Wednesday, September 14, 2016

aung7

“သူ့ (မူးယစ်ဆေး) ကို မှီခိုအားထားနေရတာချည်းကို အဓိက မကျေနပ်တာပဲ”

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ထိုမာစံပြကျေးရွာ ကိုယ်ထူကိုယ်ထ မူးယစ်ဆေးဖြတ်ခန်းတွင် ဆေးဖြတ်ခဲ့သူ ကိုရွှေလုံးနှင့် တွေ့ဆုံမေးမြန်းခြင်း (အပိုင်း - ၁)


မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ နာမည်ကြီးမြို့တွေထဲမှာဆိုရင် စစ်ကိုင်းတိုင်း၊ ကလေးမြို့လည်း တစ်ခုအပါအ၀င်ပါ။ သုံးစွဲမှု မဟုတ်။ ဖမ်းဆီးမှုတွင်မှာပဲ ၂၀၁၃ ခုနှစ်က ၁၆၅ မှု၊ ၂၀၁၄ ခုနှစ်က ၁၂၂၄ မှု၊ ၂၀၁၅ မှာ ၁၀၃ မှုနဲ့ ၂၀၁၆ နှစ်စကနေ သြဂုတ်လအထိ ၁၃၆ မှု ထိရှိတယ် လို့ ကလေးခရိုင် ရဲစခန်းရဲ့ ကိန်းဂဏန်းမှတ်တမ်းတွေအရ သိရပါတယ်။

တစ်ဖက်မှာ မူးယစ်ဆေးဝါး အန္တရာယ် ရှိနေပေမယ့်၊ မူးယစ်ဆေးရဲ့ သားကောင်အဖြစ် ကျခံနေရပေမယ့် လွတ်မြောက်လိုသူတွေလည်း ရှိနေပါသေးတယ်။ အဲဒီသူတွေကတော့ ကလေးမြို့၊ ထိုမာ စက်မှုလယ်ယာစံပြကျေးရွာမှာ ကိုယ်ထူကိုယ်ထဖွင့်ခဲ့တဲ့ မူးယစ်ဆေးဖြတ်စခန်းက ကိုရွှေလုံး အပါအ၀င် ရွာသား ခုနစ်ယောက်ပါ။

အဲဒီသူတွေထဲမှာ ကိုရွှေလုံးဟာ (၁၁) ကြိမ်မြောက် မူးယစ်ဆေးဝါးသုံးစွဲမှုကို ကြိုးစားဖြတ်ခဲ့သူပါ။ အရင် (၁၀) ကြိမ်မြောက်အထိ မိမိဘာသာ ကြိတ်မှိတ်ဖြတ်ခဲ့ပေမယ့် မူးယစ်ဆေးဝါးတွေ လွယ်လင့် တကူ ရနေတာတွေ၊ စိတ်မနိုင်တာတွေကြောင့် ဆေးမပြတ်ဘဲ ဆက်သုံးနေခဲ့မိတာပါ။ ဒါပေမဲ့လည်း (၁၁) ကြိမ်မြောက်ဖြစ်တဲ့ အခုအခါမှာတော့ ဆေးပြတ်ပြီလို့ ကိုရွှေလုံးက ဆိုလိုက်ပါတယ်။

ထိုမာကျေးရွာက ကိုယ်ထူကိုယ်ထ ဆေးဖြတ်စခန်းကို သက်ဆိုင်ရာအာဏာပိုင်တွေက ဆေးဖြတ် စခန်းဖွင့်ဖို့သာ ခွင့်ပြုချက်ပေးထားပြီး ဆေးဖြတ်ဖို့ လိုအပ်တဲ့ဆေးဝါးတွေ၊ အကူအညီတွေကိုတော့ ကျေးရွာက မူးယစ်ဆန့်ကျင့်ရေးအဖွဲ့ MANA နဲ့ ဒေသခံတွေက ကိုယ်ထူကိုယ်ထ စရိတ်ကျခံပြီး လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဆေးဖြတ်စခန်းမှာ ကြုံတွေ့ ခံစားခဲ့ရတဲ့ အဖြစ်အပျက်တွေ၊ ဆေးသုံးစဉ်ကာလ ဖြတ်သန်းခဲ့ရပုံတွေ၊ ဆေးဖြတ်ဖို့ ဘယ်လိုသံဓိဋ္ဌာန်ချခဲ့ရတာတွေနဲ့ ပတ်သက်လို့ ထိုမာ ကိုယ်ထူကိုယ်ထ မူးယစ်ဆေးဖြတ် စခန်းကတစ်ဆင့် မူးယစ်သားကောင်အဖြစ် လွတ်မြောက်လာသူ ကိုရွှေလုံးနဲ့ အောက်ချင်းသစ္စာ သတင်းအေဂျင်စီတို့ စက်တင်ဘာလ ၁၂ ရက်က တွေ့ဆုံမေးမြန်းခဲ့မှုများကို တင်ပြလိုက်ပါတယ်။

