Monday, August 8, 2016

aung7

ပြည်ပရောက်နိုင်ငံရေးသမားများ သိက္ခာရှိရှိ ပြန်လည်ဝင်ရောက်နိုင်ရန် မျှော်လင့်ကြောင်း ၈၈ ကျောင်းသားခေါင်းဆောင် (ဦး) မင်းကိုနိုင် ပြော

ရန်ကုန်၊ သြဂုတ် ၈

ပြည်ပသို့ရောက်ရှိနေသော နိုင်ငံရေးသမားများကို ဂုဏ်သိက္ခာရှိရှိဖြင့် တိုင်းပြည်အတွင်း ပြန်လည်ဝင်ရောက်လာနိုင်ရန်အတွက် သက်ဆိုင်ရာက စနစ်တကျစီစဉ်ပေးသည်ကို မျှော်လင့်ကြောင်း ၈၈ မျိုးဆက်(ငြိမ်းချမ်ရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း) မှ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်၊ ရှစ်လေးလုံး ကျောင်းသားခေါင်းဆောင်တစ်ဦးလည်းဖြစ်သူ (ဦး)မင်းကိုနိုင်က ယနေ့ ပြောကြားလိုက်သည်။

၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း) မှ ဦးစီး၍ ယနေ့ပြုလုပ်သော ရှစ်လေးလုံးဒီမိုကရေစီ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနား ၂၈ နှစ်ပြည့်တွင် အမှာစကားပြောကြားခဲ့ရာ အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ပြည်ပကိုထွက်ခွာသွားတဲ့ ကျွန်တော်တို့ရဲ့ ရဲဘော်တွေရဲ့ ပြုခဲ့တဲ့ အလုပ်တွေ ကျေးဇူးတွေကိုလဲ ဒီနေရာကနေ သတိတရပြောချင်ပါတယ်။ ဘယ်နေရာကိုပဲရောက်ရောက် ဒီတိုင်းပြည်အတွက် ရရာနေရာက ရောက်သလို ဒီအရေးတော်ပုံကြီးကို အသက်ဆက်ခဲ့ကြတာပါ။ အခုအဲ့ဒီ ကျွန်တော်တို့ရဲ့ မျိုးဆက်တွေ ဒီအရေးတော်ပုံကြီးမှာ တာဝန်အသီးသီးယူခဲ့သူတွေဟာ ပြည်တော်ဝင်ချင်ကြပါတယ်။ ဘယ်လိုပဲ ရည်ရွယ်ချက်နဲ့ ဖြစ်ပါစေ။ ဒါကြောင့် သူတို့အားလုံး ကိုယ်စီပေးဆပ်ခဲ့ကြရတာပါ။ ပြည်ပကို ရောက်နေကြတဲ့ နိုင်ငံရေးသမားအားလုံး ဒီမိုကရေစီဘက်တော်သားအားလုံး ဂုဏ်သိက္ခာရှိရှိနဲ့ တိုင်းပြည်ကို ပြန်ဝင်လာနိုင်ဖို့ သက်ဆိုင်ရာတွေက စနစ်တကျစီစဉ်ပေးမယ်လို့ မျှော်လင့်ပါတယ်။ ရှစ်လေးလုံးရဲဘော် ပြည်ပရောက်သူတွေကိုယ်စား တောင်းဆိုပေးခြင်းဖြစ်ပါတယ်” ဟု ၈၈ ကျောင်းသားခေါင်းဆောင် (ဦး) မင်းကိုနိုင်က ပြောသည်။

ပြည်ပရောက် နိုင်ငံရေးသမားများအနေဖြင့် ၎င်းတို့ တတ်မြောက်သော ပညာများ ကျွမ်းကျင်မှုများဖြင့် မိမိနိုင်ငံအတွက် အကျိုးပြုလိုစိတ်ရှိဖြင့် မြန်မာနိုင်ငံအတွင်း ပြန်လည်ဝင်ရောက်သည်ဖြစ်စေ အလည်အပတ်သဘောဖြင့် ၀င်ရောက်လိုကြသည် ဖြစ်စေ အဆိုပါကိစ္စကို အားတက်သရော ထောက်ခံကြိုပေးရမည်ဟု ၎င်းကပြောသည်။

ယနေ့အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဦးခွန်ထွန်းဦးတို့က တက်ရောက်အမှာစကား ပြောကြားခဲ့ပြီး ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ခေါင်းဆောင်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် နိုင်ငံလောကသားများ တက်ရောက်ခဲ့ကြသည်။

နေမင်းသူ (အောက်ချင်းသစ္စာ သတင်းအေဂျင်စီ)

aung7

About aung7 -

Aung Htun Linn.. The Hornbill News Agency.

Subscribe to this Blog via Email :