Sunday, October 9, 2016

aung7

အကြမ်းဖက်မှု၊ ရခိုင် ပဋိပက္ခနဲ့ ပထ၀ီ နိုင်ငံရေး

(လွန်ခဲ့သည့် ၂၀၁၂ ခုနှစ် ဇွန်လအတွင်းက ရေးသားခဲ့သည့် ဆောင်းပါး ဖြစ်ပါသည်။ လတ်တလော ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကျီးကန်ပြင် အမှတ် (၁) နယ်ခြားစောင့်ရဲ ကွပ်ကဲမှုအဖွဲ့ဌာနချုပ် ဗဟိုကင်းအပါအ၀င် ငါးခူရစခန်းနှင့် ရသေ့တောင် ကိုးတန်ကောက် စခန်းတို့အား အတည်မပြုရသေးသည့် အကြမ်းဖက်အဖွဲ့အစည်းမှ တိုက်ခိုက်ခဲ့မှုနှင့် ပတ်သက်၍ သတိထား ဆင်ခြင်နိုင်ကြရန်အတွက် ပြန်လည် ဖော်ပြခြင်းဖြစ်ပါသည်။)

ဒီကနေ့ မြန်မာပြည်ကိုကြည့်ရင် ပြဿနာတွေက တပုံတပင်ရယ်ပါ။ ဒီမိုကရေစီလမ်းစပေါ်လာပြီလို့ မီဒီယာတွေ၊ နိုင်ငံတကာက ပြောနေကြချိန်မှာပဲ ဆယ်စုနှစ်နဲ့ချီ အောင့်အီးမြိုသိပ်ထားရတဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေ ပေါ်ထွက်လာသလို တစ်ဖက်မှာလည်း မတည်ငြိမ်မှုတွေက တောက်လျောက်ဆိုသလို ဖြစ်နေတယ်။

မြန်မာပြည်မြောက်ဖျား ကချင်ဒေသက စစ်ပွဲတွေ ရှိနေသလို မြန်မာပြည်နောက်ဖျားမှာလည်း ရခိုင်ဒေသ အရေးအခင်းက ဖြစ်နေပြန်တယ်။ ဒီထဲမှာ ကြည့်မယ်ဆိုရင် ကချင်ဒေသစစ်ပွဲဟာ ပြည်တွင်းစစ်ပုံစံ အသွင်ဆောင် နေတာကြောင့် နိုင်ငံတကာက ပါဝင်ပတ်သက်မှု မရှိသလောက် ရှိနေပေမယ့် ရခိုင်ပြည်နယ်က အရေးအခင်းကတော့ လူမျိုးရေး၊ ဘာသာရေး၊ နယ်စပ်အရေး စတဲ့ အချက်တွေကြောင့် နိုင်ငံတကာကပါ စိုးရိမ်ရပါတယ်ဆိုတဲ့ အချက်တွေ ထွက်ပေါ်လာပါတယ်။

KIO
Source : http://jamesrobertfuller.photoshelter.com
ဒီဖြစ်ရပ်ဟာ လူမျိုးရေး၊ ဘာသာရေးတွေ ရောပြွန်းနေတဲ့အတွက် မြန်မာတစ်မျိုးသားလုံးနဲ့ သက်ဆိုင်တယ်လို့ ပြောဆိုသူတွေ ရှိသလို အဓိကရုဏ်းကို ရေရှည်မဖြစ်စေလိုသူတွေကလည်း ပြဿနာရဲ့ ရင်းမြစ်ကို ရှာပြီး ဖြေရှင်းကြဖို့ အတွက် တိုက်တွန်းနေသူတွေလည်း ရှိပါတယ်။ သို့သော် စာရေးသူအနေနဲ့ကတော့ ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်ဆိုတာကို ပြောဆိုမှာ မဟုတ်ပါဘူး။

ပြဿနာရပ်တိုင်းမှာ အကြောင်းအကျိုးဆိုတာရှိတတ်တဲ့အတွက် သေချာစဉ်းစားဖို့တော့ လိုအပ်လိမ့်မယ်လို့ ထင်ပါတယ်။ တချို့သူတွေက ဒီကိစ္စဟာ ဦးနေ၀င်း၊ ဦးနုတို့ရဲ့ လုပ်ရပ်ကြောင့်လို့ ပြောဆိုနေသလို တချို့ကျပြန်တော့လည်း တချို့ကျပြန်တော့လည်း ဒါဟာ ကျူးကျော်သူတွေရဲ့ ပဋိပက္ခလို့ ဆိုပြန်ပါကော။ ဒီတော့ အရေးအခင်းတွေနဲ့ ပတ်သက်ပြီး မြန်မာတွေအတွက် ဘာတွေများ ဖြစ်လာနိုင်မလဲဆိုတဲ့ အကျိုးအကြောင်းက အရေးကြီးလာပြီလို့ ထင်ပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့ မြင်ကွင်း
Source : http://www.naharnet.com
တည်နေရာနဲ့ အကျိုးစီးပွား

လက်ရှိ မြန်မာပြည်မှာ လက်နက်ကိုင်ပြီး ဖြစ်နေရတဲ့ ပဋိပက္ခနှစ်ခုဟာ ကချင်နဲ့ ရခိုင်မှာ ဖြစ်ပါတယ်။ ကျန်တဲ့ လက်နက်ကိုင်တွေကတော့ အစိုးရနဲ့ ငြိမ်းချမ်းရေးစကားပြောနေတဲ့အတွက် သေနတ်သံတွေ ခေတ္တရပ်ဆိုင်း နေပါတယ်။ ဒီတော့ ပြဿနာဖြစ်တဲ့ ဒေသနှစ်ခုကို ကြည့်မယ်ဆိုရင် ဒေသနှစ်ခုစလုံးဟာ တိုင်းပြည်ရဲ့ စီးပွားရေး၊ ဖွံ့ဖြိုးရေးနဲ့ နိုင်ငံတကာ ဆက်ဆံရေးအတွက် အဓိကကျတဲ့နေရာတွေ ဖြစ်နေပါတယ်။

