Saturday, October 15, 2016

aung7

ခေတ်ကာလ ခံယူချက်တွေအောက်က လေ့လာမိတဲ့ ရိုးရာခွါဒိုပွဲတော်

Photo : World Tourism Day
လူမျိုးတစ်မျိုးကို သတ်မှတ်ရာမှာ ရိုးရာပွဲတော်တွေကလည်း တိုင်းတာတဲ့ အချက်တွေထဲမှာ တစ်ခုအပါအ၀င် ဖြစ်ပါတယ်။ ဗမာတိုင်းရင်းသားတွေမှာ လအလိုက် ပွဲတော်တွေ ရှိသလို ကချင်မှာဆိုရင် မနောပွဲ၊ ထို့နည်းတူ ချင်းတိုင်းရင်းသားတွေမှာလည်း ပွဲတော်တွေ ရှိပါတယ်။ အဲဒါကတော့ ခွါဒိုပွဲတော်ပါပဲ။

ချင်းတိုင်းရင်းသားတွေမှာ နိုင်ငံရေးအရ ချင်းအမျိုးသားနေ့ ပွဲတော် ရှိသလို ရိုးရာဓလေ့ကို အခြေခံတဲ့ ခွါဒိုပွဲတော်၊ ရှောလ်ဆောင်းမ်ပွဲတော်တို့လည်း ရှိပါတယ်။ ခွါဒိုပွဲတော်ကိုတော့ ရိုးရာနှစ်ကူးပွဲတော်လို့လည်း တချို့က ခေါ်ဝေါ်သုံးနှုန်းကြပါတယ်။

မျိုးနွယ်စုကွဲများစွာ ရှိတဲ့ ချင်းတိုင်းရင်းသားတွေထဲမှာ ရိုးရာခွါဒိုပွဲတော်ကို ကျင်းပပုံတွေကလည်း မတူညီကြပါဘူး။

Khuado - Tedim,Tonzang

Tho Puai - Haka leh Khualsim

Thaithar Puai - Thantlang leh Zahau

Fanger Puai - Laizo (Falam)

Dongpi Puai - Zanniat

Nampui pwe - Kanpalet

Chavang Kut - Thadou leh Lusei ဆိုပြီး မျိုးနွယ်စုအလိုက်၊ ဒေသအလိုက် ကျင်းပကြတာကို မှတ်သားမိပါတယ်။

Photo :ActiveTravel ASIA
ခွါဒိုပွဲတော်၏ အဓိပ္ပာယ်

ခွါဒိုပွဲတော်ရဲ့ အဓိပ္ပာယ်က ချင်းစကားဖြစ်တဲ့ Khua နှင့် Do နှစ်လုံးပေါင်းထားတာ ဖြစ်ပြီး -

ခွါ = Khuazing= နတ်၊ မကောင်းဆိုးဝါး

Khuavak=ဘုရား၊

ဒို = ကြိုဆို၊ ဧည်ခံ

= နှင်ထုတ်၊ တိုက်ခိုက်ခြင်း လို့ အဓိပ္ပာယ် ရပါတယ်။

ထို့ကြောင့် ခွါဒိုပွဲတော်ကို ရိုးရာနှစ်ကူးပွဲ၊ ကောက်ရိတ်သိမ်းပွဲ၊ မကောင်းဆိုးဝါး နှင်ထုတ်ပြီး ကံကောင်းခြင်းနှင့် မင်္ဂလာရှိမှုကို ကြိုဆိုခြင်းပွဲတော် စသဖြင့် အနက်အဓိပ္ပာယ် အမျိုးမျိုး ထွက်ပေါ်စေပါတယ်။

ကျင်းပပုံမတူညီကြတဲ့ ခွါဒိုပွဲနဲ့ ပတ်သက်လို့ ချင်းပြည်နယ်၊ တီးတိန်နှင့် တွန်းဇံမြို့နယ်က ချင်းတိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ ပွဲတော်ကျင်းပမှု ပုံစံကို လေ့လာမိသလောက် ဖြန့်ဝေပါရစေ။

နောက်ခံသမိုင်း

ချင်းသမိုင်းသုတေသန ပညာရှင်တွေရဲ့ တွေ့ရှိချက်အရ ခွါဒိုပွဲတော်ကို ကျိမ်နွဲ့ရွာသူကြီး ပူတွကြောင်ခေတ် အေဒီ ၁၄၀၀ ပတ်ဝန်းကျင်တွင် စတင်ကျင်းပသည်ဟု ခန့်မှန်းမှုများ ရှိခဲ့ရာ ရက်အတိအကျ မသိရပေမယ့် ခန့်မှန်ချက်များအရ နှစ်ပေါင်း (၆၀၀) ကျော်ရှိခဲ့ပြီလို့ သိရှိရပါတယ်။

