Saturday, March 24, 2018

aung7

အစိုးရပိုင် သတင်းစာကို ဖက်ဒရယ်စနစ် ကျင့်သုံးပါ…

အစိုးရပိုင် သတင်းစာကို ဖက်ဒရယ်စနစ် ကျင့်သုံးပါလို့ ပြောလိုက်လို့ ဘာတုန်းဟလို့ အာမေဋိတ်တော့ ဖြစ်မယ် ထင်ပါ့။ ဘာ့ဇာကြောင့် ဒီစကား ပြောရတယ်ဆိုတာ ကိုရင်မောင့်ဆီမှာ အဖြေရှိရဲ့။ မကြာသေးခင်ကပဲ နိုင်ငံ့ရဲ့ ဖွံ့ဖြိုးမှုအနည်းဆုံး ပြည်နယ် အစိုးရက ပြည်သူပိုင်ဘက်ဂျက်ငွေနဲ့ သူတို့ အလုပ်လုပ်ကြောင်း ပြဖို့ တစ်လတစ်ကြိမ်ထုတ် သတင်းလွှာကြီး ထွက်လာပြီလေ။ ဒါကြောင့် ကိုရင်မောင်က ပြောတာ။ အစိုးရပိုင် သတင်းစာမှာ ဖက်ဒရယ်စနစ် ကျင့်သုံးပါလို့။

နားမရှင်းသေးဘူး ထင်တယ်။ ကဲ…ထပ်ပြောပြမယ်။

အခုက ပြည်သူနဲ့အတူဆိုတဲ့ ဒီမိုကရေစီ အစိုးရခေတ်လေ။ ဒါပေသိ နိုင်ငံပိုင် အစိုးရသတင်းစာကတော့ ဒီမိုကရေစီ မရသေးဘူးလေ။ နေပြည်တော် အုပ်ချုပ် မင်းလုပ်သူတွေ ကိစ္စ ရှေ့တန်းတင်ရ၊ အတိုင်းတိုင်း အပြည်ပြည်က ဖိအားတွေကို လွန်ဆန်ဖို့ မြန်မာပြည် နောက်ဖျားကိစ္စ ဦးစားပေးရနဲ့ တိုင်းနဲ့ ပြည်နယ် အစိုးရ တွေရဲ့ လုပ်ဆောင်ချက်က သတင်းစာမှာ ဖျောက်တောက်ဖျောက်တောက်ပဲ ပါတယ် မဟုတ်ပေလား။ မဟုတ်ဘူးလို့ ငြင်းမလား၊ ငြင်းလို့ ရတယ်ဗျာ။ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနဲ့ ပြန်ဝန်ဌာန သတင်းတွေက လွဲလို့ ဘယ်သတင်းတွေများ တခုတ်တရ ပါဘူးသတုန်းလို့ မေးရင် အဖြေ ခက်ကုန်မှာစိုးလို့ မပြောတော့ပါဘူး။ လွှတ်တော်သတင်းလေး တစ်မျက်နှာ၊ အတိုင်းတိုင်း အပြည်ပြည်က ပြည်သူတွေ ကိုယ့်ဘာသာကိုယ် ခရီးသွားကြတာက နှစ်မျက်နှာ၊ မှုခင်းသတင်း တစ်မျက်နှာကျော်နဲ့ချည်း လည်ပတ်နေတာ မဟုတ်ပေလား။

ဒါနဲ့ ကြားဖြတ်ပြောရဦးမယ်။ အစိုးရပိုင် သတင်းစာလို့ ခေါ်မယ့်အစား ပြည်ထောင်စုအဆင့် သတင်းစာလို့တောင် ခေါ်ရတော့မတတ်ပဲ။ ပြည်ထောင်စုအဆင့် လူကြီးမင်းများ လှုပ်ရှားမှုက ပိုများနေတော့ တခြားတခြားသော တိုင်းနဲ့ ပြည်နယ်အဆင့် သတင်းဆိုရင် ပြန်/ဆက်က ပို့တဲ့ သတင်းလေးလောက်သာ ပါတာ မဟုတ်ပေလား။