ကချင်ဒေသကို ကြည့်မယ်ဆိုရင် နိုင်ငံတကာက မျက်စိကျနေတဲ့ ကျောက်စိမ်းတွေ ထွက်နေသလို သစ်တော သယံဇာတကလည်း ရှိပြန်ပါသေးတယ်။ နောက်ပြီး ကမ္ဘာပေါ်မှာ လူဦးရေအများဆုံး နှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယကို ဆက်သွယ်နိုင်ဖို့အတွက် ကားလမ်းဖောက်လုပ်ရေးမှာလည်း အဓိက ကျပြန်ပါတယ်။ ဒါ့ထက် အရေးကြီးတာက လက်ရှိ တရုတ်ပြည်ရဲ့ အနာဂတ်စွမ်းအင်ဖူလုံရေးအတွက် အနောက်ကနေ သယ်လာမယ့် ရေနံတွေကို ယူဆောင်ဖို့ သွယ်တန်းနေတဲ့ ရေနံပိုက်လိုင်း စီမံကိန်းနဲ့လည်း ထိစပ်နေပြန်ပါတယ်။

ရခိုင်ပြည်နယ်ကို ကြည့်မယ်ဆိုရင်လည်း စစ်တွေရေနက်စီမံကိန်း၊ ကုလားတန်စီမံကိန်းတွေအတွက် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့နဲ့ ဆက်စပ်လုပ်ဆောင်နေရတာ ရှိသလို ပင်လယ်ပြင် ရေနံတူးဖော်ရေးအတွက်လည်း အကွက်အကွင်း ဖြစ်နေပြန်ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံ ရေနံပိုက်လိုင်းအတွက် အဓိကကျတဲ့နေရာတခုဆိုရင်လည်း မမှားပြန်ပါဘူး။

ဖြစ်ပွားရာနဲ့ လက်ရှိအခြေအနေ

ကချင်ဒေသကို ကြည့်မယ်ဆိုရင် လက်ရှိမှာ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးရေးတွေ လုပ်နေပေမယ့်လည်း သေနတ်သံကတော့ မစဲသေးပါဘူး။ ကချင်တွေဘက်က စစ်မှန်သော ငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုကို လိုလားတယ်လို့ တဖက်က ဆိုနေသလို အစိုးရဘက်ကလည်း တဆင့်ချင်းအလိုက် ဆွေးနွေးမှုတွေ လုပ်နေပါတယ်။ ဒါပေမဲ့ ရလဒ်အနေနဲ့ကတော့ တရုတ်ပြည်နယ်စပ်တလျှောက်မှာ ဒုက္ခသည်တွေ ပုံသထက် ပုံလာတာက အဖြေပါပဲ။

တဖက်နဲ့ တဖက် ဘယ်သို့သောအကြောင်းကြောင့် ခုချိန်ထိ စစ်မှန်သော ငြိမ်းချမ်းရေးကို မဖော်ဆောင်နိုင်တာလဲ ဆိုတာကတော့ တွေ့ဆုံဆွေးနွေးတဲ့သူတွေမှာသာ တာဝန်ရှိတယ်လို့တော့ ဆိုရမှာ ဖြစ်ပါတယ်။

ရခိုင်ဒေသဘက်ကို ကြည့်မယ်ဆိုရင်လည်း မသီတာထွေး အသက်ခံရပြီးနောက်ပိုင်း ဖြစ်ပျက်မှုတွေဟာ ဒီကနေ့ မြန်မာပြည်သူတွေအတွက်တင် မဟုတ်ပါဘူး။ ကမ္ဘာကတောင် စိုးရိမ်ရတဲ့ အခြေအနေကို ရောက်လာပါပြီ။

ရိုဟင်ဂျာလို့ ခေါ်တဲ့ ဘင်္ဂါလီတွေနဲ့ ရခိုင်တွေအကြား ပဋိပက္ခက ကြီးသထက် ကြီးလာတဲ့အပြင် တဖက်နဲ့ တဖက်ကလည်း ဓား၊ တုတ်၊ သေနတ် စတဲ့ လက်နက်တွေပါဝင်လာပြီ ဖြစ်ပါတယ်။ တဖက်နဲ့ တဖက် ကာကွယ်သူနဲ့ ကျူးကျော်သူပုံစံကနေ စစ်တပ်ကနေပါ ၀င်ရောက် ထိန်းသိမ်းရတဲ့အဆင့်ကိုပါ ရောက်နေပါပြီ။ သတ်ဖြတ်မှုတွေက လည်း နေ့စဉ်ရက်ဆက်သလို ဖြစ်ခဲ့သလို အပြစ်မဲ့ပြည်သူတွေဟာလည်း ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည်တွေလို ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရပါတယ်။

ရခိုင်ပြည်နယ်မြေပုံ
နိုင်ငံတကာ တုံ့ပြန်မှုနဲ့ ဒေသနှစ်ခု

ဒီဒေသနှစ်ခုမှာ ဖြစ်ပျက်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို ကြည့်မယ်ဆိုရင် နိုင်ငံတကာရဲ့ တုံ့ပြန်မှုတွေဟာလည်း မတူညီတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်က အစိုးရထိုးစစ်တွေကို ရပ်ပေးဖို့အတွက် နိုင်ငံတကာက ပြောဆိုမှုရှိပေမယ့် စိုးရိမ်မှုလေသံတွေဟာ သာမန်ကာလျှံကာ ဒီပလိုမေစီလေသံ သပ်သပ်ပုံစံ ပေါက်နေပါတယ်။ (ကျနော့်အမြင်သာ ဖြစ်သည်)။ စစ်ဘေးကြောင့် ထွက်ပြေးသူတွေ များသထက် များလာပြီးနောက်ပိုင်းကျမှသာ UN ကဲ့သို့သော ကုလသမဂ္ဂအဖွဲ့အစည်းတွေ ၀င်ရောက်လာကြသလို အကူအညီပေးမှုတွေလည်း လုပ်လာတာ ဖြစ်ပါတယ်။

ရခိုင်ဒေသနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ တုံ့ပြန်မှုကတော့ ကချင်ပြည်နယ်နဲ့ လားလားမှ မတူညီပါဘူး။ ပဋိပက္ခဖြစ်ပြီး ရက်ပိုင်းအလိုမှာ အမေရိကန်အပါအ၀င် ဥရောပသမဂ္ဂ EU ကအစ စိုးရိမ်နေရကြောင်း စကားသံတွေ ထွက်လာပါတယ်။ ဒါ့အပြင် ကုလကိုယ်စားလှယ် နမ်ဘီးယားဆိုရင်လည်း ရက်ပိုင်းအတွင်း ရောက်လာသလို အခင်း ဖြစ်တဲ့နေရာကိုပါ သွားရောက်ခဲ့ပြန်ပါသေးတယ်။

