Saturday, August 6, 2016

aung7

ကိုယ်လက်အင်္ဂါရောင်းစားရတဲ့ဘ၀တွေက ကင်းဝေးကြပါစေ…


“ကျပ်သိန်း ၅၀ ကန်တော့တယ်”

ဒီစကားကို ပြောလိုက်သူက မိမိခန္ဓာကိုယ်ထဲက ကျောက်ကပ်တစ်လုံးကို လိုအပ်နေသူ လူနာ တစ်ဦးထံ လှူဒါန်းလိုက်တဲ့ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်က အမျိုးသမီးငယ်။ သူ့နာမည်ကိုတော့ သူ့ဟာသူ “မောင်” လို့ နာမည်ပေးထားရဲ့။

သူမ ကျောက်ကပ်လှူဒါန်းခဲ့တဲ့နေရာက အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့က အပိုလိုဆေးရုံ။

အလှူခံသူတွေရဲ့ ကုန်ကျစရိတ်ခံမှုနဲ့ အပိုလိုဆေးရုံမှာ သူမရဲ့ ကျောက်ကပ်တစ်လုံးကို ပေးလှူခဲ့တာ ကြောင့် လူနာရှင်ဘက်က အလိုက်တသိ ပြန်ပြီးတော့ ကျေးဇူးဆပ်တဲ့ ကျပ်သိန်း ၅၀ ကို “ကျပ်သိန်း ၅၀ ကန်တော့တယ်” လို့ သူမက ဆိုလိုက်တာပါ။

ဒါနလှူဒါန်းခြင်း၊ ပေးကမ်းခြင်း၊ စွန့်ကြဲခြင်းသည် မေတ္တာတရားကို ကာယကံမြောက် ကျင့်သုံးခြင်း မည်သည်လို့ ဗုဒ္ဓဘာသာဝင်တွေက ယုံကြည်ထားကြသည်။ ဘုရားအလောင်းတော်သည်ပင် ဘုရားအဖြစ်ကို ရရှိရန်အလို့ငှာ ဆယ်ပါး ပါရမီအနက် ဒါနပါရမီကို ဦးစွာ ဖြည့်ကျင့်ခဲ့ရသည် မဟုတ်ပေလော။ ဒါပေမဲ့လည်း စစ်မှန်တဲ့ လှူဒါန်းမှုကို အထွေထွေသော လူမှုဘ၀ အကျပ်အတည်းက အရောင်ဆိုးလို့ လာနေပါပြီ။

“ကျောက်ကပ်က ရောင်းတယ်၊ ၀ယ်တယ်ဆိုတာ ဘယ်လောက်နဲ့ဆိုတာတော့ အတိအကျ မရှိဘူး။ ဒါပေမဲ့ တချို့လူတွေက ဥပမာ ကိုယ်က သိန်း ၅၀ လောက် အခက်အခဲတွေ့နေတယ်ဆိုရင် အဲဒီ သိန်း ၅၀ နဲ့ ဖြတ်ကြတဲ့သူတွေလည်း ရှိတယ်”

ဒီစကားကို ပြောပြသူက အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့က အပိုလိုဆေးရုံမှာ လူနာစောင့်၊ လူနာအကူ အနေနဲ့ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား မအေးချမ်း (အမည်လွှဲထားသူ) ပါ။
တစ်ချိန်က အိန္ဒိယရောက် မြန်မာဒုက္ခသည်တွေကြားမှာ နာမည်ကြီးခဲ့တဲ့ သွေးရောင်းစားမှုနောက် ရှေ့ရောက်လာတဲ့ အလှူအမည်ခံ ကိုယ်ခန္ဓာရောင်းစားမှု တစ်ရပ်...
တစ်ချိန်က အိန္ဒိယရောက် မြန်မာဒုက္ခသည်တွေကြားမှာ နာမည်ကြီးခဲ့တဲ့ သွေးရောင်းစားမှုနောက် ရှေ့ရောက်လာတဲ့ အလှူအမည်ခံ ကိုယ်ခန္ဓာရောင်းစားမှု တစ်ရပ်။

