Thursday, June 21, 2018

aung7

ခပ်စွာစွာအသံထွက် ပြည်သူ့အမတ်တွေ လိုလာပြီ…

မကြာခဏ ဆိုသလို မီဒီယာပေါ်မှာ၊ လူမှုကွန်ရက်ပေါ်မှာ တွေ့ရလေ့ရှိတဲ့ ကိစ္စတစ်ခုရှိရဲ့။ အဲဒါက တစ်နှစ် တစ်နှစ် ဘက်ဂျက်တွေ ထွက်လာရင်၊ ဘက်ဂျက်ပါ စီမံကိန်းတွေကို အကောင်အထည်ဖော်ရင် ဆင်းရဲသားလူ များစု နေတဲ့ နေရာက လိုအပ်ချက်တွေထက် လူချမ်းသာ၊ လူ့မလိုင်အများစု နေတဲ့ နေရာတွေမှာ ဖြစ်နေတတ် တဲ့ကိစ္စပါ။

ဒီလိုကိစ္စတွေက အခုအစိုးရလက်ထက်မှ မဟုတ်။ ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်း၊ ဒီ့ထက် ထပ်ပြောရရင် စစ်အစိုးရခေတ်ကတောင် ဗိုလ်ချုပ်တွေက သူ့မွေးဌာနီကို ချယ်ကြ၊ မှုန်းကြ၊ သကြ၊ ဖို့ကြနဲ့ တောမြို့ဖြစ်နေရင် တောင် မီးလင်းကုန်ကော မဟုတ်လား။

ဘာကြောင့်လဲလို့ မေးရအောင်လည်း ကိုယ်တွေက ဘာကောင်မှ မဟုတ်။ ဘက်ဂျက်ကို အတည်ပြုကြတဲ့ လွှတ်တော်ထဲမှာကလည်း သတင်းမီဒီယာသမားတောင် တီဗီလေးရှေ့ ငုတ်တုပ်ထိုင် သတင်းယူရတဲ့ခေတ်ဆို တော့ ထွဏ်းမောင်တို့လို ပမွှားကတော့ ဝေလာ ဝေးပေါ့။

ဒါနဲ့ပတ်သက်ပြီး အစိုးရဘက်ဂျက် ရေးဆွဲတာနဲ့ ပတ်သက်လို့ တတ်သိနားလည်သူ အသိမိတ်ဆွေကို မေးကြည့် မြန်းကြည့်ရတော့တာပေါ့။ မိတ်ဆွေကလည်း ဘက်ဂျက်ရေးရာကော်မတီတွေနဲ့ နီးစပ်သူဆိုတော့လေ။ အဲဒါကျ တော့မှပဲ ဘာကြောင့်များ ဒီလိုဖြစ်နေရတယ်ဆိုတာ ရေးရေးသိလာရတော့တယ်ဗျာ...။

တခြားတော့ မဟုတ်။ ဘက်ဂျက်တွေကို စိစစ်ရတဲ့ ကော်မတီတွေမှာ ဒုက္ခက အများသားရယ်။ မနက်ဖြန်လို ဘက်ဂျက်အတွက် ဆွေးနွေးအတည်ပြုပေးရမယ့်အချိန် ဒီကနေ့လိုကျမှ တောင်ပုံရာပုံ ဘက်ဂျက်စာရင်းတွေက ရောက်လာကော။ ဒါကို ချက်ချင်းစစ်ပေးဖို့အတွက် မဖြစ်နိုင်မှန်း သိပေမယ့်လည်း လက်ခံလိုက်ရ။ ဒီတော့ ဘယ်ဟာလေးတော့ ပါကို ပါသင့်တယ်ဆိုတာလောက်နဲ့ အရေးကြီးတာလောက်လေး စစ်ပြီး အတည်ပြုလက် မှတ်ထိုးလိုက်ရပါလေကော။ ဒါ တကယ်ဖြစ်နေတာပါ။ မယုံဘူးရင် လက်ရှိ ဒေသစုံက ဘက်ဂျက်ကော်မတီတွေ လုပ်နေရတဲ့ တာဝန်ရှိသူတွေကိုသာ သွားမေးကြည့်ပါ။