 မေး - အကို့ နာမည်လေးနဲ့ ဘယ်မှာ နေတယ်၊ ဘာလုပ်သလဲဆိုတာ ပြောပေးပါဦး။

ဖြေ - နာမည်ကတော့ ရွှေလုံးပါ။ အမှတ် (၁) ရပ်ကွက်မှာ နေပါတယ်။ (စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ ထိုမာ စက်မှုလယ်ယာစံပြကျေးရွာ)။ အလုပ်ကတော့ တောင်သူပေါ့ဗျာ။ တောင်သူ၊ မိရိုးဖလား လုပ်ငန်းပေါ့။

မေး - အကိုက အခု ကိုယ်ထူကိုယ်ထဆေးပေးခန်းမှာပေါ့နော်။ ဆေးဖြတ်ဖို့ ဆုံးဖြတ်လိုက် တယ်ပေါ့။ အဲဒီလို ဆေးဖြတ်မယ်လို့ ဆုံးဖြတ်တယ်ဆိုတော့ ဘယ်လိုခံယူချက်နဲ့ ဆုံးဖြတ်လိုက်တာလဲ။

ဖြေ - ကျွန်တော်တို့ ဆေးဖြတ်မယ်လို့ ဆုံးဖြတ်တယ်ဆိုတာက ကျွန်တော်တို့က ဆေးစွဲလို့၊ ပိုက်ဆံလည်း ပြောင်ပြီပေါ့ဗျာ။ နောက် ရဲ ကြောက်ရတယ်ပေါ့နော်။ ခေတ်ကလည်း နည်းနည်း ကောင်းလာပြီဆိုတော့။ ပြီးတော့ ကျွန်တော်တို့က အဲဒီဆေးကို မှီခိုအားထားနေရတာချည်းကို လုံးဝ မကြိုက်တာ…အမှန်တကယ်က။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က တောင်သူဆိုတော့ စောစော စီးစီး၊ လင်းလင်းချင်းချင်း အလုပ်ဆင်းရတယ်ဗျာ။ ဒီဆေးစွဲတဲ့အခါကျတော့ ကျွန်တော်တို့က အလုပ် မဆင်းခင်ကိုက ဒီဆေးကို လုပ်ပြီးတော့မှ အလုပ်လုပ်နိုင်တာ။ အဲဒါကြီးကို ကျွန်တော်တို့က မကျေနပ်တာ။ သူ့ (ဆေး) ကို မှီခိုအားထားနေရတာချည်းကို အဓိက မကျေနပ်တာပဲ ကျွန်တော် တို့က။ အဲဒါကြောင့် ဖြတ်ပစ်တာ၊ အဓိက ကတော့။