အရင်က မြန်မာပြည်ကနေ အိန္ဒိယနိုင်ငံကို ဆေးသွားကုတဲ့အခါ၊ ခွဲစိတ်ကုသကြတဲ့အခါ သွေးလိုအပ် လာပြီဆိုရင် လူနာစောင့်တွေဖြစ်တဲ့ မြန်မာနိုင်ငံသား (အများစုမှာ မြန်မာဒုက္ခသည်များ ဖြစ်) တွေက ရှာကြံရပါတော့တယ်။

အဲဒီလူနာစောင့်တွေက သွေး (နီ) တစ်ပုလင်းကို အိန္ဒိယသုံးငွေ ရူပီး ၂၅၀၀ (မြန်မာကျပ်ငွေ ငါးသောင်းခန့်)၊ သွေဖြူဥ တစ်ပုလင်းကို ရူပီး ၃၀၀၀ (မြန်မာကျပ်ငွေ ခြောက်သောင်းခန့်) နှုန်းနဲ့ သွေးလှူတယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ သွေးအရောင်းအ၀ယ် လုပ်ရပါတော့တယ်။ သွေးရောင်းတဲ့ သူအများစုက အကြောင်းအမျိုးမျိုးနဲ့ အိန္ဒိယနိုင်ငံကို ရောက်နေတဲ့ မြန်မာဒုက္ခသည်တွေ။ လိုအပ်တဲ့ သွေးအမျိုးအစား ရနိုင်ဖို့အတွက်ကလည်း လူနာစောင့်တွေက သူတို့စီမှာ စာရင်းတွေ ထားပြီး ဘယ်သွေးလိုရင် ဘယ်သူတွေကို ခေါ်ရမယ်၊ ဘယ်သွေးအုပ်စုဆိုရင် ဘယ်သူတွေကို ခေါ်ရမယ် ဆိုတာ ရှိပြီးသားပါ။ အိမ်ခန်းတစ်ခန်းငှားခ ရူပီး ၃၀၀၀ လောက် ရှိတဲ့ နယူးဒေလီမှာ သွေးတစ်ပုလင်း ထုတ်ရင် အိမ်လခအတွက် မပူရဘူးဆိုတော့ ၀မ်းစာအတွက် ခက်ခဲကြမ်းတမ်းစွာ အလုပ်လုပ်ကြရတဲ့ မြန်မာဒုက္ခသည်တွေအတွက် ဈေးကွက်တစ်ခု ဖြစ်မှန်းမသိ ဖြစ်နေခဲ့ပါတယ်။ အခုတော့ လှူတယ် ဆိုတဲ့ နာမည်အောက်မှာပဲ သွေးရောင်းစားမှုထက်မြင့်တဲ့ ကျောက်ကပ် အရောင်းအ၀ယ် ဖြစ်လာနေပါပြီ။


“ဆေးရုံကတော့ အပိုလိုဆေးရုံက အများဆုံးပဲ။ အဲဒီလိုမျိုး လုပ်တာ။ ငွေကတော့ ပြန်ပြီးတော့ ယူကြ တာပါပဲ။ နည်းတာများတာပဲ ကွာတယ်။ တချို့ကျတော့လည်း များများ ပြန်ပေးကြတယ်၊ တချို့ကျတော့လည်း မပေးဘူး။ တချို့ကျတော့ မလှူခင်တောင်မှ ရက်ရက်ရောရော မကျွေးချင်တဲ့ သူတွေက အများကြီး ရှိတာ။ လှူတဲ့သူတွေကတော့ အများဆုံး မြန်မာတွေပဲ များတာပေါ့။ ဒါပေမဲ့ ဈေးကတော့ အတိအကျကြီး ဖြတ်တာမျိုး မရှိဘူး။ ရောင်းတဲ့ဝယ်တဲ့ဈေးတော့ မရှိဘူး။ ခုနက ပြောသလို လှူကြတာ။ ကိုယ့်အခက်အခဲပေါ်မှာ မူတည်ပြီးတော့ တောင်းကြတာလည်း ရှိတယ်။ တချို့ကျတော့လည်း ဒီအတိုင်းနဲ့ ကျောက်ကပ်လှူပြီးတဲ့အခါကျတော့ ပြန်ပြီးတော့ ကူညီ ထောက်ပံ့ပေးတာ” လို့ မအေးချမ်းက ဆိုပါတယ်။