ဘက်ဂျက်ကော်မတီဝင်တွေ၊ အမတ်တွေဆိုတာကလည်း ဘက်ဂျက်နဲ့ ပတ်သက်လာရင် အောက်ခြေ သက် ဆိုင်ရာအလိုက် ဌာနတွေ ရေးဆွဲပေးပို့လာတဲ့ ဘက်ဂျက်တွေကိုပဲ စိစစ်ရတာကိုး။ ဒီတော့ အချိန်ကပ်ပြီး ရောက် လာတဲ့ဘက်ဂျက်တွေကို စိစစ်ဖို့ အချိန်မလောက်တော့ အမှားမခံနိုင်တဲ့ ဘက်ဂျက်တွေလောက်ပဲ စိစစ်နိုင်ပြီး အချို့သောတင်ပြလာတာတွေကို လက်မှတ်ထိုးပေးလိုက်ရတာ အများကြီးပါ။

အဲဒီနေရာမှာ စပါပြီ။ ဘာလဲဆိုတော့ အောက်ခြေအဆင့်တွေက လုပ်မယ်လို့ တင်ပြလာတဲ့ ဘက်ဂျက်ပါ စီမံကိန်းတွေမှာ ခပ်စွာစွာ ခပ်ရမ်းရမ်း အမတ်တွေက တောင်းဆိုတာတွေက ပါလာပါတော့တယ်။ အဲဒီလိုမှ မပါရင် အမတ်မင်းက ထောင်းတော့ ထုတော့မှာကိုး။ အမတ်မင်းဆိုတာက လူထုက တင်မြှောက်ထားတာလေ။ ဒီတော့ လာမယ့်နှစ်အတွက် လျာထားတဲ့ စီမံကိန်းဘက်ဂျက်တွေမှာ မပါမဖြစ် ထည့်ပေးလိုက်ခြင်းအားဖြင့် ခပ်စွာစွာ အမတ်မင်း ပါးစပ်ပိတ်စေရောပေါ့။ ရေငုံနှုတ်ပိတ် ဒီတစ်နှစ်မပါလည်း နောက်တစ်နှစ် ပါမှာပါလို့ တွေးနေသူ အမတ်မင်း တင်ထားတဲ့ လူထုအတွက် လိုအပ်ချက်ဖြစ်တဲ့ စီမံကိန်းလျာထားချက်တွေကတော့ နောက်ချန် နောက်ချန်နဲ့ ကျန်နေခဲ့တာတွေက အများကြီးပါ။ အဲဒီနောက်ချန်တွေမှာ လူထုအတွက် တကယ့်ကို လိုအပ်တဲ့ အစိုးရရဲ့ အခြေခံဝန်ဆောင်မှုပေးရမယ့် ကိစ္စတွေ အများကြီးပါ။
လွှတ်တော်ထဲမှာ အစိုးရကို အခက် တွေ့စေလိမ့်မယ်၊ အချိန်တန်ကျရင် တို့ဒေသအတွက် စီမံကိန်းတွေက ဘက်ဂျက်လျာထားချက်မှာ ပါလာမှာပါ ဆိုတဲ့ ခပ်အေးအေးသမား အမတ်တွေရဲ့ တင်ပြချက်တွေကတော့ ချောင်ထိုးခံရတာ မဆန်းလှ...
ဒါဟာ လွှတ်တော်ကိုယ်စားလှယ် အမတ်တွေရဲ့ အားနည်းချက်တော့ မဟုတ်ပါဘူး။ အရင့်အရင့် အာဏာရှင် လက်ထက်ကတည်းက အမွေခံထားတဲ့ အုပ်ချုပ်မှုစနစ်အပေါ်မှာ အခြေခံထားပြီး ဒီစနစ်ကို မောင်းနှင်နေတဲ့ အောက်ခြေအဆင့် ၀န်ထမ်းတွေရဲ့ လုပ်ဆောင်ချက်ကြောင့်ပါပဲ။ ဒီတော့ လွှတ်တော်ထဲမှာ အစိုးရကို အခက် တွေ့စေလိမ့်မယ်၊ အချိန်တန်ကျရင် တို့ဒေသအတွက် စီမံကိန်းတွေက ဘက်ဂျက်လျာထားချက်မှာ ပါလာမှာပါ ဆိုတဲ့ ခပ်အေးအေးသမား အမတ်တွေရဲ့ တင်ပြချက်တွေကတော့ ချောင်ထိုးခံရတာ မဆန်းလှပါဘူး။
ခပ်စွာစွာ အမတ်တွေ တင်ပြထားတဲ့ လုပ်ငန်းတွေကို အတတ်နိုင်ဆုံး ပါအောင်ထည့်၊ ကျန်သူကို ခဏချန်၊ ဌာနအတွက် အရင်စဉ်းစား ဖြည့်၊ ပြည်သူကို နောက်ချန်၊ ဒါဆို ကွက်တိမှန်...
ဒီတော့ ခပ်စွာစွာ အမတ်တွေ တင်ပြထားတဲ့ လုပ်ငန်းတွေကို အတတ်နိုင်ဆုံး ပါအောင်ထည့်၊ ကျန်သူကို ခဏချန်၊ ဌာနအတွက် အရင်စဉ်းစား ဖြည့်၊ ပြည်သူကို နောက်ချန်၊ ဒါဆို ကွက်တိမှန်ပြီဆိုပြီး လုပ်နေကြတာ မဟုတ်လား။ ဒီတော့ ဘာတွေ ဖြစ်လာသလဲ။ သူဌေးမင်းများ နေထိုင်ရာရပ်ကွက်၊ ဒေသတွေမှာ လမ်းတွေ ပြင်ကြ၊ မြောင်းတွေ ချဲ့ကြနဲ့ ရှိနေပေမယ့် တကယ်လိုအပ်တဲ့ နေရာတွေမှာတော့ လူထုအခြေခံလိုအပ်ချက်တွေ ပြင်ဖို့ တစ်နှစ်လည်း မလာ၊ နှစ်နှစ်လည်း မလာနဲ့ ဒုံရင်း ဒုံရင်းဖြစ်နေတာ မဟုတ်ပါလား။ ငွေကြေးတတ် နိုင်သူအများစု နေထိုင်ရာ ရန်ကုန် ရွှေတောင်ကြားထဲက လမ်းတွေကိုတောင် အစိုးရငွေနဲ့ ပြင်ကုန်ပြီး ဆင်ခြေဖုံး တွေမှာတော့ ကိုယ်ထူကိုယ်ထတွေက အားကောင်းမောင်းသန် ဖြစ်နေတုန်း မဟုတ်ပါလား။