မေး - အကို ဖြတ်ဖို့ ကြိုးစားတာကော ဘယ်နှခေါက်လောက် ရှိပြီလဲ။

ဖြေ - ကျွန်တော် အခုက (၁၁) ကြိမ်ရှိပြီ။ (၁၁) ကြိမ်မြောက်ပေါ့နော်။ ကိုသန့်ဇင်တို့ ဖြတ်ပေးတာကောဆို (၁၁) ကြိမ်မြောက် ရှိပြီ။ (အနားရှိ ကျေးရွာ MANA အတွင်းရေးမှူး ကိုသန့်ဇင်အား လက်ညှိုးထိုးပြလျက်)။ ကျန်တဲ့ (၁၀) ကြိမ်မြောက်တုန်းကတော့ ဘာဆေးဝါး အကူအညီ မပါခဲ့ဘူးပေါ့ဗျာ။ ကိုယ့်ဟာကိုယ် ကြိတ်မှိတ်ပြီး လှိမ့်ခံပြီးတော့ ဖြတ်ခဲ့တာပေါ့။ ဖြတ်လို့ ပြတ်ပါနီးလောက် ရှိသွားပြီဆိုရင် ပြန်ပြန်လုပ်မိတာပဲ သူက။ ဘာလို့ဆိုတော့ ဆေးဝါးအကူအညီ မပါလို့လေ။ အခု ဆေးဝါးအကူအညီနဲ့ ဖြတ်ထားတာတောင်မှ အခုထိ ၁၈၊ ၁၉ ရက်အထိနော်။ ဒါတောင်မှ အရိပ်အငွေ့ နည်းနည်းကျန်သေးတယ်။ ညောင်းတာကိုက်တာတို့၊ အခု မိုးအေးရင် ပိုဆိုးတာပေါ့ (အပြင်တွင် မိုးရွာနေသည်ကို ငေးလျက်)။ အဲဒီလို ဖြစ်တာတောင် ကျန်သေးတယ်။ ကျွန်တော်တို့က လှိမ့်ခံတော့ ပထမ (၁၀) ကြိမ် ဖြတ်ခဲ့တာတောင် အဲဒီလောက်ဆိုရင် တစ်ခါတည်း ပြန်လုပ်မိတော့တာပဲ။ ဆေးပေါတာလည်း ပါတာပေါ့ဗျာ။ မပါဘူးဆိုရင်လည်း၊ ကိုယ့်ပတ်ဝန်းကျင်မှာ မရှိဘူးဆိုရင်လည်း ကျွန်တော်တို့က ပြတ်ချင် ပြတ်သွားမှာလေ။ ဆေးဖြတ်လို့တော့ သေတာတော့ မသေပါဘူး။ ဒါပေမဲ့ ခံရတာကတော့ မချောင်ဘူးဗျ။ ကိုယ်ကိုယ်တိုင်ပဲ သိတာ၊ အဲဒီလို ဖြစ်တယ်။

မေး - အကိုပြောတဲ့ထဲမှာ ဆေးကလည်း ပေါတယ်ဆိုတော့ ဘယ်လောက်တောင်မှ ပေါတာကို မြင်နေရသလဲ။

ဖြေ - အခုတော့ မသိဘူးဗျ။ ကျွန်တော်တို့ လုပ်ချိန်က ပေါတာကတော့ အိမ်ကနေကို ဘေးကို မသွားရဲဘူး ကျွန်တော်တို့က။ သွားလိုက်ရင်ကို ဒါက တွေ့သလောက်ပဲ နေတော့တာ သူက။ ပိုက်ဆံလေး ၂၀၀၀၊ ၃၀၀၀ လောက်ဆိုရင် တွေ့ပြန်တော့တာ။ အစဆိုတော့ ဒါက ၂၀၀၀၊ ၃၀၀၀ ကနေ စလုပ်လိုက်ရင် များသွားတာပဲလေ အရင်းက။ နဂိုအရင်း ပြန်ရောက်သွားတာပဲ။ ပေါတာ ကတော့ ရွာပြင်ကို ထွက်လိုက်ရင်ကို သူ့ဟာသူ အော်တိုမစ်တစ် ရှိနေတော့တယ်ဆိုတဲ့ဟာ ဖြစ်နေတာ ဆေးက။ အခုတော့ အဲဒီလိုမျိုး ဟုတ်ချင်မှလည်း ဟုတ်မှာပေါ့။
ပိုက်ဆံလေး ၂၀၀၀၊ ၃၀၀၀ လောက်ဆိုရင် တွေ့ပြန်တော့တာ။ အစဆိုတော့ ဒါက ၂၀၀၀၊ ၃၀၀၀ ကနေ စလုပ်လိုက်ရင် များသွားတာပဲလေ အရင်းက။ နဂိုအရင်း ပြန်ရောက်သွားတာပဲ။ ပေါတာ ကတော့ ရွာပြင်ကို ထွက်လိုက်ရင်ကို သူ့ဟာသူ အော်တိုမစ်တစ် ရှိနေတော့တယ်ဆိုတဲ့ဟာ ဖြစ်နေတာ ဆေးက...
မေး - ဆေးဖြတ်ဖို့ လုပ်တုန်းက ဆေးမသုံးရတော့ ဘယ်လောက်တောင် ခံစားခဲ့ရသလဲ။