စာဖတ်သူတွေအနေနဲ့ စောဒက တက်မယ်ဆိုရင် တက်နိုင်စရာရှိတာကတော့ နမ်ဘီးယားလာတာကို အစိုးရက ခွင့်ပြုလို့ပေါ့လို့တော့ ပြောစရာ ရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့ မသိနိုင်တဲ့ မြန်မာအစိုးရနဲ့ နိုင်ငံတကာ၊ ကုလသမဂ္ဂ အကြားဆက်ဆံရေးကို ထည့်တွက်စေလိုပါတယ်။

နိုင်ငံတကာ တုံ့ပြန်မှုနဲ့ ထူးခြားချက်တခု

နိုင်ငံတကာရဲ့ တုံ့ပြန်မှုတွေ မတူညီတဲ့ကြားထဲမှာ ထူးခြားချက်တခုကို ပြောရမယ်ဆိုရင် ကချင်ပြည်နယ်က စစ်ပွဲတွေဟာ ပြည်တွင်းစစ်ပုံစံဖြစ်ပြီး တိုင်းရင်းသားနဲ့ အစိုးရကြား တိုက်ပွဲဖြစ်ပါတယ်။ ဒီတော့ နိုင်ငံတကာအနေနဲ့ ပြည်တွင်းရေးကို ပြည်တွင်းမှာသာ ဖြေရှင်းဆိုတဲ့ ပုံစံဖြစ်နေပါတယ်။ ဒါပေမဲ့လည်း လူသားချင်းစာနာထောက်ထားမှု ဆိုတဲ့ခေါင်းစဉ်အောက်မှာ ကူညီမှုတွေ ရှိနေသလို သံတမန်ဆန်တဲ့စကားလုံးတွေနဲ့ စစ်ပွဲတွေရပ်ဖို့၊ ဒုက္ခသည်တွေကို စာနာဖို့ ပြောဆိုဆဲပါ။

ဒါပေမဲ့လည်း ရခိုင်ပြည် ပဋိပက္ခကတော့ တမူထူးနေပါတယ်။ ဒေသခံ ရခိုင်ပြည်သူတွေနဲ့ ကျူးကျော်သူလို့ ခေါင်းစဉ် တပ်ထားတဲ့ ဘင်္ဂါလီရိုဟင်ဂျာတွေအကြား ပဋိပက္ခဖြစ်ပါတယ်။ ဒီ့ထက် ထူးခြားချက်ကတော့ အခု ပဋိပက္ခမှာ နိုင်ငံတကာအစိုးရတွေက စိုးရိမ်တကြီး စောင့်ကြည့်နေရတဲ့ အယ်လ်ကိုင်းဒါး အကြမ်းဖက်သမားတွေ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ အချက်ပါ။

ဒါဟာ ပဋိပက္ခြ့ဖစ်မှုရဲ့နောက်ကွယ်က ထိပ်လန့်ဖွယ်အချက်တခုအနေနဲ့ နိုင်ငံတကာက သတ်မှတ်ကောင်း သတ်မှတ်နိုင်ပြီး ချက်ချင်း ဆိုသလို စိုးရိမ်ရပါကြောင်း သတင်းတွေ ထုတ်ပြန်ခဲ့တယ်။ အထူးသဖြင့် အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့ပါပဲ။ (စာရေးသူ အမြင်)။ ဘာကြောင့်လဲဆိုရင် အယ်လ်ကိုင်းဒါး အကြမ်းဖက်တွေရဲ့ ခြေကုပ်နေရာ မှန်သမျှကို ဖြိုခွင်းနေချိန်မှာ နေရာသစ်တခုကနေ ထပ်ပြီး ပေါ်ထွက်လာတာကြောင့်ပါပဲ။

အယ်လ်ကိုင်းဒါးနဲ့ နိုင်ငံတကာမုဝါဒ

အယ်လ်ကိုင်းဒါးတွေနဲ့ ပတ်သက်လာရင် နိုင်ငံတကာအစိုးရတွေရဲ့ မူဝါဒဟာ တမျိုးတည်းရှိတတ်တာကို တွေ့ရပါတယ်။ ဒါကတော့ အယ်လ်ကိုင်းဒါးဟာ အကြမ်းဖက်သမားဖြစ်ပြီး သူတို့နဲ့ ပတ်သက်လာရင် သဘောထား တင်းမာတတ်ကြတာပါ။ ဒီအထဲမှာ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ (World Trade Center) ဖြိုချခံခဲ့ရတဲ့ အမေရိကန် ဖြစ်ပြီး အကြမ်းဖက်သမားတွေနဲ့ ဘယ်တော့မှ ညှိနှိုင်းမှာ မဟုတ်ဘူးဆိုတဲ့ မူဝါဒကို လက်ကိုင်ထားလေ့ ရှိပါတယ်။ ဒါ့အပြင် အယ်လ်ကိုင်းဒါးရှိတယ်ဆိုတာနဲ့ ဘယ်နေရာကိုမဆို အကြောင်းပြချက် တစုံတရာ ပေးလေ့မရှိဘဲ ၀င်ရောက်ဖြေရှင်းလေ့ ရှိတယ်။

အယ်လ်ကိုင်းဒါး အကြမ်းဖက်များအား နှိမ်နင်းရန်အတွက် အာဖဂန်နစ္စတန်ရောက် အမေရိကန် မရိန်းတပ်ဖွဲ့ဝင်များ
 Source : www.presstv.i
အယ်လ်ကိုင်းဒါး အကြမ်းဖက်တွေ အခြေစိုက်တဲ့ဒေသက စစ်ပွဲတွေကို ကြည့်မယ်ဆိုရင်လည်း အကြမ်းဖက်သမား နှိမ်နင်းရေးဆိုတဲ့ ခေါင်းစဉ်အောက်ကနေ လှုပ်ရှားလေ့ရှိပြီး အဲဒီနိုင်ငံအစိုးရနဲ့ ညှိနှိုင်းလုပ်ဆောင်လေ့ရှိသလို တခါတရံ ဘောင်ကျော်ပြီး လုပ်ဆောင်တာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့ မသိနိုင်တဲ့ နောက်ကွယ်က ဒေသခံအစိုးရနဲ့ အမေရိကန်ကြား ဆက်ဆံရေးတွေကိုလည်း ထည့်တွက်ရမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် အယ်လ်ကိုင်းဒါး အကြမ်းဖက်ခေါင်းဆောင် အိုစမာဘင်လာဒင်ကို ပါကစ္စတန်နိုင်ငံမှာ ဖမ်းမိစဉ်က ပါကစ္စတန်အစိုးရက သူတို့ မသိပါဘူးလို့ ငြင်းချက်ထုတ်ခဲ့တာမျိုးပါ။

