိုရေးရှင်းတွေ တည်ထောင်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

တပ်က စီးပွားရေးလုပ်တော့ ဘာဖြစ်သလဲလို့ မေးစရာတော့ ရှိပါတယ်။ ဒီ့အတွက် အဖြေကလည်း ရှိပါတယ်။ နိုင်ငံရဲ့ စီးပွားရေးမှာ တပ်ဘက်က အခုလို ပါဝင်နေခြင်းဟာ နိုင်ငံအဆင့်မှာတင်မဟုတ်ပါဘူး၊ အောက်ခြေ ရွာ၊ မြို့၊ ခရိုင်၊ ပြည်နယ်အဆင့်တွေအထိ သူတို့ရဲ့ သြဇာအာဏာလွှမ်းမိုးမှုက ပိုပိုပြီး အားကောင်းလာစေပါတယ်။

ဒါ့အပြင် အစိုးရဘက်ဂျက်ကို အတိုင်းအတာတစ်ခုအထိ မသိကျိုးကျွံပြု နေနိုင်ပြီး အကန့်အသတ်နဲ့ ပြုပြင် ပြောင်းလဲမှုကို ဖွင့်ပေးထားလိုက်ပြီး တရားဝင်မှုဆိုတဲ့ အကာအကွယ်အောက်မှာ သူတို့ရဲ့ အခန်းကဏ္ဍကို အားပြုထားတဲ့ အခြေခံဥပဒေနဲ့အတူ နိုင်ငံရေးကို ဆက်လက်ဦးဆောင်နိုင်တဲ့ အစီအမံတွေအပေါ် ပိုပြီး အားကောင်းစေ၊ အလုပ်ဖြစ်စေပါတယ်။ ဒါ့အပြင် နိုင်ငံ့အတွက် အရေးကြီးပြီး အဓိကကျတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို တပ်ဘက်က မလုပ်ဘဲ လက်ရှောင်ရပ်တည်နေနိုင်အောင် ဖန်တီးထားနိုင်ပါတယ်။

ဒီလို အနေအထားတွေ ဖန်တီးနိုင်ဖို့ဆိုတာဟာ တပ်ရဲ့ ကိုယ်ခံအားကောင်းတဲ့ အင်စတီကျူးရှင်း တည်ဆောက် ထားနိုင်မှုနဲ့ တပ်ပိုင်စီးပွားရေးတွေရဲ့ ကျားကန်ပေးမှုတွေပါ။ အင်စတီကျူးရှင်းရဲ့ သစ္စာခံမှုနယ်ပယ်ကို စီးပွား ရေးနဲ့ ချဲ့ထွင်ထားနိုင်တယ်လို့ ဆိုနိုင်ပါတယ်။ ဒီ့နောက်ကွယ်မှာ ဒီမိုကရေစီကျင့်စဉ်တွေနဲ့ မကိုက်ညီတဲ့ အ ကျင့်ပျက်ခြစားမှုတွေ၊ မလျော်သြဇာ သုံးမှုတွေ ပိုပိုများလာစေသလို အုပ်စုဖွဲ့ ကောင်းစားရေးဟာလည်း ပိုပို အားကောင်းလာစေပါတယ်။
အစိုးရဆီက ဘက်ဂျက်ကို လျော့ယူပြနေရချိန် တပ်အတွက်လိုအပ်နိုင်တဲ့ ဘဏ္ဍာရေးဆိုင်ရာ ကျပ်တည်းမှုကို ဒီ တပ်ပိုင်စီးပွားရေးကော်ပိုရေးရှင်းက တစ်ဖက်က အထောက်အပံ့ ဖြစ်စေနိုင်...
ပြည်ပရန် မရှိရင် စစ်တပ်ရဲ့ အခန်းကဏ္ဍ မှေးမှိန်တတ်တဲ့ အနေအထားမှာ တပ်အတွက် ပြည်တွင်းရန်သူ ဖန်တီးထားနိုင်ဖို့မှာ တပ်ရဲ့ ဘဏ္ဍာရေးအခန်းကဏ္ဍဟာလည်း အရေးပါလှပါတယ်။ တပ်ဘက်က တရားဝင်မှု အရေခြုံပြီး ပြောင်းလဲမှုကို ပြပါတယ်လို့ ဆိုနိုင်အောင် အစိုးရဆီက ဘက်ဂျက်ကို လျော့ယူပြနေရချိန် တပ်အတွက်လိုအပ်နိုင်တဲ့ ဘဏ္ဍာရေးဆိုင်ရာ ကျပ်တည်းမှုကို ဒီ တပ်ပိုင်စီးပွားရေးကော်ပိုရေးရှင်းက တစ်ဖက်က အထောက်အပံ့ ဖြစ်စေနိုင်တယ်ဆိုတဲ့ အချက်ပါ။ ဒါဟာလည်း တပ်ရဲ့ နိုင်ငံရေးသြဇာ တည်ဆောက်ရာမှာ တပ်ပိုင် စီးပွားရေးတွေက တစ်ဖက်တစ်လမ်းက ပံ့ပိုးပေးသလို တပ်ပိုင်စီးပွားရေးတွေ အားကောင်းစေဖို့လည်း နိုင်ငံရေး သြဇာ တက်လာမယ့် တပ်ဘက်က ပြန်လုပ်ဆောင်နိုင်ဆိုတဲ့ အပြန်အလှန် အကျိုးဖြစ်ထွန်းမှု ကွင်းဆက်ကို ဖန်တီးပေးပါတယ်။