ဖြေ - ခံစားရတာကတော့ ပြောမဖြစ်ဘူးဗျ။ ဒီကောင်က မသုံးစွဲရရင်တော့ ဒီကောင်က လူးလှိမ့်နေရတာပဲ။ ဒီ အဆစ်အမြစ်တွေ ကိုက်တာတို့၊ ပထမဆုံး မျက်ရည်ယိုတာတို့၊ အာသန်းလာ တာတို့လေ။ သူက စလာခဲ့တော့တာ။ သူက အဆစ်အမြစ်တွေ ကိုက်ခဲလာခဲ့တော့တာ။ တစ်ကိုယ်လုံး ကိုက်ခဲလာပြီးတော့မှ။ နောက်ပြီး ညနေလောက်ဆိုရင် ဒါ ၀မ်းက သွားတော့တာ။ တဗျစ်ဗျစ်ပဲ။ ညောင်းကိုက်တာကတော့ ဘာနဲ့မှ မတူတော့ဘူး။ တခြားအာရုံ စိတ်ထဲကို မရောက်တာ သူက။ ဒီဆေးမှ ဒီဆေးပဲ သူက။ ကျန်တဲ့ ဘာအရေးဆိုသမျှကို စိတ်ထဲ မရှိတော့ဘူး။ မိသားစုအရေးတွေ၊ ဒါပြီး နောက်ဆုံးဗျာ…ကုန်ကုန်ပြောရရင် ကိုယ့်ရဲ့ ထမင်းတောင်မှ၊ နေ့တိုင်းစားနေတဲ့ ထမင်းတောင်မှ သူက မဆာတော့ဘူးပေါ့။ စားချင်စိတ် မရှိတော့ဘူးပေါ့။ ဒီဆေးလုပ်ပြီးရင်တော့ ဆာလာခဲ့တော့တာ။ အဲဒါမျိုး ဖြစ်တာ။ အဲဒီလောက်အထိ ပြင်းထန်တယ်။ သူ့စိတ် တစ်မျိုးတည်းပဲ၊ ကျန်တာ သူက မရှိဘူး။

မေး - အကို အဲဒီလိုမျိုး ယင်းထနေတဲ့အချိန်မျိုးမှာ ငါ မသုံးတော့ဘူးဆိုပြီး ဘယ်လိုမျိုး စိတ်တင်းခဲ့ရသလဲ။

ဖြေ - အခုက ဆေးဝါးအကူအညီလေး ပါတယ်ဆိုတော့ ကျွန်တော်တို့က ကိုယ့်ကိုယ်ကို၊ အခု ကျွန်တော်တို့ ဖြတ်တယ်ဆိုတာက စပြောရမှာ။ အခုက ကိုယ့်အပေါ် အချုပ်ကျသလို လုပ်ပြီး ဖြတ်တာ ကိုဗျ။ အဓိက ဆေးဝါး ဆိုပေမယ့်လို့။ သူတို့ (မြို့နယ်) က အကူအညီပေးတဲ့ ဆေးဝါးမဟုတ်ဘဲနဲ့ ဘေးဆရာဝန်တွေ ပေးတဲ့ သင့်တော်မယ့်၊ တခြားလူနာတွေကို ပေးတဲ့ ဆေးဝါးမျိုးလေ။ ဒါမျိုးနဲ့ ကိုယ်က နည်းနည်းခံသာအောင် လုပ်တယ်ဆိုတော့ (ဘေးမှ ကိုသန့်ဇင်ဆွေအား လက်ညှိုး ထိုးပြလျက်) သူတို့ကို အားနာတာက၊ သန့်ဇင်ဆွေတို့ အဖွဲ့ကို အားနာတာက တစ်ကြောင်း၊ နောက်ပြီး ကိုယ့်ကို ထမင်းလာပို့တဲ့ အိမ်သူတွေပေါ့နော်။ ကိုယ့်အိမ်သူတွေက ကိုယ့်ကို ကြိုးစားပြီးတော့ နေ့တစ် ကြိမ်၊ ညတစ်ကြိမ်ပေါ့။ ထမင်းတွေ၊ စားစရာတွေ လာပို့တယ်။ ဒါတွေ အားနာတာက တစ်ကြောင်း၊ ဒါတွေနဲ့ ဒါမျိုး သည်းခံရတာပေါ့။ အမှန်က ကိုယ့်တစ်ယောက်တည်း မဟုတ်ဘူးလေ။ အုပ်စုဖွဲ့ပြီးမှဆို တော့ ကိုယ့်ရဲ့ ဝေဒနာကို ဟန်ဆောင်တာမျိုးလည်း လုပ်လို့ရတယ်လေ။ ကြိတ်မှိတ်ပြီးတော့။ အဲဒီလို ပုံစံမျိုးနဲ့ ဖြတ်ခဲ့တာ။ တစ်ယောက်တည်းဆိုရင် မလွယ်ဘူးလေ။ တစ်ယောက်တည်းဆိုရင်တော့ သွားပြီပဲ။ တွေးမိတွေးရာ တွေးထည့်တာ။ ကျွန်တော်တို့ ဆေးဖြတ်တဲ့အချိန်မှာ ဂစ်တာ တီးတယ်၊ မယ်ဒလင်တီးတယ်၊ စာဖတ်တယ်။ ၀ိုင်းဖွဲ့ပြီးတော့မှ စကားပြောတယ်။ နောက်ပြီးတော့ စစ်တုရင် ထိုး တယ်။ ဒါမျိုးတွေနဲ့ အစားထိုးပြီးတော့မှ ကျွန်တော်တို့ ဖြတ်ခဲ့ရတယ်။ တစ်ယောက်တည်းဆိုရင်တော့ သွားပြီ။ ရှာတော့တာပဲ ဆေးရှိတဲ့နေရာကို။