UN ကဲ့သို့သော ကုလသမဂ္ဂအဖွဲ့အစည်းတွေဟာလည်း လူသားချင်းစာနာထောက်ထားပါဆိုတဲ့ မူဝါဒအတိုင်း စစ်ပွဲ ဖြစ်ခဲ့တဲ့နိုင်ငံတွေကို ကူညီထောက်ပံ့မှုတွေ ပေးလေ့ရှိပါတယ်။ ဒါပေမဲ့ စစ်ပွဲဖြစ်နေဆဲကာလနဲ့ စစ်ပွဲဖြစ်ပြီး ကာလတွေမှာသာ ဖြစ်ပါတယ်။ စစ်ပွဲမဖြစ်ခင်အချိန်တွေမှာ ကုလသမဂ္ဂရဲ့ သြဇာကို သုံးပြီး ၀င်ရောက်ဟန့်တားတယ် ဆိုတာ မရှိသလောက် ရှားနေပါတယ်။ (စာရေးသူအမြင်)

ဒါပေမဲ့ သေချာတာတခုကတော့ နိုင်ငံတကာအစိုးရတွေအပါအ၀င် ကုလကဲသို့သော ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်း တွေကလည်း အယ်လ်ကိုင်းဒါးတွေနဲ့ ပတ်သက်လာရင် ခုချိန်ထိ ကြောက်လန့်နေတုန်းဆိုတာ သေချာနေတုန်းပါပဲ။

ရခိုင်ပဋိပက္ခနဲ့ အယ်လ်ကိုင်းဒါး

ရခိုင်ပြည်နယ် ပဋိပက္ခမှာ အရင်က လူမျိုးရေး၊ ဘာသာရေး ထိခိုက်မှုတွေနဲ့ အကြမ်းဖက်မှုအဆင့်ထိကို ရောက်လာပြီ ဖြစ်ပါတယ်။ ဒါကို ဒေသဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေက ရပ်တန့်ဖို့အတွက် ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အခြေအနေတွေ ဆက်လက်စိုးနေတာကြောင့် ပုဒ်မ ၄၁၃ (က) အရ တပ်မတော်ရဲ့ အကူအညီကို ရယူ ဆောင်ရွက်ဖြေရှင်းရမယ်လို့ ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒီပူမိုနီကလည်း ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ် အစ္စလာမ္မစ်ပါတီ တခုဖြစ်တဲ့ Jamaat e-Islami နဲ့ တခြားအဖွဲ့အစည်းတွေက လက်နက်တပ်ဆင်ပြီး မြန်မာနိုင်ငံမှာ မငြိမ်မသက်မှုတွေနဲ့ လူမျိုးရေး အဓိကရုဏ်းတွေ ဖြစ်လာစေရေးအတွက် ယူဆရကြောင်း ဇွန်လ ၁၄ ရက်နေ့က တရားဝင် ပြောဆိုခဲ့ပြန်ပါတယ်။

ယင်းအပြင် ရခိုင်ပြည်နယ် မောင်တောမြို့ UNHCR ရုံးက အကြီးတန်းလက်ထောက် ဒေါ်မြနန္ဒာအောင်နဲ့ ဖခင်ဖြစ်သူ ဒေါက်တာထွန်းအောင်တို့ကိုလည်း အယ်လ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွှယ်မှုရှိတယ်ဆိုတဲ့ သံသယနဲ့ မြန်မာ အစိုးရက ဖမ်းဆီးခဲ့ပြီး သမီးဖြစ်သူကိုတော့ ပြန်လွှတ်ပေးလိုက်ပေမယ့် ဖခင်ဖြစ်သူကိုတော့ ဆက်လက်ထိန်းသိမ်း စုံစမ်းနေဆဲဖြစ်ပါတယ်။

ဒါ့အပြင် နယ်သာလန်အခြေစိုက် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်း NGO တခုဖြစ်တဲ့ AZG က စစ်တွေရုံးခွဲ အဖွဲ့ခေါင်းဆောင် ဦးကျော်လှအောင်ကိုလည်း စစ်တွေလုံခြုံရေးတာဝန်ရှိသူတွေက ထိန်းသိမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် AZG ရုံးကိုလည်း အစိုးရစစ်တပ်တွေက ၀င်ရောက်ရှာဖွေနေကြပြီး အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ သူဟာ အယ်လ်ကိုင်းဒါးနဲ့ဆက်သွယ်ပြီး ရခိုင်ပြည် အဓိကရုဏ်းဖြစ်ရေးအတွက် လှုံ့ဆော်ခဲ့သူလို့ သံသယရှိခံနေရပါတယ်။

Source : http://news.yahoo.com
နယ်မြေသစ် ရှာဖွေသူ အယ်လ်ကိုင်းဒါးနဲ့ ရခိုင်ပြည်

မြန်မာပြည်က လက်နက်ကိုင်ပဋိပက္ခတွေဖြစ်တဲ့ နေရာနှစ်ခုအနက် ကချင်ပြည်နယ်က ပြဿနာဟာ နိုင်ငံတကာ အတွက် မျက်ခုံးလှုပ်စရာ မဟုတ်ပေမယ့် ရခိုင်ပြည်နယ်က အဓိကရုဏ်းတွေဟာ မျက်ခြေမပြတ်စောင့်ကြည့်ရမယ့် အနေအထားကို ရောက်လာပါပြီ။

မြန်မာအစိုးရရဲ့ မူမမှန်တဲ့ ဥပဒေတွေ၊ လုပ်ရပ်တွေကြောင့် ရိုဟင်ဂျာတွေ ရခိုင်ပြည်နယ်မှာ မြန်မာနိုင်ငံသား မှတ်ပုံတင်ကတ်နဲ့ နေလာခဲ့ကြတာ ၁၀ စုနှစ် ကျော်လာပါပြီ။ ဒါပေမဲ့လည်း အခုလိုမျိုး ပစ်ခတ်တဲ့အဆင့်အထိ၊ တပ်မတော်ကပါ ၀င်ရောက်ထိန်းသိမ်းခဲ့တဲ့အထိ မရောက်ခဲ့ပါဘူး။ သို့သော်ငြားလည်း ဒါတွေဟာ အခုတော့ လက်တွေ့ ဖြစ်လာနေပါပြီ။