ခွါဒိုပွဲတော် ကျင်းပတဲ့ရက်ဟာ တိကျတဲ့ သတ်မှတ်ချက် မရှိဘဲ ကျေးရွာဒေသ အလိုက် တောင်ယာသီးနှံ ရိတ်သိမ်းပြီးခြင်းအပေါ် အမှီပြု၍ ကျေးရွာခေါင်းဆောင်တွေနဲ့ တိုင်ပင်ပြီး စက်တင်ဘာလနဲ့ အောက်တိုဘာလကြား အဆင်ပြေဆုံးရက်ကို ရွေးချယ် ကျင်းပကြခြင်း ဖြစ်ပါတယ်။

ရှေးဓလေ့ထုံးတမ်းအရ ခွါဒိုပွဲတော်ကို ငါးရက်တာ ကျင်းပလေ့ရှိကြောင်း ၁၉၉၄ ခုနှစ်၊ ရန်ကုန်မြို့၊ ဇိုမီးကျောင်းသားများ ဦးဆောင်ထုတ်ဝေသည့် ကျိမ်နွဲ့မဂ္ဂဇင်းတွင် ဦးဂင့်ခန့်ဆွမ်း၏ ရေးသားချက်မှာ ပါရှိပါတယ်။

ပွဲတော်အကြို (ပထမနေ့) မှာ ပွဲတော်အတွက် ပြင်ဆင်ခြင်းများ စတင် လုပ်ဆောင်ကာ မီးပုံပွဲအတွက် ထင်းရှူးသားများ စုဆောင်းခြင်းကို ပြုလုပ်ကြပါတယ်။ ဒုတိယနေ့မှာတော့ မကောင်းဆိုးဝါး (နတ်) နှင်ထုတ်ခြင်းများ ပြုလုပ်ကာ တတိယနေ့ကတော့ ပျားအုံယူတဲ့နေ့ ဖြစ်ပါတယ်။

ပျားအုံကို ရိုးရာ မောင်းနှင့် ဗုံများ တီးခတ်အသုံးပြုပြီး ယူဆောင်ခြင်းဖြစ်ကာ ပွဲတော် စတုတ္ထမြောက်နေ့မှာတော့ ကျန်ရှိတဲ့ရွာသားတွေက ဘယ်ကိစ္စနဲ့မှ အိမ်အပြင် မသွားတော့ဘဲ မိမိတို့ရဲ့ ဆောမ်း Sawm တွေမှာ နေထိုင်ကြရပါတယ်။ ပွဲတော် နောက်ဆုံးရက်ဖြစ်တဲ့ ငါးရက်မြောက်နေ့မှာတော့ ကာလသားများအချင်းချင်း တစ်အိမ်တက် တစ်အိမ်ဆင်း လည်ပတ်ကြကာ ညပိုင်းမှာတော့ ရိုးရာဗုံ၊ မောင်းတွေတီးလို့ တေးသီချင်းတွေ သီဆိုကြရင်း ပွဲတော်ကို ပိတ်သိမ်းလေ့ ရှိပါတယ်။

Photo : NatGeoTravel - Tumblr
အမည်ကွဲများနဲ့ ခွါဒိုပွဲ

နှစ်သစ်ကူးပွဲတော် - ခွါဒိုပွဲတော်ကို ချင်းရိုးရာနှစ်သစ်ကူးပွဲတော်လို့လည်း ခေါ်ဆိုနိုင်ပြီး ရှေးဘိုးဘေးများသည် ပွဲတော်ကို နှစ်ကို ပိုင်းခြားသည့် ပွဲတော်အဖြစ်လည်း သတ်မှတ်ခဲ့ကြပါတယ်။

ပျားပွဲတော် - ခွါဒိုပွဲ ကျင်းပပြုလုပ်နေတဲ့အချိန်မှာ ရှေးဘိုးဘေးတွေဟာ ပျားအုံတွေကိုယူပြီး ရိုးရာယစ်ပုရောဟိတ်တွေက ယူလာတဲ့ ပျားအုံကို ကြည့်ပြီး နောက်နှစ်သစ်မှာ ဖြစ်လာမည့် အကြောင်းများကို ဗေဒင်ဖတ်ကြရပါတယ်။ ပျားအုံကို ကြည့်ပြီး လာမည့်နှစ်တွင် အစား အသောက်လုံလောက်မှုအခြေအနေ၊ ကျန်းမာရေး အခြေအနေ စတာတွေကို ကြိုတင်ခန့်မှန်းကြပါတယ်။