ဒီ အကျိုးဖြစ်ထွန်းမှု ကွင်းဆက်ကို ကြည့်မယ်ဆိုရင် နိုင်ငံရေးမှာ တပ်ရဲ့ သြဇာအာဏာ တည်မြဲရေးအတွက် တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေရဲ့ အခန်းကဏ္ဍကို မြင်ရမှာပါ။ နောက်တစ်ခုကတော့ အစိုးရက ဦးဆောင်မောင်း နှင်နေတဲ့ ဒီမိုကရေစီကူးပြောင်းစနိုင်ငံမှာ နိုင်ငံ့စီးပွားရေး ကျပ်တည်းချိန် တပ်ပိုင်စီးပွားရေးက အားကောင်းနေ တယ်ဆိုရင်လည်း နိုင်ငံရေးနယ်ပယ်မှာ တပ်ရဲ့ သြဇာအာဏာက ပိုပိုပြီး အားကောင်းလာစေနိုင်တယ်ဆိုတဲ့ အချက်ကို နိုင်ငံ့ခေါင်းဆောင်တွေ မျက်ခြည်ဖြတ်ထားလို့ မရပါဘူး။ တပ်ကို စီးပွားရေးသားကြောဖြတ်ပေးဖို့ဟာ အကူးအပြောင်းဖြစ်စဉ်အတွက် မဖြစ်မနေ လုပ်ဆောင်ရမယ့် ကဏ္ဍတစ်ခု ဖြစ်လာနေပါပြီ။

ဒီမိုကရက်တစ်စနစ် ကူးပြောင်းစ နိုင်ငံတွေမှာ တပ်ကို နိုင်ငံရေးကနေ ဖယ်ထုတ်ဖို့အတွက် စဉ်းစားတဲ့အခါ တပ်ရဲ့ ဘဏ္ဍာရေးဆိုင်ရာ အားကောင်းနေမှုကို ထည့်သွင်းစဉ်းစားကြလေ့ ရှိပါတယ်။ မြန်မာပြည် အနေအ ထားနဲ့ စဉ်းစားတဲ့နေရာမှာ တပ်ရဲ့ စီးပွားရေးကဏ္ဍကို အလောသုံးဆယ် ကန့်သတ်ဖို့ လုပ်မယ်ဆိုရင် တပ်ရဲ့ ထမင်းအိုးကို ခွဲသလို ဖြစ်နိုင် တယ်ဆိုတဲ့အချက်နဲ့ ဒီကန့်သတ်မှုကြောင့် အာဏာလက်လွှတ်ရသူတွေ၊ အခွင့်အရေးမဲ့ကုန်သူတွေရဲ့ ဒေါသ ကို ဆွသလိုဖြစ်ပြီး ခြေ/ဥ ပေး တပ်ပိုင်အာဏာပါဝါမှန်သမျှကို ထုတ်သုံးပြီး တိုင်းပြည်ကို အကျပ်အတည်း ဖြစ်စေနိုင်ဆိုတာကို နိုင်ငံရေးသမားတွေက ထည့်သွင်း တွက်ဆထားဖို့ လိုပါ တယ်။