မေး - ဒီအတိုင်း ဖြတ်ဖို့ မလွယ်နိုင်ဘူးပေါ့။

ဖြေ - မလွယ်ဘူး။ မလွယ်ဘူး ဒီကောင်က။

မေး - အကိုက ကိုယ့်ဟာကိုယ်လည်း ဆေးဖြတ်ခဲ့တယ်၊ ဒီမှာကျတော့ ကိုသန့်ဇင်ဆွေတို့ လုပ်တဲ့ MANA အဖွဲ့လုပ်တဲ့ပုံစံမျိုးနဲ့ ဖြတ်တယ်ပေါ့နော်။ အဲဒီနှစ်ခုက ဘာကွာသလဲ။

ဖြေ - ကွာတယ်ဗျ။ ဘာလို့လဲဆိုတော့ ကိုယ့်ဟာကိုယ် ဖြတ်တာက ကိုယ်တစ်ယောက်တည်း လေ။ ကိုယ်တစ်ယောက်တည်းဆိုတော့ ကိုယ့်ဝေဒနာ ကိုယ်ဟာကိုယ် ကြိတ်မှိတ်ခံစား၊ အိပ်ပြီးတော့မှ သူက နေရတာ။ လူးလှိမ့်ခံစားနေရချိန်မှာ ကျန်တဲ့ စကားပြောဖော်တို့၊ အားပေးဖော်တို့က၊ ကိုယ့်အိမ် သူဆိုတာကလည်း တောလုပ်၊ တောင်လုပ်နဲ့လေ။ ကိုယ့်ကို အားပေးစကား မပြောနိုင်ဘူး။ နောက်ပြီး တော့ ကိုယ့်ဝေဒနာကို သူတို့လည်း မသိဘူး သေသေချာချာ။ ကိုသန့်ဇင်ဆွေတို့ အဖွဲ့ကျတော့၊ သူတို့ MANA အဖွဲ့ကျတော့ ဝေဒနာတွေကို သူတို့ကိုယ်တိုင် မခံစားဘူးပေမယ့် ကျွန်တော်တို့ လူနာတွေရဲ့ အပြောကြောင့် သူတို့ သိနေတယ် အတော်များများ။ ဒီလို ဝေဒနာရှိလို့ရှိရင် သူတို့က ဘေးနားကနေ လာပြီးတော့မှ အားပေးစကားပြောတယ်။ အားပေးစကား ပြောတဲ့အချိန်မှာ ဝေဒနာတွေဟာ ပျောက် သွားတာ မဟုတ်ပေမယ့် ခဏ မေ့နေတယ်ပေါ့ဗျာ။ အဲဒါမျိုးတွေ။ သူတို့က “မင်း ဂစ်တာ တီးပစ်လိုက် ကွာ”၊ “ဟေ့ စစ်တုရင် ထိုးရအောင်ဟေ့”၊ ဒါမျိုးတွေနဲ့ ရယ်စရာတွေ လာပြော။ အဲဒါတွေနဲ့ အစားထိုး ပြီးတော့မှ အဖွဲ့နဲ့ကျတော့ တစ်ယောက်နဲ့ အဖွဲ့နဲ့ အဲဒါမျိုးတွေ ကွာဟမှု ရှိတယ်။ အဲဒီပုံစံမျိုးတွေ ရှိတယ်ပေါ့။

မေး - အကို ဆေးဖြတ်တဲ့ကာလ၊ ၁၅ ရက်တာ ကာလမှာဆိုရင် ဘယ်အချိန်က အကို့အတွက် အခက်ခဲဆုံးလဲ။