ဒီတော့ နိုင်ငံ့ခေါင်ချုပ် လုပ်သူတွေက ကိုယ် ဘာလုပ်နေတယ်ဆိုတာ သိဖို့အရေးက တိုင်းနဲ့ ပြည်နယ် အစိုးရ တွေအတွက် ခေါင်းခဲစရာ ရှိလာပေပြီလေ။ ဒီတော့ ပြည်ထောင်စုအဆင့် သတင်းစာတွေမှာ မဖော်ပြတဲ့ မိမိတို့ လုပ်ရပ်ကို ဖော်ထုတ်ဖို့က လမ်းကြောင်း ဖောက်ရပြီလေ။ ဒီတော့ ပြည်နယ်အဆင့် သတင်းလွှာဆိုပြီး တစ်လ တစ်ကြိမ် စထုတ်လာပြီ မဟုတ်ပေလား။ တကယ်တော့ ဒါတွေက ဟိုးဟိုးအရင် စစ်အစိုးရလက်ထက်က လုပ်ရပ်တွေနဲ့ တူကုန်လာပြီလို့ဆိုရင် ဒေါင်းတွေ ၀ိုင်းခွှတ်လို့ ကိုရင်မောင်တော့ အမွှေးကျွတ်ကိန်း ဆိုက်တော့မယ်။

တစ်ခေတ်တစ်ခါက အစိုးရပိုင် သတင်းစာတွေကို ထုံးစံအတိုင်း ပြန်ကြားရေးဝန်ကြီးကပဲ ကိုင်တွယ်ခဲ့တယ် မဟုတ်ပေလား။ ပြန်ဝန်ဟေ့ ဆိုရင် ကျန်တဲ့ အဆင့်တူ ၀န်ကြီးတွေတောင် ကြောက်ရ လန့်ရ ဖြစ်ခဲ့တယ်လေ။  လူကောင်ကသာ ခပ်သေးသေး၊ ပါဝါကတော့ မသေးဘူးဆိုတဲ့ ပြန်ဝန်။ လွှတ်တော်ထဲ ဇာတ်နိပါတ်တော်တွေ ဖွဲ့နွဲ့လို့ ဟိန်းဟောက်ခံရ၊ သတင်းစာရှင်းလင်းပွဲမှာ မျက်ရည်ကျပြလို့ ကမ္ဘာကျော်ခဲ့သူကြီလေ။ ဒါပေသိ ၀န်ကြီးဌာန အသီးသီးက ၀န်ကြီးတွေ ဘယ်လောက်အလုပ်လုပ် သူ့လက်ထဲ ကိုင်ထားတဲ့ အစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြမှ မင်းတရားကြီးက အသိအမှတ်ပြုတာမို့ ၀န်ကြီးချင်း တူရင်တောင် လူယုံတော်မို့ တစ်ဆင့်မြင့်တဲ့ ၀န်ကြီး။
ဘာတွေဘဲ လုပ်လုပ် မင်းတရားကြီး သိဖို့က အရေးကြီးတဲ့ခေတ်မှာ ကိုယ်လုပ်တဲ့ အကြောင်းအရာလေး ပါချင်လား “လူပြတ်ဝန်ကြီးကို ဖား” ဆိုပြီးတောင် နောက်နောက်ပြောင်ပြောင် ပြောခံရ၊ ဆိုခံရ၊ သရော်ခံရတယ် မဟုတ်လား...
ကိုယ်က ဘာတွေဘဲ လုပ်လုပ် မင်းတရားကြီး သိဖို့က အရေးကြီးတဲ့ခေတ်မှာ ကိုယ်လုပ်တဲ့ အကြောင်းအရာလေး ပါချင်လား “လူပြတ်ဝန်ကြီးကို ဖား” ဆိုပြီးတောင် နောက်နောက်ပြောင်ပြောင် ပြောခံရ၊ ဆိုခံရ၊ သရော်ခံရတယ် မဟုတ်လား။ မင်းတရားကြီးရဲ့ လူယုံဆိုတော့လည်း သူ ကိုင်ထားတဲ့ သတင်းစာမှာပါ တာကိုသာလျှင် မင်းတရားကြီးကလည်း ယုံတာပေါ့လေ။ ဒီတော့ ကျန်သူတွေကလည်း ကိုယ်လုပ်တာလေး မင်း တရားကြီး သိဖို့အရေး လူပြတ်ဝန်ကြီးကို မချိသွားဖြဲပြီး ပေါင်းရ သင်းရပေါ့။