ရိတ်သိမ်းပွဲ - တောင်ယာခုတ်ခြင်းနဲ့ အဓိကအသက်မွေးရတဲ့ ရှေး ချင်းလူမျိုးတွေဟာ ကိုယ်စိုက်ပျိုးထားတဲ့ ပြောင်းဖူး၊ ဆပ်ဆန်နဲတွေကို သြဂုတ်လကုန်နဲ့ စက်တင်ဘာလဆန်းပိုင်းတွေမှာ ရိပ်သိမ်းကြလေ့ ရှိပါတယ်။ ခွါဒိုပွဲအမီ သီးနှံရိပ်သိမ်းလို့ မပြီးသေးတဲ့သူရှိရင်လည်း ပွဲတော်အမီ ရိပ်သိမ်းနိုင်ဖို့ ရွာသားတွေက ၀ိုင်းဝန်းကူညီကြခြင်း ဖြင့် တစ်ဦးနဲ့ တစ်ဦး ကူညီဖေးမလေ့ ရှိပါတယ်။ အဲဒီလို ရိပ်သိမ်းပြီးရင် သီးနှံတွေအတွက် Pasian လို့ ခေါ်တဲ့ ဘုရားသခင်ကို ကျေးဇူးတော်ချီးမွှမ်းခြင် (ကောက်ရိပ်သိမ်းပွဲ) ကို ကျင်းပကြတာ ဖြစ်ပါတယ်။ ချင်းတိုင်းရင်းသားတွေကြားမှာ ခရစ်ယာန်ဘာသာ မပြန့်ပွားခင် ရှေးဘိုးဘေးတွေဟာ Pasian လို့ ခေါ်တဲ့ တန်ခိုးကြီးဘုရား ရှိကြောင်းနဲ့ နတ်ဆိုးတွေ ရှိတယ်လို့ ယုံကြည် သက်ဝင်ခဲ့ကြတယ်လို့ မှတ်သားရပါတယ်။

မီးထွန်းပွဲ - ခွါဒိုပွဲတော် ဒုတိယနေ့မှာ အကြိုနေ့က ပြင်ဆင်ထားတဲ့ ထင်းရှူးသားတွေကို မီးထွန်းပြီး ရွာအပြင်ဘက်က သတ်မှတ်ထားတဲ့ တစ်နေရာကနေ ရွာထဲသို့ တန်းစီပြီး ၀င်ရောက်ကြခြင်းဖြင့် မီးထွန်းပွဲတော်ကို ကျင်းပကြပါတယ်။ ဒီလို လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ မကောင်းဆိုးဝါး (နတ်ဆိုး) တွေကို ရွာထဲကနေ နှင်ထုတ်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ခွါဒိုပွဲတော်ကို မီးထွန်းပွဲတော်အဖြစ်လည်း အသိအမှတ် ပြုကြပါတယ်။

ဒီကနေ့ခေတ်နဲ့ ခွါဒိုပွဲတော်

အစဉ်အလာ အယူအဆတွေ ရှိတဲ့ ခွါဒိုပွဲတော်ကို ဒီကနေ့ခေတ်မှာလည်း ဆက်လက်ကျင်းပပေမယ့် ခွါဒိုပွဲတော်ရဲက တကယ့်အနှစ်သာရတွေ ပျောက်ဆုံးကုန်ပြီလို့ ဆိုသူတွေလည်း ရှိလာပါတယ်။ ခွါဒိုပွဲတော်ကို တချို့ တောင်ပေါ်ကျေးရွာအချို့မှာဆိုရင် ကလေးတွေက အသားစားတဲ့နေ့ ဒါမှမဟုတ် ၀က်သက်တဲ့နေ့လို့ မှတ်ယူတာတွေ ရှိလာပြီဖြစ်လို့ ရိုးရာခွါဒိုပွဲတော်ရဲ့ အနှစ်သာရတွေကို ထိန်းသိမ်းဖို့ လိုလာနေပါပြီ။

ရှေးဘိုးဘေးတွေက ခွါဒိုပွဲတော်ကို ရွာကွင်းပြင်တွေမှာ စုပေါင်းလုပ်ဆောင်ကြတာ ဖြစ်ပြီး ပွဲတော်အတွင်း ဆုတောင်းခြင်းတွေ၊ အတီးအမှုတ်၊ ရိုးရာဓလေ့ ခေါင်ရည်တည်ခြင်းတွေ ပါဝင်ပါတယ်။ ဒါပေမဲ့လည်း ဒီကနေ့ခေတ်မှာတော့ ပွဲတော်ကို မိသားစုလိုက် လုပ်တာတွေ၊ ညနေပိုင်းတွေမှာ မိမိကိုးကွယ်ရာ ဘာသာအလိုက် ဘုရားကျောင်းတွေမှာ ၀တ်ပြုဆုတောင်းခြင်းတွေ လုပ်ဆောင်လာခြင်းဖြင့် ရိုးရာဓလေ့ အခြေခိုင်ခဲ့တဲ့ ခွါဒိုပွဲတော်ရဲ့ သရုပ်သကန်ဟာ မှေးမှိန်လို့ လာနေပါပြီ။

