Monday, August 1, 2016

aung7

ချင်းအမျိုးသား နယ်ချဲ့တော်လှန်ရေးခေါင်းဆောင် ဗိုလ်ကြွန်ဘိခ်ရွာအား ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းအတွက် ကွင်းဆင်းလေ့လာ

တောင်စောင်းပေါ်တွင် တည်ရှိသည် နယ်ချဲ့တော်လှန်ရေးခေါင်းဆောင် ချင်းတိုင်းရင်းသား ဗိုလ်ကြွန်ဘိခ် မွေးဖွားရာ တာရွှန်းကျေးရွာ
Photo by Salai Isaac Khen's Facebook
ဖလမ်း၊ သြဂုတ် ၁

ပြည်နယ်ဖွံ့ဖြိုးရေးအတွက် အထောက်အပံ့ဖြစ်စေမည့် ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း Community Based Tourism – CBT လုပ်ငန်း လုပ်ဆောင်နိုင်ရန်အတွက် နယ်ချဲ့တော်လှန်ရေးခေါင်းဆောင် တစ်ဦးဖြစ်သူ ချင်းတိုင်းရင်းသား ဗိုလ်ကြွန်ဘိခ်၏ မွေးရာဇာတိဖြစ်သည့် ဖလမ်းမြို့နယ်၊ တာရွှန်းကျေးရွာအား ပြည်နယ်အစိုးရအဖွဲ့မှ ကွင်းဆင်းလေ့လာမှုများ ပြုလုပ်လျက် ရှိသည်။

တာရွှန်းကျေးရွာမှာ ဖလမ်းမြို့မှ ကားဖြင့်သွားပါက မိနစ် ၂၀ ခန့်အကွာတွင် တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်းနှင့် သဘာဝပတ်ဝန်းကျင် မပျက်စီးသေးခြင်းများကြောင့် CBT လုပ်ငန်း လုပ်ဆောင်ရန်အတွက် ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။

“ဘာဖြစ်လို့ ရွေးသလဲဆိုတော့ ရွာကလည်း လှတယ်လေ။ တောင်စောင်းလေးမှာ။ နောက်ပြီး မြို့နဲ့လည်း မဝေးဘူး၊ သူက။ ၁၅ မိနစ်၊ မိနစ် ၂၀ လောက်ပဲ သွားရတယ်။ ဆိုတော့ သွားတာ မြန်တယ်၊ နီးတယ်။ ပြီးတော့ ဖလမ်းကနေပြီးတော့ အဲဒီ တာရွှန်းရွာကို ဆင်းတဲ့လမ်းကလည်း တော်တော်လေး ကောင်းတယ်။ အပင်တွေကလည်း ဘာမှ ပျက်စီးမှုတွေ မရှိသေးဘူး။ အဲဒါကြောင့်ပေါ့။ လောလောဆယ်ကတော့ ကျွန်တော်တို့ ကြည့်တာပဲ ရှိသေးတယ်။ အဲဒီရွာမှာ ကြည့်တာပဲ ရှိသေးတယ်။ ဒီဘက် Tourism Agent ဘက်ကကော လေ့လာရဦးမယ်။ သေချာလေ့လာရဦးမယ်။ အခုကတော့ ပဏာမ ကွင်းဆင်းတာပဲ။ ပဏာမကွင်းဆင်းတော့ ရွာသားတွေကတော့ လက်ခံတယ်။ ကျွန်တော်တို့ နောက်ထပ်တစ်ခေါက် ပြန်သွားဦးမယ်။ သွားဦးမယ်ဆိုတာက ကျွန်တော့်ဘက်က လျာထားတာတွေ ရှိသေးတယ်။ ဒါပေမဲ့ ဒီဘက် Tourist Agency တွေဘက်က လုပ်လို့ ရ၊ မရဆိုတာ သူတို့ဘက်က Assessment လုပ်ဦးမှာ” ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က အောက်ချင်းသစ္စာ သတင်းအေဂျင်စီသို့ ပြောသည်။