မတူတာ တစ်ခုက အဲဒီအချိန်က နိုင်ငံတော်ကို အုပ်ချုပ် မင်းလုပ်သူတွေက စစ်တပ်လေ။ ဟို ဒီမိုတို့၊ ဒီပါတီတို့၊ တောင်လွှတ်တော် မြောက်လွှတ်တော်တို့ကလည်း မရှိသေးဆိုတော့ လူပြတ်ဝန်ကြီး သတိထားရတာက တစ်ဦးတည်း၊ ရှင်းတယ်။ ဒီတော့ သူ ကိုင်တွယ်ရတဲ့ အစိုးရပိုင် သတင်းစာမှာလည်း မင်းတရားကြီး အလိုကျစေမယ့် အကြောင်းအရာတွေ၊ သူတို့ စစ်တပ်အစိုးရ ကောင်းကြောင်း လော်ဘီတွေချည်း ပါတာ မဆန်း လှပေဘူးပေါ့။

ဒါပေသိ ဒီဘက်ခေတ်ကျတော့ ပြည်ထောင်စုအဆင့်တွေက များလာကော။ အစိုးရတင် မဟုတ်။ လွှတ်တော်၊ တိုင်းနဲ့ ပြည်နယ် အစိုးရ၊ ဒါတင်လား မဟုတ်။ ကိုယ့်ထီးကိုယ့်နန်းနဲ့ တစ်စခန်း စံလေတဲ့ စစ်တပ်။ ဒီတော့ သတင်းစာရဲ့ လေးပုံ သုံးပုံလောက် (တစ်ပုံက ကြော်ငြာလေ) နဲ့ဆိုတော့ နိုင်ငံတော်အင်္ဂါစဉ်က အရေးကြီးလာ ကော မဟုတ်လား။ သမ္မတနဲ့ ဒုသမ္မတတွေ၊ အတိုင်ပင်ခံ၊ အတိုင်ပင်ခံက စိတ်ဝင်စားတဲ့ ကိစ္စ၊ တခြားသော ပြည်ထောင်စုအဆင့် ၀န်ကြီးတွေ လှုပ်ရှားမှုနဲ့တင် သတင်းစာ ဖောင်းဖွကုန်ကော။ သြော်…ပြီးတော့ ကိုယ်အ ကြောင်းကလည်း ပါရဦးမယ်လေ။ ဒီတော့ နေရာက မပေးနိုင်တော့ဘူး။
နိုင်ငံအစိုးရပိုင် သတင်းစာ နှစ်စောင် (မြန်မာလို) ရှိနေတာတောင် လွန်လှပြီလို့ မီဒီယာသမားတွေက ပြောကြ၊ ဆိုကြ၊ ရေးကြ သားကြချိန် ပြည်နယ်အဆင့် အစိုးရက သတင်းလွှာတစ်စောင်ကို ပြည်သူ့ဘက်ဂျက် ထုတ်သုံးပြီး ကိုယ် ဘာလုပ်နေပါတယ်လို့ လုပ်လာတာဟာ တကယ်တော့ မဖြစ်သင့်...
ဒီတော့ ပြည်ထောင်စုထက် တစ်ဆင့်နိမ့်တဲ့ တိုင်းနဲ့ ပြည်နယ်အစိုးရတွေရဲ့ လုပ်ဆောင်မှုတွေက တကယ်ကို ပါတယ်ဆိုရုံ။ ပါတဲ့သတင်း အတော်များများက ပြန်/ဆက်က ပို့တဲ့ သတင်း။ ပြီးတော့ ပြည်သူနဲ့အတူ ဆိုတဲ့ ဆောင်ပုဒ်မှာ ချောင်ပိတ်မိနေတော့ ပြည်သူတွေ လွှတ်ပျော်နေကြတဲ့ သတင်းတွေကလည်း အစိုးရပိုင် သတင်းစာမှာ တစ်နေရာ ပေးရသေး။ ဒါတင်လား မဟုတ်။ ပတ်သက်ရာ ပတ်သက်ကြောင်း ပုဂ္ဂိုလ်များရဲ့ လူထု ကို ခြိမ်းခြောက်စာ လိုလို ပညာပေးလိုလိုတွေက တဖုံ။ လူထုကို ဖျော်ဖြေရန်ဆိုပြီး ထည့်ရတဲ့ နိုင်ငံတကာက မင်းသားမင်းသမီး အတင်းအဖျင်းနဲ့ ဘောချစ်သူ မြန်မာပရိသတ်အတွက်က တစ်မျက်နှာစီ။ အခုတော့ ပေါ်လစီ နည်းနည်းချိန်းတယ် ထင်ပါ့။ မြန်မာဘောလုံးလောကသတင်းလေးတွေ တွေ့နေရလို့။ ဒီတော့ အစိုးရပိုင် သတင်းစာမှာ ကိုယ့်လုပ်ဆောင်ချက်လေး ပါချင်တဲ့၊ ပါလိုတဲ့ တိုင်းနဲ့ ပြည်နယ် အစိုးရတွေက တစ်စခန်းထပြီး အခုဆိုရင် တစ်လတစ်ကြိမ်ထုတ် သတင်းလွှာဆိုပြီး စလုပ်လာတယ် မဟုတ်ပေလား။ ဒီသတင်းလွှာကို တခြား သော တိုင်းနဲ့ ပြည်နယ် အစိုးရတွေက ဖတ်မိပြီး ဒင်းတို့ သာသွားလေပြီလို့ ကြိတ်မနိုင် ခဲမရဖြစ်သူတွေလည်း ရှိပါ့။ ကဲ…ကောင်းကြသေးရဲ့လားလို့။