အယ်လ်ကိုင်းဒါးတွေဟာ နိုင်ငံတကာဒေသတွေမှာ ခြေကုပ်စခန်းတွေ ပျောက်ကုန်လို့ ရခိုင်ပြည်နယ်မှာ အစပြုနေပြီ လားလို့ စာရေးသူအနေနဲ့ သံသယဖြစ်မိတယ်။ အယ်လ်ကိုင်းဒါးတွေ အဓိကခြေကုပ်ယူလေ့ရှိတဲ့ ပါကစ္စတန်လို ဒေသမှာ နိုင်ငံတကာနဲ့ ပါကစ္စတန်အစိုးရက တင်းတင်းကြပ်ကြပ် တိုက်ခိုက်ခဲ့တာကြောင့် သူတို့တွေဟာ အရပ်စကား နဲ့ပြောရရင် ဘုံပျောက်နေပြီ ဖြစ်ပါတယ်။ နောက်ပြီး နိုင်ငံတကာမှာလည်း အယ်လ်ကိုင်းဒါး အကြမ်းဖက်နဲ့ ပတ်သက်တာဆိုရင် မြေလှန်ရှာဖွေ ဖော်ထုတ်နေတာကြောင့် အယ်လ်ကိုင်းဒါးတို့ရဲ့ အသံဟာ ကာလတခုကြာအောင် တိတ်ဆိတ်နေခဲ့ပါတယ်။

ဒါပေမဲ့လည်း ယနေ့အချိန်မှာတော့ ရခိုင်ပြည် ပဋိပက္ခနဲ့အတူ ရိုဟင်ဂျာတွေဟာ အယ်လ်ကိုင်းဒါးနဲ့ ပတ်သက်မှု ရှိတယ် ဆိုတဲ့သတတင်းတွေ ထွက်ပေါ်လာသလို အင်တာနက်မှာလည်း ရိုဟင်ဂျာတွေကို မြန်မာအစိုးရ ဖိနှိပ်မှုမလုပ်ဖို့ အတွက်ဆိုပြီး အယ်လ်ကိုင်းဒါးအဖွဲ့က ထုတ်တဲ့စာဆိုပြီး ပျံ့နှံ့လာခဲ့ပါတယ်။

အရင့်အရင် မြန်မာပြည်မှာ ရိုဟင်ဂျာဆိုတာ မရှိခဲ့ဖူးပေမယ့် အစွန်းရောက်တဲ့ မူဂျာဟစ် အစ္စလာမ္မစ်တွေ ရှိခဲ့ပါတယ်။ လွတ်လပ်ရေးခေတ်ဦး ရန်ကုန်အစိုးရလက်ထက် ၁၉၄၅-၅၀ ခုနှစ်မှာ ဘူးသီးတောင်နဲ့ ရသေ့တောင်တို့ဟာ မူဂျာဟစ် သူပုန်တွေလက်အောက်ကို ကျရောက်ခဲ့ပါတယ်။ သူတို့ရဲ့ ရည်မှန်းချက်ကတော့ သီးခြားအစ္စလာမ္မစ်နိုင်ငံ တည်ထောင်ရေးပဲ ဖြစ်ပါတယ်။ (Hugh Tinker: The Union of Burma- page 34)
အယ်လ်ကိုင်းဒါးထောက်ခံသူ အကြမ်းဖက်သမားများ
Source : http://www.guardian.co.uk
အဲဒီနောက်ပိုင်း ၁၉၅၂-၅၄ ခုနှစ်မှာ မြန်မာတပ်မတော်က စစ်ဆင်ရေးအနေနဲ့ နှိမ်နင်းခဲ့တာတွေကြောင့် တစုံတရာ တည်ငြိမ်မှုရရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီပြဿနာဟာ အပြီးအပြတ်အဆင့်ကို ဖြေရှင်းနိုင်ခဲ့တာ မဟုတ်ဘဲ တအုံနွေးနွေး ရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း ယနေ့အချိန်မှာတော့ ရိုဟင်ဂျာဆိုတဲ့ နာမည်သစ်နဲ့ ပြန်လည်ထွက်ပေါ်လာ ပြန်ပြီ ဖြစ်ပါတယ်။

ဒီတော့ကာ နယ်မြေသစ်ရှာပုံတော်ဖွင့်နေတဲ့ အယ်လ်ကိုင်းဒါးနဲ့ လက်ရှိ အစ္စလာမ္မစ် မူဂျာဟစ်တွေဟာ ပေါင်းစည်း ကောင်းပေါင်းစည်းသွားနိုင်သလို ရခိုင်ပြည်နယ်ကိုလည်း သူတို့ရဲ့ ခြေကုပ်စခန်းအဖြစ် တည်ဆောက်လာမလား ဆိုတာဟာ ဘယ်သူမှ မသိနိုင်သေးပါဘူး။

ကမ္ဘာကျော် အနာဂတ္တိဆရာ ဂျော့ဖရီးမင်းက သူ့ရဲ့ "The Next 100 Years" စာအုပ်မှာ ၂၁ ရာစုနှစ်အတွင်း ပြဿနာ တွေဖြစ်နိုင်တဲ့ ပထ၀ီနိုင်ငံရေးလမ်းကြောင်း (Geopolitical Fault Lines) တွေကို ကြိုတင်ဟောကိန်းထုတ်ထားတဲ့ နေရာမှာ သူနဲ့ ထိစပ်နေတဲ့ နယ်မြေ (Borderlands) တွေအကြောင်းကိုလည်း အထူးအန္တရာယ်တခုအဖြစ် ရည်ညွှန်းထားပါတယ်။