Photo :Adventurizer.com
ဒါ့အပြင် ခွါဒိုပွဲတော်ဟာ လူငယ်လူရွယ်တွေအတွက် ကောက်ရိပ်သိမ်းခြင်း အထိမ်းအမှတ်၊ ရိပ်သိမ်းလို့ မပြီးသူကို ရိပ်သိမ်းပြီးသူများက ကူညီခြင်း အထိမ်းအမှတ်၊ စည်းလုံခြင်း အထိမ်းအမှတ်အဖြစ် ရိုးရာခေါင်ရည် တည်ကြခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့ခေတ်မှာတော့ ခွါဒိုပွဲတော်ကို အကြောင်းပြပြီး ရိုးရာခေါင်ရည် အစား အရက်၊ ဘီယာ၊ မူးယစ်ဆေးဝါးများ အလွန်အကျွံ သုံးစွဲခြင်း၊ စည်းလုံခြင်း သရုပ်သကန်ထက် လူငယ်လူရွယ် အမျိုးသား၊ အမျိုးသမီးငယ်များအကြား လူမှုရေးပျော်ပါးမှုများက မူလ ခွါဒိုပွဲတော်ရဲ့ အနှစ်သာရကို ချိုးနှဲ့နေပါပြီ။

ငွေကြေးအပါအ၀င် အထွေထွေကျပ်တည်းမှုတွေကလည်း ခွါဒိုပွဲတော်ရဲ့ အနှစ်သာရ အဓိပ္ပာယ်ကို ထိခိုက်လာစေပါတယ်။ အရင်က ငါးရက်တာ ကျင်းပလေ့ရှိတဲ့ ခွါဒိုပွဲတော်ဟာ သူ့ရက်နဲ့ သူ အဓိပ္ပာယ် အနှစ်သာရတွေ ရှိပေမယ့် အခုအခါမှာတော့ ငွေကြေးတတ်နိုင်သူက ရက်ကြာကြာ ပြုလုပ်သလို ငွေကြေးမတတ်နိုင်သူတွေက ရက်အနည်းငယ်သာ ကျင်းပလာခဲ့ကြပါတယ်။ အထွေထွေကျပ်တည်းမှုကြောင့် ရုပ်ပျက်လာတဲ့ ခွါဒိုပွဲတော်ကို ရှေးလူကြီးအဆက်ဆက်က ဒီယဉ်ကျေးမှု ဓလေ့ထုံးတမ်းနဲ့ ပတ်သက်ပြီး လူငယ်တွေကို လက်ဆင့်ကမ်းမှု အားနည်းတာကလည်း ပိုလို့တောင် ထိခိုက် စေလာပါပြီ။

မည်သို့ပင် ဆိုစေ။ ပွဲတော်သည် လူမျိုးအတွက် အထိမ်းအမှတ်ဖြစ်သလို အနှစ်သာရ မပျောက်ပျက်ရေးကလည်း ကိုယ့်လူမျိုးမှာပဲ တာဝန်ရှိတယ်လို့ ဆိုရင် မှားမယ် မထင်ပါဘူး။ ထို့နည်းတူ ခေတ်စနစ်နဲ့ အထွေထွေသော အနေအထားတွေအရ ချင်း တိုင်းရင်းသားတွေရဲ့ ခွါဒိုပွဲတော်ကို အခုဆိုရင် ချင်းပြည်နယ် နေရာအနှံ့အပြားမှာ ကျင်းပနေကြပါပြီ။

လူမျိုးရှိရင် ပွဲတော် ရှိတယ်၊ ပွဲတော်ရှိရင် စည်းလုံးတယ်ဆိုတဲ့ အခြေခံသဘော တရားတွေက အစဉ်အလာနဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ ခွါဒိုပွဲတော်ကို ဆက်လက်ထိန်းသိမ်းဖို့က လူကြီးတွေမှာ တာဝန်ရှိသလို လူငယ်တွေမှာလည်း တာဝန်ရှိတယ်ဆိုတာကို မီးမောင်းထိုး ဖော်ပြပါရစေ။

ခွါဒိုပွဲတော်ဟာ ချင်းတိုင်းရင်းသားတွေရဲ့ သမိုင်းကို ဖော်ပြတဲ့ ပွဲတော်ဖြစ်သလို ဆက်လက်ထိန်းသိမ်းရမယ့် ရိုးရာဓလေ့လည်း ဖြစ်တာမို့ မူလ အနှစ်သာရ မပျောက်ပျက် အောင် ထိန်းသိမ်းကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ

aung7

About aung7 -

Aung Htun Linn.. The Hornbill News Agency.

Subscribe to this Blog via Email :