နဂိုကတည်းကမှ ပြန်ဝန်ဌာနဆိုတာ မရှိသင့်တော့ဘူးလို့ ပြောနေ၊ ဆိုနေ၊ ရေးနေတဲ့ကြားထဲက နောက်ပွားတွေ တောင် ထွက်လာပြီလေ။ ပြဿနာကို အရင်းစစ်ရင်တော့ နိုင်ငံပိုင်သတင်းစာမှာ ခွဲတမ်းမရခြင်းက အဓိက မဟုတ်ပါလား။ ဒီနေရာမှာ ကိုရင်မောင်တို့ လုပ်ဆောင်ခဲ့တဲ့ ပုဂ္ဂလိကသတင်းစာလေး တစ်စောင်အကြောင်း ကြားညှပ်ပြောချင်ရဲ့။ ကိုရင်မောင်တို့ရဲ့ ဦးသျှောင် ပေါ်လစီခေါင်းဆောင် ပြောလေ့ရှိတဲ့ စကားတစ်ခွန်း ရှိပါတယ်။ ကျုပ်တို့ ဂျာနယ်က ဒီမိုကရေစီ ရတယ်ဗျတဲ့။ ဟုတ်တယ်လေ။ ဘာလို့ဆိုတော့ ဂျာနယ်မှာ တာဝန်ရှိသူတိုင်းအတွက် နေရာပေးထားတာကိုး။

အမှုဆောင်အရာရှိချုပ်က ဘယ်နှမျက်နှာ တာဝန်ယူ၊ အယ်ဒီတာချုပ်က ဘယ်နှမျက်နှာ၊ ဒုချုပ်က ဘယ်နှမျက်နှာ၊ ပြင်ပဆောင်းပါးရှင်တွေအတွက်က ဘယ်နှမျက်နှာ၊ သတင်းခန်းအတွက် ဘယ်နှမျက်နှာ၊ ကြော်ငြာအတွက် ဘယ်နှမျက်နှာဆိုပြီး နေရာချထားပေးလိုက်တော့ ဘယ်လောက် နေရာကျလိုက်သလဲ။ အားလုံး ဒီမိုကရေစီကျကျ စာမျက်နှာခွဲဝေပေးထားသလို ကိုယ့်တာဝန် ကိုယ်ယူကြဆိုတဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုကလည်း နောက်က ပါလာပြီးသား။ သူ ရေးကွက်မရလို့၊ သူအတွက် စာမျက်နှာ မရှိလို့ဆိုတဲ့ ပြဿနာတွေက ဝေလာဝေး။ ဒါကြောင့် ကျုပ်တို့ လုပ်ခဲ့တဲ့ ဂျာနယ်နဲ့ ပတ်သက်ရင် အခုချိန်ထိ ဂုဏ်ယူမိတာ ဒါပဲ။ ထားတော့ ကြော်ငြာ ၀င်တယ် ထင်နေဦးမယ်။