သိတဲ့အတိုင်းပဲလေ။ ဗဟိုကော၊ မဗဟိုတဲ့ တိုင်းနဲ့ ပြည်နယ်အဆင့် အစိုးရတွေကောက အောက်ခြေက တင်ပြ လာတဲ့ ဘက်ဂျက်မူကြမ်းကို ကြည့်ပြီးမှ ဖြုတ်ဟဲ့၊ တပ်ဟဲ့၊ ပြင်ဟဲ့၊ ဆင်ဟဲ့နဲ့ ဟိုဖြတ် ဒီတောက် လုပ်ကြရတာ မဟုတ်လား။ ဒါတွေကို စိစစ်ပေးရတဲ့ အဆင့်လိုက်သော လွှတ်တော်ထဲက ဘက်ဂျက်ကော်မတီတွေ၊ အမတ် တွေကလည်း အလုပ်က ခပ်များများရယ်။ ဒီတော့ လုံးစေ့ပတ်စေ့ မစစ်ဆေးနိုင်တဲ့အပေါ် အခွင့်ကောင်းယူနိုင် တဲ့ အခွင့်အလမ်းက ဘက်ဂျက်အကြမ်း ရေးဆွဲသူ အောက်ခြေအဆင့်က ဌာနဆိုင်ရာလူတွေအတွက် အကွက် ကောင်း ဆိုက်တော့တာပါပဲ။