ထိစပ်နယ်မြေဆိုတာဟာ သာမန်နယ်စပ်ဒေသကို မရည်ညွန်းပါ။ အိမ်နီးချင်းနိုင်ငံနှစ်ခုရဲ့ ဆက်စပ်နယ်မြေဖြစ်သော် ငြားလည်း အချုပ်အခြာအာဏာပိုင်ဆိုင်မှု အကြိမ်ကြိမ်ပြောင်းလဲခဲ့သော ဒေသမျိုးကို ဆိုလိုခြင်းပါ။ ဒီဒေသမျိုးမှာ ထွေပြားတဲ့ ယဉ်ကျေးမှုပေါင်းစုံရှိသလို သစ္စာခံမှုတွေလည်း ရှိတတ်တာကြောင့် မတည်ငြိမ်မှုရဲ့ ရေခံမြေခံတွေ အပြည့် ရှိတာကို ရည်ညွန်းပါတယ်။ ရှုပ်ထွေးတဲ့ နိုင်ငံတကာ ဆက်စပ်အခြေအနေတွေနဲ့ ကြုံခဲ့ရင် သာမန်ပြဿနာရပ်တွေ တင်မက ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းတွေအထိ ဆိုးဝါးတဲ့ အခြေအနေတွေကို ဦးတည်သွားနိုင်တယ်လို့ ဂျော့ဖရီးမင်းက သတိပေးထားပါတယ်။

Source :The Next 100 Years (George Firedman)
ရခိုင်ပြည်နယ်ဟာလည်း ဂျော့ဖရီးမင်းသတိပေးထားတဲ့ ပြဿနာဖြစ်နိုင်တဲ့ ပထ၀ီနိုင်ငံရေးလမ်းကြောင်းပေါ်မှာ တည့်တည့်မကျပေမယ့်လည်း သူရဲ့ ထိစပ်နယ်မြေတခုအဖြစ် ရှိနေပါတယ်။ ဒီအခြေအနေတွေကို ဆက်စပ် ကြည့်မယ်ဆိုရင် အယ်လ်ကိုင်းဒါးတွေဟာ ခုကိစ္စမှာ တကယ်ပါဝင်နိုင်တယ်၊ မနိုင်ဘူးဆိုတာကိုတော့ ကိုယ့်ဟာကိုယ် စဉ်းစားကြစေချင်တယ်။

ကမ္ဘာ့နိုင်ငံကြီးတွေရဲ့ အမျိုးသားအကျိုးစီးပွားနဲ့ ရခိုင်ပြည်

ရခိုင်ပြည်နယ်ဟာ အခုဆိုရင် ကမ္ဘာ့နိုင်ငံကြီးတွေဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်တို့ရဲ့ အမျိုးသားအကျိုးစီးပွားအတွက် အချက်အချာကျတဲ့နေရာတခု ဖြစ်မှန်းမသိ ဖြစ်နေပါပြီ။

WTC ကို တိုက်ခိုက်ခံရတဲ့အတွက် ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အမျိုးသားအကျိုးစီးပွား တည်ဆောက်ဖို့ လိုအပ်နေတဲ့ အမေရိကန်ဘက်က ကြည့်မယ်ဆိုရင် အယ်လ်ကိုင်းဒါး အကြမ်းဖက်သမားတွေ နှိမ်နင်းဖို့ လိုအပ်နေသလို တဖက်မှာလည်း အာရှကို ပထ၀ီနိုင်ငံရေးအရ လွှမ်းမိုးနိုင်ရေးအတွက်ကလည်း ရခိုင်ပြည်နယ် အရေးဟာ ၀င်ရောက်စွက်ဖက်ဖို့ အကောင်းဆုံး အခြေအနေတခု ဖြစ်နေပါတယ်။

တရုတ်နိုင်ငံအတွက် ကြည့်မယ်ဆိုရင် အနာဂတ် စွမ်းအင်အတွက် အဓိက၀င်ပေါက်တခုဖြစ်နေတဲ့ ရခိုင်ပြည်နယ် လုံခြုံရေးအတွက် (အထူးသဖြင့် စစ်တွေရေနက်ဆိပ်ကမ်း) စိတ်ပူပန်နေရတဲ့ အနေအထားတခုကို ရောက်လာပြီ ဖြစ်တယ်။

ကျောက်ဖြူကနေ တရုတ်ပြည် ယူနန်ပြည်နယ်အထိ သွယ်တန်းမယ့် ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရေးအတွက် အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံအထိ ကုန်ကျမှာ ဖြစ်ပါတယ်။ ဒီပိုက်လိုင်းတည်ဆောက် ရေးပြီးသွားမယ်ဆိုရင် အာဖရိကနဲ့ အရှေ့အလယ်ပိုင်းဒေသက လောင်စာတွေကို မလက္ကာရေလက်ကြားဖြတ်ပြီး ယူဆောင်နေရတာထက် ကြာမြင့်ချိန် တပတ်လောက် လျော့ချသွားနိုင်မှာ ဖြစ်ပါတယ်။

နိုင်ငံတကာ အေဂျင်စီတွေရဲ့ ခန့်မှန်းချက်အရဆိုရင် တရုတ်နိုင်ငံဟာ ၂၀၁၅ ခုနှစ်မှာ ရေနံစည်သန်းပေါင်း ၇.၁ သန်းအထိ လိုအပ်မယ်လို့ ခန့်မှန်းထားနေပြီး လက်ရှိမှာ အာဖရိကနိုင်ငံအားလုံးရဲ့ ရေနံထုတ်လုပ်မှု ၈၅ ရာခိုင်နှုန်း တင်သွင်းနေရပြီး အင်ဂိုလာနိုင်ငံတနိုင်ငံတည်းကပဲ တစ်ရက်ကို ၄၆၅,၀၀၀ စည် တင်သွင်းနေရတဲ့ အနေအထားပါ။

China's pipeline project map
နိုင်ငံကြီး နှစ်နိုင်ငံနဲ့ အာရှ-ပစိဖိတ် ပထ၀ီနိုင်ငံရေး

နိုင်ငံကြီးနှစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်တို့ဟာ လက်ရှိ အာရှ-ပစိဖိတ်မှာ ပထ၀ီနိုင်ငံရေးအရ အားပြိုင်မှုတွေကလည်း ရှိနေပြန်ပါတယ်။

အမေရိကန်ဟာ အကြမ်းဖက်သမားတွေကို လက်နက်ဆန်းတွေ ကိုင်ဆောင်ပြီး War of Terror လုပ်ဆောင်ခဲ့ပေမယ့် လည်း အယ်လ်ကိုင်းဒါးအဖွဲ့က လုပ်ဆောင်နေတဲ့ အစ္စလာမ်နိုင်ငံရေး (Islam Political) မှာတော့ အသုံးမ၀င်ဖြစ်နေခဲ့ တယ်လို့ ဆောင်းပါးရှင် Yu Shiyi က American Strategi "Pivotal Shift" in Asia-Pacific Geopolitics ဆိုတဲ့ နာမည်နဲ့ watchingamerica.com မှာ ဖော်ပြထားပါတယ်။ ခုလို အရေးနိမ့်လာတဲ့ အမေရိကန်အနေနဲ့ ဖြစ်နိုင်ခြေ တရပ်ဟာ အာရှ-ပစိဖိတ်ကို အချက်အချာကျတဲ့ နေရာတခုအနေနဲ့ ရွှေ့ပြောင်းလိုနေပါတယ်တဲ့။