CBT လုပ်ငန်းအတွက် ဖလမ်းမြို့ တာရွှန်းရွာအပြင် ကန်ပက်လက်နှင့် တီးတိန်တို့တွင်လည်း လုပ်ငန်း အကောင်အထည်ဖော်နိုင်မှု ရှိ၊ မရှိနှင့် ပတ်သက်၍ လေ့လာဆန်းစစ်မှုများပြုလုပ်ရန် နေရာရွေးချယ်ထားပြီး ဖြစ်ကာ အစိုးရအဖွဲ့အနေဖြင့် လာမည့် ခြောက်လတာ ကာလအတွင်း နိုင်နိုင်နင်းနင်း လုပ်ဆောင်လိုခြင်းကြောင့် နေရာသုံးခုကိုသာ ရွေးချယ်ထားခြင်း ဖြစ်သည်။

“လောလောဆယ်က ဆလောင်းမှာတော့ စနေပြီပေါ့နော်။ နောက် တီးတိန်ဘက်က လိုင်လုံ။ လိုင်လုံမှာတော့ ကျွန်တော် ရွာကို မဆင်းသေးဘူး။ အကြမ်းဖျဉ်း ကျွန်တော်တို့ Assessment လုပ်ကြည့်တာ။ လောလောဆယ် ဒီခြောက်လမှာတော့ သုံးခုပဲ စဉ်းစားနေပါတယ်။ ကျွန်တော်တို့ နိုင်နိုင်နင်းနင်းလည်း လုပ်ချင်တယ်။ ကန်ပက်လက်မှာ တစ်ခုရယ်၊ ဖလမ်းမှာ တစ်ခုရယ်။ နောက်ပြီးတော့ တီးတိန်မှာပေါ့။ ဒါကလည်း ဖြစ်နိုင်တဲ့နေရာတွေပေါ့။ လွယ်လွယ်ကူကူ သွားလာလို့ရတဲ့ နေရာတွေ။ တစ်ခုရှိတာတော့ ဖလမ်းကတော့ တီးတိန်နဲ့ ဖလမ်း တွဲတာပေါ့။ ဘာလို့လဲဆိုတော့ တီးတိန်ပဲ ဖြစ်ဖြစ်၊ ဖလမ်းပဲ ဖြစ်ဖြစ် လာဖို့အတွက်ကျတော့ လေကြောင်းနဲ့ပဲ လာလို့ရတယ်။ နောက်ပြီး ရန်ကုန်-ကလေးကို တက်ရတယ်။ ရန်ကုန်-ကလေး သွားပြီးတော့မှပဲ တက်ရတာဆိုတော့ ကျွန်တော်တို့ ပုဂံသွားသလောက်တော့ မလွယ်ဘူး။ အဲဒီတော့ ကျွန်တော်က အနည်းဆုံး Option နှစ်ခု ယူလိုက်တာပေါ့။ တီးတိန်တင် မဟုတ်ဘဲနဲ့၊ လိုင်ဇိုးလည်း မဟုတ်ဘဲနဲ့ ဖလမ်း တာရွှန်း တွဲလိုက်တာ။ ဘာလို့ဆိုတော့ သုံးရမယ့်လမ်းက ကလေး တစ်လမ်းပဲ ဖြစ်နေတယ်” ဟု ၀န်ကြီး ဆလိုင်းအိုက်ဇက်ခင်က ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရအဖွဲ့၏ ရက် ၁၀၀ စီမံကိန်းအတွင်း လူထုအခြေပြု ခရီးသွားလုပ်ငန်း မြှင့်တင်ရေးလုပ်ငန်းလည်း ပါဝင်ကာ ကချင်၊ အင်းတော်ကြီးကန်အနီးရှိ ကျေးရွာများ၊ ကရင်၊ သံတောင်စသည့် ဒေသများအပါအ၀င် ဒေသခြောက်ခုတွင် ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း CBT ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနဘက်မှ ကြေညာထားသေးသည်။