ဒါနဲ့ ပတ်သက်လို့ မကွေးတိုင်းမှာ သာဓက တစ်ခုရှိပါတယ်။ ခွင့်ပြုပြီး ဘက်ဂျက်ပါ စီမံကိန်းတွေကို အကောင် အထည်ဖော်တဲ့အခါမှာ ကတ္တရာနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တစ်ခုကိုပဲ အစိုးရက ကြပ်မတ်လိုက်တဲ့အခါ ဘက်ဂျက် မှာ ပြထားတဲ့ ကုန်ကျငွေထက် အမှန်တကယ် ကုန်ကျငွေဟာ ကျပ်သိန်း တစ်သောင်းကျော် ပိုထွက်လာတာပါ။ ဒီပိုလျှံငွေတွေကို တိုင်းအစိုးရက မကွေးမြို့ပေါ်က လမ်းကြီးငါးလမ်းကို ကတ္တရာခင်းပစ်လိုက်ပါတယ်။ ဒါဟာ ဘာကို ပြနေသလဲဆိုရင် အောက်ခြေအဆင့်က တက်လာတဲ့ ဘက်ဂျက်မူကြမ်းကို စိစစ်ဖို့အတွက် အချိန်မလုံ လောက်တဲ့ ပြဿနာရဲ့ နောက်ဆက်တွဲဆိုးကျိုး တစ်ခုဖြစ်ပြီး ကံကောင်းစွာနဲ့ လူထုဘဏ္ဍာငွေ ဆုံးရှုံးမှုကို ဟန့်တားနိုင်ခဲ့တာ မဟုတ်ပါလား။
လုပ်သင့် လုပ်အပ်တာတွေကို အောက်ခြေအဆင့်က ချန်ထား၊ ဖြုတ်ထား၊ ကြားညှပ်ထားရင် ဟန့်တားပေးမယ့် ခပ်စွာစွာ ကိုယ်စားလှယ်တွေ လိုနေပါပြီ...
ဘက်ဂျက်ဆိုတာ တိုင်းပြည်အတွက် တကယ့်ကို အသက်ပါ။ ဘက်ဂျက်ကို အောက်ခြေက ဆွဲပေးချင်တိုင်း ဆွဲပေးပြီး အနားကပ်မှ လက်မှတ် အတည်ပြုပေးရုံ ပို့တာမျိုးကို လက်မခံဖို့နဲ့ လူထု လိုအပ်ချက်ကို ဖွင့်ဟ၊ ပြောပြ၊ ချပြပေးမယ့် ခပ်စွာစွာ အမတ်တွေ လိုနေပါပြီ။ လုပ်သင့် လုပ်အပ်တာတွေကို အောက်ခြေအဆင့်က ချန်ထား၊ ဖြုတ်ထား၊ ကြားညှပ်ထားရင် ဟန့်တားပေးမယ့် ခပ်စွာစွာ ကိုယ်စားလှယ်တွေ လိုနေပါပြီ။

တို့က အရမ်းအရမ်း စွတ်ပြောနေရင် အစိုးရကြီး အကျပ်တွေ့တော့မှာပဲ၊ တို့အစိုးရပဲ … အချိန်တန်ရင် တို့ကို အလှည့်ပေးမှာပဲလို့ ငြိမ်ကုပ်နေတဲ့ အမတ်တွေ၊ ကိုယ်စားလှယ်တွေကို မလိုချင်တော့ပါဘူး။ ပါတီဝင်တွေ ဖြစ် ကြလို့ ပါတီကို သစ္စာရှိရမှာ မှန်ပေမယ့် ပြည်သူ့အတွက် အလုပ်အကျွေးပြုမယ့် ခပ်စွာစွာ အသံထွက် ပြည်သူ့ အတွက်ဆိုတဲ့ အမတ်တွေ ပိုလိုလာပါပြီ။

လူထုအတွက် တကယ်အကျိုးရှိမယ့် စီမံကိန်းတွေ၊ လုပ်ငန်းတွေ ဘက်ဂျက်ထဲမှာ ပါလာဖို့နဲ့ မဖြစ်သင့်တဲ့ မယောင်ရာဆီလူး သူဌေးမင်းရပ်ကွက်ကို နှမ်းဖြူးတဲ့ ကိစ္စတွေ ရပ်တန်ု့ဖို့အတွက် ဘက်ဂျက်ရေးဆွဲ အတည်ပြု ခြင်းစနစ်တွေကို ပြင်ဆင်ဖို့ အော်ကြ၊ ဟစ်ကြ၊ တိုက်တွန်းကြပါ။ စနစ်ဟောင်းထဲ အသားကျပြီး လူထုဘဏ္ဍာငွေ တွေကို ဘောပင်လေးကိုင်၊ အချက်အလက်လေး နိုင်ရုံမျှနဲ့ စာရွက်ပေါ် ကစားချင်တိုင်း ကစားနေတဲ့ စနစ်တွေ ကို ဖျက်သိမ်းနိုင်အောင် တိုက်ပါ၊ ခိုက်ပါ၊ ပုန်ကန်ပါလို့ တိုက်တွန်းရေးသားလိုက်ရပါတယ်။

ထွဏ်းမောင်

(၂၀၁၈ ခုနှစ် ဇွန်လ ၇ ရက်ထုတ် မြန်မာသံတော်ဆင့် နေ့စဉ်သတင်းတွင် ဖော်ပြပြီး ဆောင်းပါး ဖြစ်ပါသည်။)

aung7

About aung7 -

Aung Htun Linn.. The Hornbill News Agency.

Subscribe to this Blog via Email :