Thursday, August 25, 2016

aung7

ပြင်းအား ၄.၀ အဆင့်ရှိ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့

ရန်ကုန်၊ သြဂုတ် ၂၆

ပုဂံရှေးဟောင်းနယ်မြေရှိ ဘုရား ပုထိုး စေတီများ ပျက်စီးစေခဲ့သော ငလျင်ပြီးနောက် သြဂုတ်လ ၂၅ ရက်တွင် မြန်မာနိုင်ငံအလယ်ပိုင်း သပိတ်ကျင်းမြို့ အရှေ့တောင်ဘက် ရှစ်မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်ခ်တာစကေး ၄.၀ အဆင့်ရှိ ငလျင်တစ်ရပ် လှုပ်ခတ်သွားခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သြဂုတ်လ ၂၆ ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါငလျင်မှာ သြဂုတ်လ ၂၅ ရက် ည ၁၁ နာရီခန့်တွင် လှုပ်ခတ်သွားခဲ့ခြင်းဖြစ်ပြီး သြဂုတ်လ ၂၄ ရက်က လှုပ်ခတ်ခဲ့သည့်ငလျင်ဒဏ်ကြောင့် မန္တလေးတိုင်းဒေသကြီးတစ်ခုတည်းတွင်ပင် ဘုရား ပုထိုးစေတီပေါင်း ၂၄၁ ဆူ ပျက်စီးခဲ့ရသည်။

ပြိုကျပျက်စီးခဲ့သည့် စေတီပုထိုးများအား အလျင်စလို ပြုပြင်ခြင်း မပြုလုပ်ကြရန် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တာဝန်ရှိသူများအား မှာကြားထားပြီး ကုလသမဂ္ဂ အဖွဲ့အစည်းတစ်ခုဖြစ်သည့် UNESCO ၏ နည်းပညာနှင့် ငွေကြေးအကူအညီများ ရယူကာ စနစ်တကျ ပြုပြင်ထိန်းသိမ်းသွားရန် အစိုးရက စီစဉ်ထားသည်။

သြဂုတ်လ ၂၄ ရက်က လှုပ်ခတ်ခဲ့သည့် ပြင်းအား ၆.၈ ရစ်ခ်တာစကေးရှိ ငလျင်မှာ စစ်ကိုင်းပြတ်ရွေ့ကြောင့် လှုပ်ခတ်ခဲ့ခြင်း မဟုတ်ဘဲ ထိုးစိုက်ဇုန် (Subduction Zone) ကြောင့် ဖြစ်ကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီ နာယကနှင့် အကြီးတန်းသုတေသနပညာရှင် ဒေါ်လှလှအောင်က မြန်မာသတင်းစဉ်နှင့် ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတွင် ဖော်ပြထားသည်။

“သြဂုတ် ၂၄ ရက်ညနေပိုင်းက ချောက်မြို့နဲ့ ၁၂ မိုင်အကွာကိုဗဟိုပြုပြီး လှုပ်သွားတဲ့ငလျင်က ဘယ်ပြတ်ရွေ့ကြောင့်မှ မဟုတ်ဘူး။ ထိုးစိုက်ဇုန် (Subduction Zone) ကြောင့် လှုပ်သွားတာ။ ထိုးစိုက်ဇုန်က အိန္ဒိယ ကျောက်ထုချပ် (India Plate) က ဘားမားကျောက်ထုချပ် (Burma Plate) အောက်ကို ထိုးဆင်းသွားတဲ့အတွက် ငလျင်လှုပ်တာ။ တော်တော်များများက စစ်ကိုင်းပြတ်ရွေ့က လှုပ်တယ်လို့ ပြောတယ်။ အချို့ကလည်း ကဘော်ပြတ်ရွေ့က လှုပ်တယ်လို့ ပြောတယ်၊ ဘယ်ပြတ်ရွေ့ကမှ လှုပ်တာ မဟုတ်ဘူး။ ထိုးစိုက်ဇုန်ကြောင့် လှုပ်သွားတာ။ ထိုးစိုက်ဇုန်ကြောင့်လှုပ်တယ်ဆိုတာ ပိုပြီးသေချာတာက ကျောက်ဖြူနဲ့ မင်းဘူးဘက်မှာ ရွှံ့မီးတောင်တွေပေါက်သွားတယ်။ ၁၉၇၅ ခုနှစ်က ဂွေးချိုပြတ်ရွေ့က လှုပ်တဲ့ ပုဂံငလျင်နဲ့လည်း ဆက်နွှယ်မှုမရှိဘူး။ ဒီငလျင်က ချောက်ငလျင်လို့ပဲ ပြောလို့ရမယ်” ဒေါ်လှလှအောင်က တွေ့ဆုံမေးမြန်းခန်းတွင် ရှင်းလင်းထားသည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်း ပြတ်ရွေ့များကြောင့် ဖြစ်ပေါ်လာနိုင်သော ငလျင်များ ထပ်မံလှုပ်ခတ်နိုင်ခြေ ရှိ၊ မရှိနှင့် ပတ်သက်၍လည်း ဒေါ်လှလှအောင်က “စစ်ကိုင်းပြတ်ရွေ့ရှိတယ်။ စစ်ကိုင်းပြတ်ရွေ့မှာလည်း ၁၉၃ဝ ကလှုပ်ဖူးတဲ့ ပဲခူးငလျင်၊ ဖြူးငလျင် ရှိတယ်။ ငလျင်က သက်တမ်း ၁ဝဝ လည်းရှိတယ်။ ၁၆ဝ လည်း ရှိတယ်။ တစ်ကျော့ပြန် လှုပ်တယ်။ အဲဒီလိုလှုပ်ဖို့ဆိုရင် လှုပ်ဖို့အချိန် နီးလာတယ်။ စစ်ကိုင်းပြတ်ရွေ့မှာလည်း လှုပ်ဖို့ရှိတယ်။ ကျောက်တန်းပြတ်ရွေ့ကလည်း ၈ ဒသမ သုည ရစ်ခ်ျတာစကေးရှိတဲ့ ငလျင်ကြီးက ၁၉၁၂ ခုနှစ်က လှုပ်သွားဖူးတယ်။ ပြန်တွက်ရင် နှစ် ၁ဝဝ ကျော်သွားပြီ။ ဒါကလည်း တစ်ကျော့ပြန်လှုပ်ဖို့ နီးလာတယ်။ ဘယ်ပြတ် ရွေ့က ဘယ်နေရာကနေ ဘယ်လောက်ပမာဏလှုပ်မယ် ဆိုတာ ကြိုတင်ခန့်မှန်းလို့မရဘူး” ဟု ဆိုသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ

aung7

About aung7 -

Aung Htun Linn.. The Hornbill News Agency.

Subscribe to this Blog via Email :