လတ်တလောတွင် ရှမ်းပြည်နယ် ပအိုဝ်းဒေသ လွယ်ခေါ်၊ အင်းနီ၊ ထီနဲ့နှင့် ကက္ကူကျေးရွာ၊ မကွေးတိုင်း ပခုက္ကူခရင် မြိုင်မြို့နယ် ကန်တော်ကြီး (၁)၊ ကန်တော်ကြီး (၂)၊ ဆူလီပန်းနှင့် အင်းရောင်းကျေးရွာ၊ မန္တလေးတိုင်း မင်းကွန်းနှင့် ကျောက်မြောင်းရွာအကြားရှိ ဆင်ကျွန်း၊ အေးကျွန်း၊ စိန်ပန်းကုန်း၊ မြေစွန်းကျွန်း၊ မြစ်ကမ်းကြီး၊ ဆည်သည်ကျေးရွာ စသည့် ဒေသများတွင်လည်း ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းများ စတင်လုပ်ဆောင်နေပြီ ဖြစ်သည်။

“လူထုအခြေပြုခရီးစဉ်ဟာ အချိန်တို အတွင်း ပြည်သူလူထုကိုတိုက်ရိုက် အကျိုးကျေးဇူးရှိစေတာရယ်၊ ရပ်ရွာလူ ထုနဲ့ကမ္ဘာလှည့်ခရီးသည်တွေ တိုက်ရိုက်ထိတွေ့ရတဲ့ ခံစားမှုရရှိစေတာရယ်၊ လူထုအဆင့် ဒေသရဲ့ပကတိအခြေအနေတွေကို အနီးကပ် သိရှိခွင့်ရရှိစေ တာရယ်၊ ဒေသဖွံ့ဖြိုးမှုရရှိစေပြီး တစ်ဦးချင်း လူနေမှုအဆင့်အတန်း တိုးတက်မြင့်မားလာစေတာရယ်ကြောင့် ဒီလူထုအခြေပြုခရီးစဉ် ကို ရွေးချယ်ပြီး ရက်ပေါင်း ၁၀၀ အတွင်း တွန်းအားပေးဆောင်ရွက်နေ တာဖြစ်ပါတယ်” ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ပြောဆိုထားဖူးသည်။

ခရီးသွားလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် သဘာဝရေခံမြေခံကောင်းများ ရှိသည့် ချင်းပြည်နယ်တွင် CBT လုပ်ငန်းများ အောင်မြင်စွ လုပ်ကိုင်နိုင်မည်ဆိုပါက ပြည်နယ်ပြင်ပ ဒေသများနှင့် ကူးလူးဆက်ဆံမှုများလည်း တိုးတက်လာနိုင်မည့်အပြင် ဒေသခံများအတွက် အကျိုးဖြစ်ထွန်းစေနိုင်မည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့က ယုံကြည်ထားသည်။

“အထူးသဖြင့်က ကျွန်တော်တို့က Outside နဲ့ Connectivity ပေါ့။ ကျွန်တော်တို့ ပြည်နယ်ပြင်ပနဲ့ ထိတွေ့မှု ရှိလာမယ်။ အဲဒီကနေပြီးတော့ Community Finance ၊ Community အတွက် လိုအပ်တဲ့၊ ရပ်ရွာနဲ့ဆိုင်တဲ့ ရန်ပုံငွေတွေ ကျွန်တော်တို့ ရလာတယ်။ အဲဒီလို ရလာခြင်းအားဖြင့် ရပ်ရွာထဲမှာ လိုအပ်တဲ့ ပညာရေး၊ ကျန်းမာရေးကိစ္စတွေ လုပ်နိုင်မယ်။ ချင်းပြည်နယ်က နိုင်ငံတော်ဘက်ဂျက်တစ်ခုတည်းနဲ့ပဲ၊ အစိုးရ (ဗဟို) ဘက်ဂျက်တစ်ခုတည်းနဲ့ပဲ သွားလို့ မရဘူး။ နောက်ထပ် အပိုဝင်ငွေတွေ ရှာနိုင်တဲ့ဟာမျိုး လုပ်ဖို့ လိုတယ်။ ဆိုတော့ အဲဒီနေရာမှာ ကျွန်တော်တို့က CBT ကို နည်းလမ်းတစ်ခုအနေနဲ့ ရွေးထားတာပေါ့” ဟု ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က အောက်ချင်းသစ္စာ သတင်းအေဂျင်စီသို့ ပြောသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ

aung7

About aung7 -

Aung Htun Linn.. The Hornbill News Agency.

Subscribe to this Blog via Email :