ဖြေ - ကျွန်တော့်အတွက် အခက်အခဲဆုံးကတော့ လေးရက်မြောက်နေ့ဗျ။ အဲဒီအချိန်မှာ သူက ခံစားရတာ အထွတ်အထိပ်ကို ရောက်တဲ့နေ့လို့တောင် ပြောလို့ရတယ်။ လေးရက်မြောက်နေ့ - အဲဒီနေ့ကတော့ အလူးအလိမ့်ပဲ။ နောက်နေ့က စလို့ ခံရတာပေါ့လေ ခံရတာပေါ့။ ဒါပေမဲ့ ဖြည်းဖြည်းချင်း ခံသွားရတာ။ လေးရက်မြောက်နေ့ကျတော့ နောက်နေ့ဆိုရင် အနာက သက်သာတော့ မှာ။ ကိုယ်က သိတော့ သိနေပြီ။ ဒါပေမဲ့ အဲဒီနေ့ကို ခံရတာ အခက်အခဲဆုံး။ နောက်ပြီး နှစ်ကြိမ်ရှိတဲ့ အခက်အခဲဆုံးကတော့ အခုလို ပြတ်သွားပြီးတဲ့၊ မပြတ်တပြတ်ပေါ့လေ။ ကျွန်တော်တို့လည်း ပြတ်သွားပြီလို့ ပြောလို့ရတယ်။ ဒါ နည်းနည်းတော့ ကျန်သေးတာကိုး။ အခုလို အချိန်လည်း တအား ခက်ခဲတယ်။ ပြတ်သွားပြီးတဲ့အချိန်လည်း။ လေးရက်မြောက်ရယ်၊ အခုလို အချိန်ရယ်ပေါ့။
အပေါက်တွေ ပိတ်၊ အိမ်သာ သွားတာတောင် (ဘေးမှ ကိုသန့်ဇင်ဆွေအား လက်ညှိုးထိုးပြလျက်) သူတို့ ပါမှ သွား။ ရေချိုးသွားရင် သူတို့ပါမှ သွားဆိုတော့ ကိုယ်က ထွက်ပြေးချင်စိတ်တောင် ပေါက်တာ။ “ဟာ ငါ မဖြစ်ဘူး။ သူတို့ကို အာမခံ ကိုယ်က ပေးထားတယ်” အဲဒါကြီး ထပ်တလဲလဲ ကိုယ့်ဟာကိုယ် တွေးနေရတယ်။ ဝေဒနာဆို တာတော့ ပြောကို မပြတတ်နိုင်လောက်အောင်ပဲ။ ကျန်တဲ့ ဝေဒနာထက် မကဘူး။ အဲဒီလို ခံစား၊ ဝေဒနာက ပြင်းထန်နေတော့ ပြေးမယ်၊ ဆေးရှိတဲ့ဆီ ပြေးမယ်ပေါ့လေ...
မေး - လေးရက်မြောက်နေ့က အကို ခံစားခဲ့ရတဲ့အဖြစ်အပျက်ကို ပြန်ပြောပြပါလား။