တရုတ်နိုင်ငံကို ကြည့်မယ်ဆိုရင်လည်း လက်ရှိမှာ အာရှရဲ့ စူပါ ပါဝါနိုင်ငံတခုဖြစ်နေသလို စီးပွားရေးအရ အအောင်မြင်ဆုံးနိုင်ငံ တခုဖြစ်ပါတယ်။ ဒါပေမဲ့လည်း အခုလို ရေရှည်အောင်မြင်မှုကို ထိန်းထားဖို့အတွက် ဘေဂျင်းအစိုးရပိုင်းမှာ အနာဂတ် ရေနံစွမ်းအင်ဖူလုံရေး ပြဿနာအပြင် တခြားတခြားသော ပြဿနာတွေ ရှိနေပြန်ပါတယ်။ ဒီထဲမှာဆိုရင် စစ်တပ်ပိုင်းဆိုင်ရာတွေရဲ့ လာဘ်စားမှုတွေပါ ပါဝင်ပါတယ်လို့ ဆောင်းပါးရှင်က ရေးသားထားပြန်ပါတယ်။ ဒါပေမဲ့ အဲဒီအဖြစ်အပျက်တွေဟာ တံခါးပေါက် နောက်ကွယ်က ပြဿနာတွေဖြစ်ပြီး အပြင်ကို ထွက်မလာပါဘူး။

ဒါပေမဲ့လည်း တရုတ်တွေအနေနဲ့ အာရှ-ပစိဖိတ်ဒေသမှာ မိမိသြဇာ အာဏာ မကျစေရေးအတွက် ပါကစ္စတန်၊ မြောက်ကိုရီးယားနဲ့ မြန်မာစတဲ့ စစ်အာဏာရှင်တွေကို မဟာမိတ်ဖွဲ့ထားပြန်ပါတယ်။
Source : http://pcij.org
ရခိုင်ပြည်နယ်နဲ့ စိုးရိမ်ဖွယ်ရာ အနေအထား

လက်ရှိအနေအထားတွေက ရခိုင်ပြည်နယ်မှာ ဒုက္ခသည် နှစ်သောင်းကျော်ရှိနေပြီ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ပြဿနာတွေဟာ ပြေငြိမ်းပြီလားဆိုရင် ခုချိန်ထိ တအုံနွေးနွေးအဆင့်ပဲ ရှိပါသေးတယ်။ ဒုက္ခသည်တွေအတွက် အဖွဲ့ အစည်းအသီးသီးက လူသားချင်းစာနာမှုအနေနဲ့ အကူအညီတွေပေးနေပေမယ့်လည်း ဒုက္ခသည်တွေရဲ့ လုံခြုံရေး အတွက်ကတော့ အာမခံချက် မရှိသေးပါဘူး။

ဒါ့အပြင် အယ်လ်ကိုင်းဒါးကို အကြောင်းပြုပြီး ၀င်ရောက်လာနိုင်ဖွယ်ရှိတဲ့ အမေရိကန်နဲ့ မိမိရဲ့ အနာဂတ်စွမ်းအင် ဖူလုံရေးအတွက် ၀င်ရောက်စွက်ဖက်လာနိုင်ဖွယ်ရှိတဲ့ တရုတ်နိုင်ငံတို့အကြား ရခိုင်ပြည်နယ်အရေးဟာ စိုးရိမ်ဖွယ် ဖြစ်လာပြီလို့ ထင်ပါတယ်။

နောက်တံခါးပေါက်နဲ့ ရခိုင်ပြည်

မြန်မာပြည်မှာ ရှေ့တံခါးပေါက်ဖြစ်တဲ့ ကချင်၊ ရှမ်းပြည်နယ်ဘက်ကနေ လူမျိုးကြီးဖြစ်ပြီး အမျိုးသားအကျိုးစီးပွား ကိုသာကြည့်တတ်တဲ့ တရုတ်တွေဟာ ခုဆိုရင် မန္တလေးမြို့ကို နည်းမျိုးစုံနဲ့ သိမ်းပိုက်ထားတာ မျက်မြင်ပါပဲ။ ဒီလို သိမ်းပိုက်ခံရတာဟာလည်း မြန်မာပြည်ကို အုပ်ချုပ်ခဲ့သူတွေနဲ့ အကျင့်ပျက် ၀န်ထမ်းတွေရဲ့ လက်ချက်ဆိုတာဟာ လူတိုင်းသိပြီး ဖြစ်ပါတယ်။

Source : http://blog.travelpod.com
ခုဆိုရင် အနောက်ဘက်တံခါးပေါက်ဖြစ်တဲ့ ရခိုင်ဟာလည်း သိမ်းပိုက်ခံရဖို့အရေး ခြိမ်းခြောက်ခံရမှုတွေ ရှိလာပါပြီ။ အနောက်ဘက်က ကျူးကျော်လာတဲ့ မူဂျာဟစ်လို့ ခေါ်ခေါ်၊ ရိုဟင်ဂျာလို့ပဲ ကင်ပွန်းတပ်တပ် အကြမ်းဖက် သမားတွေက ရှိလာနေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ပြင်ပ ပယောဂလို့ခေါ်ရမယ့် ဘင်္ဂလားဒေ့ရှ်က အဖွဲ့တွေနဲ့လည်း ဆက်သွယ်မှုတွေ ရှိနေပြီလို့ ဘင်္ဂလားဒေ့ရှ်အစိုးရကတောင် ကြေညာချက်ထုတ်ထားရပါပြီ။

တရုတ်တွေကလည်း မြန်မာပြည်ရဲ့ တစိတ်တဒေသကို မသိလိုက် မသိဖာသာ သိမ်းပိုက်ထားပေမယ့် ဘာသာရေး အဓိကရုဏ်း၊ လူမျိုးရေး အဓိကရုဏ်းဆိုတာမျိုးကို မဖန်တီးဘဲ စီးပွားရေးအရ သိမ်းပိုက်ခြင်းအသွင် ဆောင်ပါတယ်။