ဒီလို အနေအထားမျိုးမှာ နိုင်ငံရေးသမားတွေ ခံတွင်းတွေ့လေ့ရှိတဲ့ တွေ့ဆုံဆွေးနွေးမှုကိစ္စက အရေးပါလာပါ တယ်။ ခက်တာတစ်ခုကတော့ မြန်မာပြည်ရဲ့ နိုင်ငံရေးအခင်းအကျင်းမှာ အရင်ကတည်းက အကြောင်းအမျိုးမျိုး ပြ ကွဲနေကြတာကြောင့် ဒီကနေ့အချိန်မှာလည်း အားလုံးက သူတို့ အခန်းကဏ္ဍ မပျောက်ရေးနဲ့ ပတ်သက်လို့ အားလုံးပါဝင်ရေးကို ဇောင်းပေးခဲ့ကြတာပါ။ ဒါကြောင့်လည်း သုံးပွင့်ဆိုင်၊ လေးပွင့်ဆိုင်၊ ခြောက်ပွင့်ဆိုင်ကနေ အပွင့်တွေ ဆယ်နဲ့ချီပြီး ဆိုင်နေပေမယ့် တိုးတက်မှု တစုံတရာကို မမြင်ရခြင်းပဲလို့ ခပ်ဆက်ဆက် ပြောရပါတော့ မယ်။
အနောက် ကမ္ဘာက ဖြစ်စေ၊ အရှေ့ကမ္ဘာက ဖြစ်စေ၊ ပြည်တွင်းနိုင်ငံရေးအသိုင်းအ၀ိုင်းက ဖြစ်စေ၊ ပြည်တွင်းအရပ်ဘက် အဖွဲ့အစည်းတွေက ဖြစ်စေ အားလုံးပါဝင်ရေးကို ဘယ်လိုပင် ပြောနေပါစေ။ တကယ်အရေးကြီးသူတွေ တွေ့ ဆုံဆွေးနွေးခြင်းကသာလျှင် နိုင်ငံ့အပြောင်းအလဲအတွက် အခရာ ဖြစ်...
ဒါကြောင့် တွေ့ဆုံဆွေးနွေးရေးမှာ လတ်တလော ရေပန်းစားနေတဲ့ အားလုံးပါဝင်ရေး All Inclusive ဆိုတာ ထက် တကယ်အရေးကြီးတဲ့ Power Holder တွေဖြစ်တဲ့ NLD နဲ့ စစ်တပ်နဲ့ တွေ့ဆုံ စကားပြောဖို့ပါ။ အနောက် ကမ္ဘာက ဖြစ်စေ၊ အရှေ့ကမ္ဘာက ဖြစ်စေ၊ ပြည်တွင်းနိုင်ငံရေးအသိုင်းအ၀ိုင်းက ဖြစ်စေ၊ ပြည်တွင်းအရပ်ဘက် အဖွဲ့အစည်းတွေက ဖြစ်စေ အားလုံးပါဝင်ရေးကို ဘယ်လိုပင် ပြောနေပါစေ။ တကယ်အရေးကြီးသူတွေ တွေ့ ဆုံဆွေးနွေးခြင်းကသာလျှင် နိုင်ငံ့အပြောင်းအလဲအတွက် အခရာ ဖြစ်လာပါလိမ့်မယ်။ ထို့အတူ နိုင်ငံ့အပြောင်း အလဲ အပေးအယူလုပ်မှု ဖြစ်စဉ်တွေကို NLD နဲ့ တပ်ကသာ ဦးဆောင်သွားနိုင်မယ်ဆိုရင် နိုင်ငံရေးအရ ကြီးမား တဲ့ စိတ်ဝမ်းကွဲမှုဖြစ်လာစေနိုင်တာကို လျော့ချနိုင်တဲ့အပြင် တစ်ချိန်မှာ အခြေခံဥပဒေ ပြင်ဆင်ရေးလမ်းကြောင်း ကိုပါ ဦးတည်သွားစေနိုင်ပါတယ်။

တွေ့ဆုံဆွေးနွေးမှုရဲ့ တစ်ဖက်မှာလည်း ဒီမိုကရေစီလိုလားသူတွေရဲ့ အခြေခံရည်မှန်းချက်အဖြစ် ဒီမိုကရေစီ အစိုးရကို ထောက်ခံတဲ့ တပ်ဘက်ဆိုင်ရာ မျိုးဆက်သစ် မွေးထုတ်ပေးဖို့နဲ့ တပ်ရဲ့ ရရှိပြီးသား အာဏာပါဝါ ရင်းမြစ်တွေကို လျှော့ချနိုင်ဖို့အတွက် မဟာဗျူဟာစီမံကိန်းတွေ၊ မူဝါတွေ ချမှတ်ရးဆွဲရမှာ ဖြစ်ပါတယ်။ ထို့နည်း တူ ဒါတွေကို အကောင်အထည်ဖော်မယ့် အစိုးရအင်စတီကျူးရှင်းတွေကို တည်ထောင်ရေးကိုလည်း တစ်ပြိုင် နက်တည်း လုပ်ဆောင်ထားဖို့ လိုပါတယ်။

ဒီလိုမျိုး တပ်ကို နိုင်ငံရေးနယ်ပယ်မှာ နေရာယူဖို့ အဓိကပံ့ပိုးပေးထားတဲ့ စီးပွားရေးအရ အားကောင်းမောင်းသန် ဖြစ်နေမှုကို လျှော့ချပြီး တွေ့ဆုံညှိနှိုင်း အဖြေရှာပေးနိုင်သာလျှင် နောင်အနာဂတ်ကာလမှာ ဒီမိုကရက်တစ် အလေ့အကျင့်ကောင်းတွေ၊ အခြေအနေကောင်းတွေကို အုတ်မြစ်ချပေးနိုင်မှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါ တယ်။

အောင်ထွန်းလင်း

(၂၀၁၈ ခုနှစ် ဇွန်လ ၂၆ ရက်ထုတ် မြန်မာသံတော်ဆင့် နေ့စဉ်သတင်းစာတွင် ဖော်ပြပြီး ဆောင်းပါးဖြစ်ပါသည်။)

aung7

About aung7 -

Aung Htun Linn.. The Hornbill News Agency.

Subscribe to this Blog via Email :