Wednesday, August 3, 2016

aung7

ကလေး၊ တောင်အူကျေးရွာ ရေ၀င်၊ တောင်အူ-ပြင်သာအတွက် စက်လှေနှစ်စင်း ပြင်ထား

ကလေး၊ သြဂုတ် ၎

မြစ်သာမြစ်ရေ တိုးလာမှုကြောင့် တောင်အူ-မြို့သာလမ်းပေါ်ရှိ တောင်ငူရွာအတွင်း ရေကျော်မှုများ ဖြစ်ပေါ်လျက်ရှိသည့်အတွက် ဒေသခံကျေးရွာသူ၊ ကျေးရွာသားများအား ရေလွတ်ရာသို့ ရွှေ့ပြောင်းပေးနေရသည်။ တောင်အူကျေးရွာမှာ မြစ်သာမြစ်ကမ်းဘေး ရွာတစ်ခုဖြစ်ကာ မြစ်ရေမှာ သြဂုတ်လ ၄ ရက်အထိ ဆက်လက်ရေတိုးဆဲဖြစ်ကာ သြဂုတ်လ ၃ ရက် ညပိုင်းကတည်းက တောင်အူရွာတောင်ပိုင်းသို့ ရေ စတင်ဝင်ရောက်ခဲ့ခြင်းဖြစ်ကာ လယ်ယာသုံး ကျွဲ၊ နွား တိရစ္ဆာန်များကို ရေလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရပြီး ရွာအ၀င် တောင်အူ-မြို့သာလမ်းပေါ် မြေနိမ့်ပိုင်းများတွင် လမ်းရေကျော်မှုများ ဖြစ်ပေါ်လျက် ရှိသည်။

လတ်တလော ရေ၀င်ရောက်သည့် အိမ်များအပါအ၀င် အသက် ငါးနှစ်အောက်၊ အသက် ၇၅ နှစ်အထက်နှင့် ကိုယ်ဝန်ဆောင်ရှိသော နေအိမ်များကို ကျေးရွာအုပ်ချုပ်ရေးမှူးရုံးက စာရင်းပြုစုလျက်ရှိပြီး ယခုထက် မိုးများပြီး ရေလျှံလာနိုင်သည်ဟု ယူဆနေကြသည့်အတွက် ဒေသခံ အတော်များများမှာ စပါးစိုက်ပျိုးခြင်း စတင်ရန်အတွက်ပင် ရပ်ဆိုင်းထားကြသည်ဟု ဒေသခံများက တောင်အူရွာသို့ ရောက်ရှိနေသည့် အောက်ချင်းသစ္စာ သတင်းအေဂျင်စီ သတင်းထောက်အား ပြောသည်။



တောင်အူနှင့် ပြင်သာကျေးရွာများအတွက် ရေကြီးလာပါက ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်ရန်အလို့ငှာ အာဏာပိုင်များက စက်လှေနှစ်စင်း ပြင်ဆင်ပေးထားပြီး ရေတိုးမှုအခြေအနေအား စောင့်ကြည့်လျက် ရှိသည်။

မြစ်သာမြစ်အတွင်းသို့ အခြားသော ချောင်း၊ မြောင်းများမှ ရေများ စီးဝင်သော်လည်း မြစ်သာမြစ်ရေမှာ မူလကပင် စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေရာ အခြားစီးဝင်သော ရေများမှာ အထက်သို့ ပြန်လည်စီးဆင်းလာသဖြင့် အချို့သောရွာများမှာ ရွေ့ပြောင်းခဲ့ရသည်။ ရွှေ့ပြောင်းရသူများမှာ ပေါက်တောအနောက်ကျေးရွာမှ အိမ်ထောင်စု ၆၂ စု၊ အင်းစိန်ကျေးရွာမှ အိမ်ထောင်စု ကိုးစု၊ တောင်ဦးကျေးရွာမှ အိမ်ထောင်စု သုံးစုတို့ ဖြစ်သည်။ ထို့ပြင် ကျီကုန်းကျေးရွာ၌ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြေပြတ်ရွေ့ကြောင်းများ ပေါ်လာသည့်အတွက် အိမ်ထောင်စုငါးစုအား ဘေးလွတ်ရာနေရာသို့ ပြောင်းရွှေ့ပေးခဲ့ပြီး နေအိမ်များ ပြန်လည်ဆောက်လုပ်ရန်အတွက် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများက ကူညီပေးလျက် ရှိသည်။



သြဂုတ်လ ၃ ရက်တိုင်းတာချက်အရ မြစ်သာမြစ်ရေသည် စိုးရိမ်ရေအမှတ် ၁၀၀၀ စင်တီမီတာသို့ ရောက်ရှိရန် ၁၀ စင်တီမီတာသို့ ရောက်ရှိနေခဲ့ပြီး ၁၀၅၀ စင်တီမီတာသို့ ရောက်ရှိပါက ကယ်ဆယ်ရေးစခန်းများ စတင်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်းနှင့် ရေ၀င်ရောက်နိုင်သည့် ရုံး၊ ဌာနများကိုလည်း စာရွက်စာတမ်းနှင့် ရုံးသုံးစက်ကိရိယာပစ္စည်းများကို ထုတ်ပိုးပြင်ဆင်ထားရန် ခရိုင်စီမံခန့်ခွဲမှုကော်မတီ (ကလေး) က ထုတ်ပြန်ထားသည်။

ဝင်းယုထွန်း (အောက်ချင်းသစ္စာ သတင်းအေဂျင်စီ)

aung7

About aung7 -

Aung Htun Linn.. The Hornbill News Agency.

Subscribe to this Blog via Email :