တကယ်တော့ အဲဒီကျောက်ကပ်လှူဒါန်းမှုတွေဟာ အိန္ဒိယနိုင်ငံမှာ ဗုဒ္ဓစာပေတွေ လာရောက်သင်ယူ နေကြတဲ့ သံဃာတော်တွေက စခဲ့တာလို့ဆိုရင် မမှားပါဘူး။ အဲဒီတုန်းက သံဃာတော်တွေဟာ မည်သည့်အကျိုးမှ မဖက်၊ မိမိရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းနဲ့ သူတစ်ပါး အသက်ဆက်နိုင်အောင် မြတ်သောဒါနပြု ကူညီပေးခဲ့ကြတာပါ။ စေတနာသပ်သပ် ကိုယ်ကျိုးမဖက်ဘဲ လှူဒါန်းခဲ့မှုရဲ့ အကျိုး ဆက်အနေနဲ့ အလှူရှင်ဖြစ်တဲ့ သံဃာတော်တွေကို အလှူခံသူတွေဘက်က နည်းအမျိုးမျိုးနဲ့ ကြည့်ရှု ကူညီ လှူဒါန်းတာတွေ ရှိခဲ့ပါတယ်။

ကျောက်ကပ်လှူတဲ့အခါ အလှူခံသူတွေဘက်က ခွဲစိတ်ကုသမှု ပြုလုပ်ဖို့အတွက် အလှူရှင်အတွက် အထွေထွေသော ကုန်ကျစရိတ်တွေကို ကျခံပေးရပြီး ငွေကြေးတတ်နိုင်သူတွေက တတ်နိုင်သ လောက်၊ မတတ်နိုင်သူက မတတ်နိုင်သလောက် ကိုယ့်အသက်သခင်ဟဲ့ဆိုပြီး ပြန်ပြီး ကြည့်ရှုကူညီ ပေးကြတာပါ။