ကဲ...ပြောတာတွေလည်း များတော့ ဒီနေရာမှာ နိဂုံးချုပ်ရအောင်ဗျာ။

နိုင်ငံအစိုးရပိုင် သတင်းစာ နှစ်စောင် (မြန်မာလို) ရှိနေတာတောင် လွန်လှပြီလို့ မီဒီယာသမားတွေက ပြောကြ၊ ဆိုကြ၊ ရေးကြ သားကြချိန် ပြည်နယ်အဆင့် အစိုးရက သတင်းလွှာတစ်စောင်ကို ပြည်သူ့ဘက်ဂျက် ထုတ်သုံးပြီး ကိုယ် ဘာလုပ်နေပါတယ်လို့ လုပ်လာတာဟာ တကယ်တော့ မဖြစ်သင့်တဲ့ကိစ္စပါ။ လူထုကို အစိုးရက ဘာလုပ် နေပါတယ်လို့ ပြောချင်ရုံသပ်သပ်နဲ့ ငါ့လှေ ငါထိုး ဒိုးချင်ရာ ဒိုး လုပ်တဲ့ လုပ်ရပ်လို့ပဲ ဆိုရမှာပါ။

တကယ်လို့များ နှစ်စောင်သော သတင်းစာမှာ ဘယ်ဝန်ကြီးဌာနက ဘယ်နှမျက်နှာ၊ ဘယ်တိုင်းနဲ့ ပြည်နယ် အစိုးရအတွက်တော့ ဘယ်နှမျက်နှာ၊ ကြော်ငြာအတွက် ဘယ်နှမျက်နှာ၊ မကောင်းရာ မကင်းကြောင်းတွေ အတွက် ဘယ်နှမျက်နှာဆိုပြီး ဖက်ဒရယ်စနစ်ပုံစံနဲ့ လုပ်လိုက်ရင် ဒီပြဿနာက ရှင်းသွားမှာပါ။ ပြည်ထောင်စုမှ မဟုတ်၊ ဘယ်တိုင်း ပြည်နယ်အစိုးရဖြစ်ဖြစ် သူတို့လုပ်ဆောင်ချက်တွေကို လူထုကို သိစေချင်တာ ဖြစ်မြဲဓမ္မတာ ပါပဲ။ အထွေအထူးနဲ့ နဖူးမှာ ဂျိုပေါက်တဲ့ ကိစ္စ မဟုတ်ပါဘူး။ အခုတော့ ဖက်ဒရယ်စနစ်ကို မသုံးခဲ့တာကြောင့် ပြည်သူ့ဘဏ္ဍာငွေက ကုန်ပြီးရင်း ကုန်ရပြန်ပြီ မဟုတ်ပါလား။

ဒါကြောင့် အစိုးရပိုင် သတင်းစာတွေမှာ ဖက်ဒရယ်စနစ် ကျင့်သုံးရင်း ပြည်သူ့ဘဏ္ဍာ ချွေတာကြပါလို့ ကိုရင်မောင်က တိုက်တွန်းလိုက်ပါကြောင်း။

အောင်ထွန်းလင်း

(ယခု ဆောင်းပါးအား ၂၀၁၈ ခုနှစ် မတ်လ ၇ ထုတ် မြန်မာသံတော်ဆင့် နေ့စဉ်သတင်းစာ၌ ဖော်ပြခဲ့ပြီး ဖြစ်သည်။)

aung7

About aung7 -

Aung Htun Linn.. The Hornbill News Agency.

Subscribe to this Blog via Email :