ဒါပေမဲ့လည်း ရခိုင်ပြည်က အကြမ်းဖက်သမားတွေက တရုတ်နဲ့ လားလားမျှ မတူတာကို တွေ့ရပါတယ်။ သူတို့ကတော့ လူဦးရေ ပေါက်ဖွားနှုန်းနဲ့ ဘာသာရေးကို လက်နက်တခုသဖွယ် အသုံးပြုပြီး လုပ်ဆောင်လာတာ တွေ့ရပါတယ်။ ဒါ့အပြင် အစ္စလာမ္မစ်ဆိုတာနဲ့ ဘာသာတူတဲ့ တခြားသောနိုင်ငံတွေကလည်း ကူညီမှုတွေ ရှိနေခြင်းဟာ သူတို့အတွက် အားကောင်းတဲ့ တွန်းအားတခုလို ဖြစ်နေတာကိုတော့ မေ့ထားလို့ မရပါဘူး။

မြန်မာအစိုးရနဲ့ ရခိုင်ပြည် ပဋိပက္ခ

လက်ရှိမှာ မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ်က ပဋိပက္ခတွေကို ထိန်းသိမ်းဖို့အတွက် စစ်တပ်ရဲ့ အကူအညီ ရယူရမယ်လို့ အမိန့်ထုတ်ထားပြီဖြစ်သလို ပြည်သူလုံခြုံရေးအတွက်လည်း အကာအကွယ်ပေးနေတာကို တွေ့ရပါတယ်။ ဒါပေမဲ့လည်း ပဋိပက္ခတွေ ပြေငြိမ်းသွားပြီလားဆိုရင်တော့ မပြေငြိမ်းသေးဘူးလို့ ပြောရမယ့်အဆင့်ပဲ ရှိပါသေးတယ်။

မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည် ပဋိပက္ခဟာ ပြည်တွင်းရေးအတွက် ဘေးကျပ်နံကျပ်ဖြစ်နေသလို နိုင်ငံတကာမှာ မှန်ကန်တဲ့ လုပ်ဆောင်မှုတွေ လုပ်ဆောင်နေတယ်ဆိုတာ ပြသဖို့အတွက်က အရေးကြီးနေပြန်ပါတယ်။ ရခိုင်ပြည် ပဋိပက္ခနဲ့ပတ်သက်ပြီး ဘာသာရေးနဲ့ လူမှုရေး ထိခိုက်အောင် အလွန်အကျွံမရေးကြဖို့ မီဒီယာတွေကို တဖက်က အာဏာသုံး တားဆီးနေရသလို တဖက်မှာလည်း အယ်လ်ကိုင်းဒါးနဲ့ ဆက်သွယ်သူတွေလို့ ယူဆရသူတွေကို စုံစမ်းစစ်ဆေးနေရပြန်ပါတယ်။

နိုင်ငံတကာမှာ မျက်နှာပန်းလှရေးအတွက် သတိထားလုပ်ဆောင်နေရတဲ့အပြင် ပြည်တွင်းမှာ ဘာသာရေးနဲ့ လူမျိုးရေး ပဋိပက္ခတွေ ထပ်မပြန့်ပွားရေးအတွက် လုပ်ဆောင်နေပါတယ်။

အထူးသတိပြုရန်

မည်သို့ပင် ဆိုစေကာမူ မြန်မာအစိုးရအနေနဲ့ အထူးသတိထားလုပ်ဆောင်ရမယ့် အချက်ကတော့ အယ်လ်ကိုင်းဒါးကို အကြောင်းပြုပြီး အာရှ-ပစိဖိတ်ကို နယ်ချဲ့ချင်တဲ့ အမေရိကန်နဲ့ အမျိုးသားအကျိုးစီးပွားကိုသာ ရှေ့တန်းတင်နေတဲ့ တရုတ်တို့ ပါဝင်ပတ်သက်မှု မရှိစေရေးသာ ဖြစ်ပါတယ်။

သို့တည်းမဟုတ်ဘူးဆိုရင် မြန်မာနိုင်ငံဟာ ရခိုင်ပဋိပက္ခကို အကြောင်းပြုပြီး ကမ္ဘာ့အင်အားကြီးနိုင်ငံနှစ်ခုရဲ့ ပထ၀ီ နိုင်ငံရေးကစားကွက်ထဲမှာ ယက်ကန်ယက်ကန် ဖြစ်ကိန်း မြင်နေရပါတယ်။ (စာရေးသူ အမြင်သာ ဖြစ်သည်။)

မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ် အထိကရုဏ်းမှာ ပါဝင်ပတ်သက်နေတဲ့ အကြမ်းဖက်သမားများကို မိမိဘာသာ ထိန်းသိမ်းနိုင်ရေးမှာ အဓိကကျနေပြီး ပြည်ပပယောဂမပါဝင်ရေးဟာလည်း အနာဂတ် မြန်မာနိုင်ငံအတွက် အရေးကြီး နေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ၁၀ စုနှစ်ကျော် ၀င်ရောက်နေထိုင်ခဲ့တဲ့ ရိုဟင်ဂျာကိစ္စကို အမြန်ဆုံး ဖြေရှင်းရန်နဲ့ ပြီးပြတ်သည်အထိ ဖြေရှင်းနိုင်မှသာလျှင် ဒီပဋိပက္ခကတဆင့် ဖြစ်ပေါ်လာနိုင်တဲ့ အကြမ်းဖက်သမားတွေကို တားမြစ်နိုင်မှာဖြစ်သလို မြန်မာပြည်ရဲ့ အမျိုးသားအကျိုးစီးပွားကိုလည်း စောင့်ရှောက်နိုင်မှာ ဖြစ်ပါတယ်။

ထွန်းတောက်နေ

ကိုးကား -

- ဒီမိုကရေစီက နုနု မုန်တိုင်းကထန်ထန် (ဘေးမှရပ်ကြည့်မနေနိုင်တော့သည့်လူတစ်ယောက်၏ အထူးစိုးရိမ်သောက) - ကျော်ဝင်း

- The Next 100 Years (George Firedman),

- Asia Times,

- America’s Strategic “Pivotal Shift” in Asia-Pacific Geopolitics by By Yu Shiyu, watchingamerica.com

aung7

About aung7 -

Aung Htun Linn.. The Hornbill News Agency.

Subscribe to this Blog via Email :