ကျောက်ကပ်လှူဒါန်းမှုဟာ သံဃာတော်တွေက တစ်ဆင့် လူတွေစီ ရောက်လာတဲ့အခါမှာတော့ ဖြူစင်တဲ့ အဖြူရောင်သပ်သပ် စေတနာမှာ အရောင်တွေ စွန်းထင်လာပါတော့တယ်။
တချို့က ခွဲစိတ်တော့မယ်ဆိုတော့မှ ကိုယ့်အိမ်ကို ပိုက်ဆံတွေ ဘာတွေ လွှဲခိုင်းလိုက်တာ။ အဲဒီလို သူတို့အိမ်က ကျန်တဲ့မိသားစုတွေကို ပေးခိုင်းလိုက်တာ။ အဲဒါမျိုးလည်း ရှိကြတယ်။ တချို့ကျတော့လည်း ခွဲပြီးမှ ပေးကြတဲ့သူတွေလည်း ရှိတယ်။ တချို့ကျ ကြိုတင် နည်းနည်းပါးပါး ပေးထားတယ်၊ ပြီးတော့ ထပ်ပေးတယ်။ အဲဒီလိုမျိုးတွေပါပဲ/ ပိုက်ဆံရတဲ့သူတွေကျတော့ ဘာသံမှ မကြားရဘူးပေါ့။ ပြဿနာ မရှိသွားဘူး။ အေးအေးဆေးဆေး ပြီးသွားကြတာ...
“တချို့က ခွဲစိတ်တော့မယ်ဆိုတော့မှ ကိုယ့်အိမ်ကို ပိုက်ဆံတွေ ဘာတွေ လွှဲခိုင်းလိုက်တာ။ အဲဒီလို သူတို့အိမ်က ကျန်တဲ့မိသားစုတွေကို ပေးခိုင်းလိုက်တာ။ အဲဒါမျိုးလည်း ရှိကြတယ်။ တချို့ကျတော့လည်း ခွဲပြီးမှ ပေးကြတဲ့သူတွေလည်း ရှိတယ်။ တချို့ကျ ကြိုတင် နည်းနည်းပါးပါး ပေးထားတယ်၊ ပြီးတော့ ထပ်ပေးတယ်။ အဲဒီလိုမျိုးတွေပါပဲ/ ပိုက်ဆံရတဲ့သူတွေကျတော့ ဘာသံမှ မကြားရဘူးပေါ့။ ပြဿနာ မရှိသွားဘူး။ အေးအေးဆေးဆေး ပြီးသွားကြတာ။ အဲဒါက ကျွန်မ ထင်တယ်။ ငွေတွေ ဘာတွေ တစ်ခါတည်း ပြောပြီးခဲ့လို့ ဖြစ်မှာပေါ့။ ပြီးတော့ လှူတဲ့သူတွေက သံဃာတွေ များတယ်။ ဘုန်းကြီးတွေကတော့ ငွေရေးကြေးရေး ပြောထားတာမျိုး မကြားရဘူး။ ပြီးတော့မှ တတ်နိုင်တဲ့သူတွေ၊ အလှူရှင်တွေ၊ လူနာတွေက ပြန်လှူကြတာ၊ အဲဒီလောက်ပဲ။ တချို့ဆို လေး၊ ငါးသိန်းနဲ့ ပြီးသွားတာ လည်း ရှိတယ်။ တချို့ဆို သိန်း ၇၀၊ ၈၀ အဲဒီ လောက် ပေးတဲ့သူလည်း ကြားတယ်” လို့ မအေးချမ်းက ဆိုပါတယ်။

တကယ်တော့ တစ်ပါးသူအတွက် ကျောက်ကပ်လှူတဲ့သူတွေတိုင်းမှာ အခုလိုမျိုး အရောင်းအ၀ယ် ဆန်ဆန် သဘောမျိုးတွေ ပါဝင်နေတယ်လို့ မဆိုလိုပါဘူး။ မီးမောင်းထိုးပြချင်တာက လှူဒါန်းမှု နောက်ကွယ်မှာ အရောင်းအ၀ယ် ဆန်လာတာတွေကို သတိပေးချင်တာပါ။ ဒီ့အရင် နဂိုကလည်း သွေးလှူပေးမယ်ဆိုတဲ့ စကားလုံးနောက်ကွယ်မှာ အရောင်းအ၀ယ် သဘောမျိုး လုပ်တာတွေက နမူနာ ပြနေတာကြောင့်ပါ။

အလှူလို့ နာမည်ခံထားတဲ့ ကျောက်ကပ် ပေးဆပ်မှုမှာ တချို့သောသူတွေကတော့ မည်၍ မည်မျှ လှူပါမယ်၊ ကန်တော့ပါမယ်ဆိုတဲ့ စကားလုံးလှလှသုံးပြီး ခွဲစိတ်ကုသမှုတွေ မလုပ်ခင် ကြိုတင် ညိုနှိုင်း တာတွေ ရှိသလို၊ ကြိုတင် မညှိနှိုင်းပေမယ့် ဒီလောက်တော့ ပေးလောက်မှာပါဆိုပြီး စိတ်ကူးတွေနဲ့ လှူဒါန်းကြလို့ ပြဿနာတွေ တက်တာလည်း ရှိခဲ့တယ်လို့ မအေးချမ်းက ဆိုပါတယ်။ ဒါပေမဲ့ အခုလို မျိုး ပြဿနာတွေ ဖြစ်ကြတဲ့ထဲမှာ အရပ်သားဘက်က လှူဒါန်းမှုတွေချည်းမှာပဲ တွေ့ရလေ့ ရှိပါတယ်။ တကယ်တော့ အရောင်းအ၀ယ် မတည့်ဘူးလို့ပဲ ဈေးကွက်စကားနဲ့ ဆိုရမှာပါ။