ဖြေ - လေးရက်မြောက်နေ့ကတော့ ကျွန်တော်တို့ ကိုယ့်ဟာကိုယ်၊ ကိုယ့်အာမခံနဲ့ ကိုယ် ဘုန်းကြီးကျောင်းထဲမှာ ပိတ်လှောင်ထားတဲ့ သဘောပေါ့လေ။ အပေါက်တွေ ပိတ်၊ အိမ်သာ သွားတာတောင် (ဘေးမှ ကိုသန့်ဇင်ဆွေအား လက်ညှိုးထိုးပြလျက်) သူတို့ ပါမှ သွား။ ရေချိုးသွားရင် သူတို့ပါမှ သွားဆိုတော့ ကိုယ်က ထွက်ပြေးချင်စိတ်တောင် ပေါက်တာ။ “ဟာ ငါ မဖြစ်ဘူး။ သူတို့ကို အာမခံ ကိုယ်က ပေးထားတယ်” အဲဒါကြီး ထပ်တလဲလဲ ကိုယ့်ဟာကိုယ် တွေးနေရတယ်။ ဝေဒနာဆို တာတော့ ပြောကို မပြတတ်နိုင်လောက်အောင်ပဲ။ ကျန်တဲ့ ဝေဒနာထက် မကဘူး။ အဲဒီလို ခံစား၊ ဝေဒနာက ပြင်းထန်နေတော့ ပြေးမယ်၊ ဆေးရှိတဲ့ဆီ ပြေးမယ်ပေါ့လေ ကိုယ်ကနော်။ အဲဒီလို ခဏခဏ တွေးမိတယ်။ ဒါပေမဲ့ သူတို့တွေကို မြင်ယောင်လိုက်၊ အိမ်ကဟာတွေ မြင်ယောင်လိုက်၊ ဆေးစွဲတဲ့ဒုက္ခတွေ မြင်ယောင်လိုက်၊ ဒါပေမဲ့ ကိုယ့်ဝေဒနာကို ကိုယ်ပြန်မြင်ယောင်လိုက်၊ ပြေးမယ်။ ဟိုဟာတွေ မြင်ယောင်လိုက် ဒီဟာတွေ မြင်ယောင်လိုက်ပေါ့နော် ဒါမျိုးတွေ။ ကိုယ့်ဟာကိုယ် ဟိုဘက် ဒီဘက် ဆွဲနေတာ။ ဒါပေမဲ့ သူတို့အဖွဲ့နဲ့ကျတော့ ဒါကို အနိုင်ရပါတယ် ကိုယ်က။ တစ်ယောက်တည်း ဆို အနိုင်မရဘူးလေ၊ ပါပြီ၊ မထိန်းတော့ဘူး။ အဲဒီလိုမျိုးတွေ။
ကိုယ့်ဟာကိုယ် တစ်သောင်းခွဲဖိုး လုပ်၊ ၀င်ငွေက မရှိဘူး။ ကိုယ့်ရဲ့ သားသမီးတွေ၊ ကိုယ့်မိန်းမတွေမှာတော့ မ၀တ်ရ၊ မစားရပါလေနော်။ ကိုယ့်မှာတော့ ဒီတစ်သောင်းခွဲကြီး သုံးလို့။ တစ်ခါတစ်လေ မျက်ရည် ပိုးပိုးပေါက်ပေါက်တောင် ကျမိတယ်။ ဒါပေမဲ့လို့ ကိုယ့်ခန္ဓာကိုယ်ကတော့ မလွန်ဆန်နိုင်ဘူး...
မေး - ဆေးဖြတ်တဲ့အချိန်မှာ ကျန်တဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားခဲ့ရတာတွေ ရှိသေးလား။

ဖြေ - ဆေးဖြတ်တဲ့အချိန်မှာတော့ မရှိဘူးဗျ။ ဒါပေမဲ့ ကျွန်တော်တို့ ဆေးဖြတ်ရတဲ့အကြောင်း အရင်းမှာ တစ်ခုရှိတယ်၊ အဲဒါမျိုး စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေ။ ဘယ်လိုရှိသလဲဆိုတော့ ကျွန်တော် ဆိုရင် ယင်း တအားကြီးတဲ့ကောင် မဟုတ်သေးဘူးနော်။ တစ်ရက်ကိုမှ ကိုယ်ဟာကိုယ် ဖြတ်တုန်းကမှ တစ်လုံးပြောင်တာပေါ့လေ။ (တစ်လုံး = ပင်နဆီလင်တစ်လုံး)။ တစ်လုံးကို သုံးသောင်းရှိတယ်လေ။ တစ်လုံးကနေ အခု ဖြတ်တဲ့အချိန်ကျတော့ တစ်ဝက်လောက် ပြောင်။ တစ်ဝက်ဆို တစ်သောင်းခွဲ။ ဒီ ငွေတစ်သောင်းခွဲဟာ ကျွန်တော်တို့မှာ ၀င်ငွေ မရှိဘူး။ ၀င်ငွေမရှိပေမယ့်လို့ ကိုယ်က မဖြစ်ဖြစ်တဲ့ နည်းနဲ့ စပါးပေးတာတို့၊ ပဲပေး ယူတာတို့ပေါ့။ အဲဒါမျိုးတွေ ဘေးက ယူလို့ ရတယ်လေ။ ဒါ အိမ်က မိန်းမ မသိဘူး။ ဒါမျိုးတွေ ယူပြီးတော့မှ ရှာရတယ်။ ကိုယ့်ဟာကိုယ် တစ်သောင်းခွဲဖိုး လုပ်၊ ၀င်ငွေက မရှိဘူး။ ကိုယ့်ရဲ့ သားသမီးတွေ၊ ကိုယ့်မိန်းမတွေမှာတော့ မ၀တ်ရ၊ မစားရပါလေနော်။ ကိုယ့်မှာတော့ ဒီတစ်သောင်းခွဲကြီး သုံးလို့။ တစ်ခါတစ်လေ မျက်ရည် ပိုးပိုးပေါက်ပေါက်တောင် ကျမိတယ်။ ဒါပေမဲ့လို့ ကိုယ့်ခန္ဓာကိုယ်ကတော့ မလွန်ဆန်နိုင်ဘူး။ ဂွကျတာက။ ဒီငွေကို မိသားစုနဲ့ သုံးစွဲလိုက်ရင် ဒီငွေလေးဟာ ကောင်းကောင်းစားရမယ်၊ ကောင်းကောင်း ၀တ်ရမယ်ပေါ့နော်။ ဒါမျိုးတွေ မတွေးမိလို့ မဟုတ်ပါဘူး။ ဆေးသမား အတော်များများကတော့ တွေးမိပါတယ်။ ဒါပေမဲ့လို့ ကိုယ့်ရဲ့ခန္ဓာကိုယ်က ကိုယ်လုပ်မိတော့ စွဲမိချေတယ်ဆိုတော့ ဘယ်လိုမှ ကိုယ့်ဟာကိုယ် မလွန်ဆန်နိုင်ဘူး။ အဲဒီလို ဖြစ်တာ။