“လူတွေထဲကပဲပေါ့။ လူတွေထဲက ဆိုတာလည်း သိတဲ့အတိုင်းလေ။ မရှိတဲ့သူ၊ အဆင်မပြေတဲ့သူတွေ ကပဲ ဒါတွေကို မျှော်ကိုးပြီးတော့ လုပ်ကြတယ် ထင်တာပါပဲ။ တချို့ကျတော့ ပြောမထားဘူး။ ပြောမထားတော့ ပြီးတော့မှ ပြဿနာတွေ တက်ကြ။ တစ်ယောက်တော့ရှိတယ်။ သူတို့က အစကတော့ လှူမယ်လို့ ပြောပြီးသား။ ဒါပေမဲ့ အလှူခံတဲ့ လူနာက သိန်း ၇၀ ပေးမယ်လို့ သူတို့က စကားကမ်းလှမ်းထားတာ ရှိတယ်တဲ့။ ကောင်မလေးကတော့ ပေးပါလို့ မတောင်းဘူး။ ဒါပေမဲ့ ဒီမှာရောက်တဲ့အခါ ခွဲခါနီးကျတော့ ပြဿနာတွေ၊ ကသိကအောာင့်တွေ ဖြစ်တဲ့အခါကျတော့ သူ့အိမ်ကို ငွေလှမ်းပို့တယ်လို့ ပြောတာပဲ။ အဲဒါတော့ တစ်ယောက်တော့ ရှိတယ်” လို့ မအေးချမ်းက သူမရဲ့ အတွေ့အကြုံတွေကို ပြန်ပြောပြပါတယ်။

မအေးချမ်း ပြောပြနေတာတွေက အလှူဆိုတဲ့ နောက်ကွယ်က အသပြာဖက်လာမှုနဲ့ ဆက်စပ်လို့ သူမ ကြုံရ၊ ဆုံရ၊ သိရသမျှတွေကို ပြန်ပြီး ပြောပြနေတာပါ။

လှူတယ်ပဲ ပြောပြော၊ သဒ္ဒါကြေး တောင်းတယ်ဆိုဆို အရောင်းအ၀ယ်ဆန်လာတဲ့ ကျောက်ကပ် လှူဒါန်းမှု နောက်ကွယ်က ငွေကြေးကိစ္စတွေက ပတ်သက်ဆက်နွှယ်မှုတွေ ရှိနေပါပြီ။ ဒီလိုမျိုး ဖြစ်လာ ခြင်းဟာ နယူးဒေလီမြို့က မြန်မာဒုက္ခသည်တွေ အပြင် မြန်မာပြည်တွင်း နေထိုင်ရင်း အထွေထွေ ကျပ်တည်းမှုတွေ ကြုံလာတဲ့ ပြည်သူတွေအကြား ထွက်ပေါ်တစ်ခု ဖြစ်လာမှာကိုတော့ စိုးရိမ်စေမိ ကြောင်း တင်ပြရင်း ကိုယ်လက်အင်္ဂါရာင်းစားရတဲ့ ဘ၀က လွတ်မြောက်ကြပါစေလို့ ဆုတောင်းရင်း…။

အောင်ထွန်းလင်း (အောက်ချင်းသစ္စာ သတင်းအေဂျင်စီ)

aung7

About aung7 -

Aung Htun Linn.. The Hornbill News Agency.

Subscribe to this Blog via Email :