မေး - တခြားကော မူးယစ်ဆေးသုံးမိလို့ ခံစားရတဲ့ ခံစားချက်တွေ ရှိသေးလား။ ဥပမာ ပတ်ဝန်းကျင်က ပြောတာလည်း ဖြစ်နိုင်တယ်၊ ပတ်ဝန်းကျင်က ဖြစ်လာတဲ့ ဖိအားပေးတွေပေါ့နော်။ အဲဒါနဲ့ အကို ဘယ်လို ကြုံတွေ့ခဲ့တာ ရှိသေးလဲ။

ဖြေ - ပတ်ဝန်းကျင်ရဲ့ ဖိအားတွေကတော့ ကျွန်တော်တို့ စိတ်ထဲတော့ မရောက်ဘူး။ ဒါပေမဲ့ ရှိတာတော့ ရှိတယ်။ မိဘက ပြောတာတို့၊ မိဘဆိုလည်း ကျွန်တော်တို့ ခဏခဏ နားရင်းရိုက်ခံရ တယ်။ အဖေက ရှိသေးတာကိုး။ ရိုက်ခံရရင်လည်း ရိုက်ပ။ အကိုဆိုလည်း ဒါ ဦးဇင်း ရှိတယ်။ အကိုဆို လည်း အခုဆို စကားတောင် မပြောတော့ဘူး။ ဆေးပြတ်မှ စကားပြောမယ်လို့ သူက ပြောထားတာ။ ဒါလည်း စိတ်မရောက်ဘူး။ ဘယ်လို မရောက်ဘူးလဲဆိုတော့ ကိုယ့်ခန္ဓာကိုယ်ပဲ၊ ကိုယ့်ကိုယ်ကိုပဲ ချစ်နေတာကိုး။ နောက်ပြီးတော့ ကိုယ် ဒီငွေကုန်တာတွေ၊ ဥပဒေအရ ဖမ်းမှာ ဆီးမှာတွေ ဘေးက ခြောက်ပေမယ့် အဲဒါတွေလည်း စိတ်ထဲ မရောက်ဘူး။ စိတ်ရောက်တာကတော့ ကျွန်တော်တို့က၊ ဒီမူး ယစ်ဆေးသမားဆိုတာတွေက အမှန်တကယ်က ရဲတော့ ကြောက်တယ်။ ဖမ်းဆီးခံရမှာတော့ ကြောက်တယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ အဲဒါကို လုံးဝ မကြောက်ဘူး။ ဂွကျတာက။ ဘာလို့ဆို တော့ ကိုယ့်သွေးသားကို မလွန်ဆန်နိုင်လို့လေ။ တွေ့ရာနေရာ၊ ရတဲ့နေရာ ထိုးတဲ့ကောင်ဆို ခြေထောက်ထိုးသွားတဲ့ကောင်တွေတောင် ရှိတယ်။

တွေ့ဆုံမေးမြန်းသူ - အောင်ထွန်းလင်း (အောက်ချင်းသစ္စာ သတင်းအေဂျင်စီ)

(တွေ့ဆုံမေးမြန်းခြင်း ဒုတိယပိုင်းအား ဆက်လက်ဖော်ပြပေးပါမည်။)

aung7

About aung7 -

Aung Htun Linn.. The Hornbill News Agency.

Subscribe to this Blog via Email :